မာဘယ်သရုပ်ဆောင် Jonathan Majors ရည်းစားဟောင်းကို လက်ပါမှုနဲ့အပြစ်ရှိကြောင်း တွေ့ရှိ

Celebrity International News
မာဘယ်သရုပ်ဆောင် Jonathan Majors ရည်းစားဟောင်းကို လက်ပါမှုနဲ့အပြစ်ရှိကြောင်း တွေ့ရှိ

အမေရိကန်သရုပ်ဆောင် ဂျွန်နသန် မေဂျာစ်ဟာ တစ်ချိန်က ရည်းစားဟောင်းကို ကိုယ်ထိလက်ရောက်မှုနဲ့ နယူးယောက်မြို့က တရားရုံးကြားနာမှုတစ်ခုအတွင်း ဆုံးဖြတ်ခံလိုက်ရပါတယ်။

မာဘယ်ရုပ်ရှင်တွေမှာ ခန်အနေနဲ့ သရုပ်ဆောင်တာကြောင့် လူသိများတဲ့ မေဂျာစ်ဟာ ဗြိတိသျှ ကကွက်ဖန်တီးသူ ရည်းစားဟောင်း ဂရေ့စ် ဂျာဘာရီကို မတ်လတုန်းက အငြင်းအခုန်ဖြစ်တဲ့ဖြစ်ရပ်တစ်ခုအတွင်းမှာ တိုက်ခိုက်ခဲ့တယ်ဆိုပြီး ဂျူရီ လူကြီးမင်းတွေက တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဂရေ့စ် ဂျာဘာရီကတော့ သူ့ရဲ့ ဘယ်ဘက်လက်ချောင်းတစ်ချောင်း အရိုးအက်သွားခဲ့ပြီး အညိုအမည်းစွဲတာနဲ့ နားတစ်ဖက်နောက်ကျောမှာ ပြတ်ရှရာဖြစ်ခဲ့တာကြောင့် နာကျင်မှုဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားခဲ့ရတယ်လို့ တရားခွင်မှာပြောထားပါတယ်။

အသက် ၃၄ နှစ်အရွယ် မေဂျာစ်ဟာ ထောင်ဒဏ်တစ်နှစ်ရင်ဆိုင်ရမှာဖြစ်သလို ဆက်လက်ရိုက်ကူးဖို့ရှိတဲ့ မာဘယ် ရုပ်ရှင်တွေမှာ သရုပ်ဆောင်ဖို့လည်း ပယ်ချခံလိုက်ရပြီဖြစ်ပါတယ်။

အဖွဲ့ဝင် ၆ ဦးပါဝင်တဲ့ဂျူရီ လူကြီးမင်းတွေက ၃ ရက်ကြာ စဥ်းစားချင့်ချိန်ပြီးနောက်မှာ နောက်ဆုံး ဆုံးဖြတ်ချက်ကို ချခဲ့ကြတာဖြစ်ပါတယ်။

ဂျူရီအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို တရားရုံးက ဖတ်ကြားနေချိန်မှာတော့ မေဂျာစ်ဟာ နှုတ်ခမ်းကိုစေ့၊ ခေါင်းကို ငုံ့ပြီး တစုံတရာတုံ့ပြန်ခဲ့တာမရှိခဲ့ဘူးလို့ တရားခွင်ထဲရောက်နေတဲ့သတင်းထောက်တွေ က ပြောပါတယ်။

အမှုဆုံးဖြတ်ချက်ပြီးတဲ့နောက်မှာတော့ မာဘယ်စတူရီယိုအတွက် ပြောခွင့်ရသူကတော့ အနာဂတ်ရုပ်ရှင်တွေမှာ မေဂျာစ်နဲ့ လက်တွဲလုပ်တော့မှာမဟုတ်ဘူးလို့ ပြောပါတယ္။

အခုရာဇဝတ်မှုဟာ မေဂျာစ်နဲ့သူ့ရည်းစားတို့စုံတွဲ နယူးယောက်မြို့က ကားတစ်စီးအတွင်းမှာဖြစ်ခဲ့ တာဖြစ်ပြီး တခြားအမျိုးသမီးတစ်ယောက်က ‘’ ကျွန်မ ရှင့်ကို နမ်းချင်ခဲ့မိတယ်’’ လို့ဆိုပြီး ပို့ထားတဲ့စာတို မက်ဆေ့ကို မစ္စဂျာဘာရီက မေဂျာစ်ရဲ့ ဖုန်းထဲမှာ တွေ့ခဲ့တာဖြစ်ပါတယ်။

တနင်္လာနေ့ တရားရုံးကြားနာမှုကို တက်လာတဲ့မေဂျာစ် ဓာတ်ပုံ

အစိုးရရှေ့နေတွေအပြောအရ သူမက အဲဒီဖုန်းကို ယူလိုက်အချိန်မှာ မေဂျာစ်ဟာ သူမကို ဖမ်းချုပ်ပြီး လက်မောင်းကို ကျောဘက်လိမ်လှည့်ကာ ခေါင်းကို ရိုက်ရင်း ဖုန်းပြန်ပေးဖို့ တောင်းခဲ့တယ်လို့ ဆိုပါတယ်။

‘‘ခေါင်းထဲမှာ ကြယ်တွေ လတွေ မြင်သလိုဖြစ်သွားခဲ့တယ်’’ လို့ မစ္စ ဂျာဘာရီက တရားခွင်မှာ ထုတ်ပြောပါတယ်။

ဂျူရီအဖွဲ့ကတော့ မေဂျာစ် စွပ်စွဲခံထားရတဲ့ အိမ်တွင်းအကြမ်းဖက်မှု အမှု ၄ ခုထဲက ၂ ခုမှာ အပြစ်ရှိကြောင်း တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ရုပ်ပိုင်းထိခိုက်ဒဏ်ရာရစေတဲ့ အဆင်ခြင်မဲ့ပြု ကိုယ်ထိလက်ရောက်မှုနဲ့ အပြစ်ရှိကြောင်းတွေ့ခဲ့တာဖြစ်သလို ထိပါးစော်ကားမှုနဲ့လည်း အပြစ်ရှိကြောင်း ဆုံးဖြတ်ခံရတာဖြစ်ပါတယ်။

ဒါပေမဲ့ ဂျူရီအဖွဲ့ကတော့ သူ့ကို စွပ်စွဲထားတဲ့ ဆိုးဆိုးရွားရွားကိုယ်ထိလက်ရောက်မှုနဲ့ လူထိခိုက်မှုဖြစ်စေအောင်ရည်ရွယ်ချက်နဲ့တိုက်ခိုက်မှုဆိုတဲ့အမှုတွေအတွက်တော့ အပြစ်ရှိကြောင်း မဆုံးဖြတ်ခဲ့ပါဘူး။

တရားစွဲဆိုမှုကတော့ အခုကိုယ်ထိလက်ရောက်မှုဟာ မေဂျာစ်ဟာ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကနေတဆင့် သူ့ရည်းစားအပေါ် ‘’ထိန်းချုပ်ဖို့’’ကြိုးပမ်းမှုတွေထဲမှာ နောက်ဆုံးဖြစ်ပျက်ခဲ့တဲ့အရှိန်အမြင့်ဆုံး ဖြစ်စဥ်လို့ ရည်ညွှန်းခဲ့ပါတယ်။ မေဂျာစ်တို့စုံတွဲရဲ့ အရင်တုန်းက ဖမ်းထားတဲ့အသံတွေနဲ့ မက်ဆေ့တွေကိုလည်း ရှေ့နေတွေက ဂျူရီအဖွဲ့ကို မျှဝေ ကြည့်ရှု နားထောင်ခွင့်ပေးခဲ့ပါတယ်။

‘’ငါဟာ မကောင်းဆိုးရွားဖြစ်တယ်။ ဆိုးဝါးတယ်။ အချစ်ဆိုတာ မစွမ်းနိုင်ဘူး’’ လို့ မေဂျာစ်က သူ့ကိုယ်သူthet thayမယ်လို့ ပြောရင်း ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက ပေးပို့ခဲ့တဲ့ မက်ဆေ့မှာ ရေးသားခဲ့ပါတယ်။

၂၀၂၁ ခုနှစ် လန်ဒန်ဖက်ရှင်သီတင်းပတ်မှာမြင်တွေ့ရတဲ့ ဂရေ့စ် ဂျာဘာရီဟာ Ant-Man and the Wasp ရုပ်ရှင်အတွက် လှုပ်ရှားမှုပိုင်းကို နည်းပြလုပ်ခဲ့သူဖြစ်ပါတယ်

အဲဒီတစ်လတည်းမှာတင်ဖြစ်ပွားတဲ့ အငြင်းအခုန်ဖြစ်မှုမှာ ပြောထားတဲ့အသံအရ မေဂျာစ်ဟာ ဂရေ့စ် ဂျာဘာရီကို အမေရိကန်သမ္မတကတော်ဟောင်း အိုဘားမားလို၊ မာတင်လူသာကင်းရဲ့ဇနီး ခိုရက်တာ စကော့ကင်းလို သရုပ်ဆောင်ပြောဆိုဖို့ ပြောခဲ့ပါတယ်။

‘‘ငါက တကယ့်ခမ်းနားတဲ့အရာတွေကိုလုပ်မှာ။ အဲဒါက ငါ့ ယဥ်ကျေးမှုအတွက်တင်မဟုတ်ဘူး တစ်ကမ္ဘာလုံးအတွက် လုပ်မှာ’’ လို့ သူကပြောပြီး ဂရေ့စ်အနေနဲ့ သူ့အတွက် ‘‘စွန့်လွှတ်မှုတွေ’’ လုပ်ဖို့ လိုအပ်တယ်လို့လည်း ပြောထားပါတယ်။

မေဂျာဟာ အစစ်မခံခဲ့ပါဘူး။ သူ့ရှေ့နေကတော့ သရုပ်ဆောင်ဟာ ခံရသူဖြစ်တယ်လို့ ချေပပြီး မစ္စ ဂျာဘာရီဟာ ကားထဲမှာ ဖုန်းထဲက မက်ဆေ့ကိုတွေ့ပြီးတဲ့နောက်မှာ မနာလိုတဲ့ဒေါသဖြစ်ခဲ့တာလို့ ပြောပါတယ်။

သုံးကားမြောက် Creed ရုပ်ရှင်ကားမှာ သရုပ်ဆောင်ထားတဲ့ မေဂျာစ်ကတော့ ဇွန်လမှာပဲ ဂရေ့စ် ကို ပြန်လည် တရားစွဲဆိုခဲ့ပါတယ်။ ဒေါသစွက်သူက ဂရေ့စ် ဖြစ်တယ်လို့ စွပ်စွဲခဲ့တာဖြစ်ပေမဲ့ အစိုးရရှေ့နေတွေကတော့ သက်သေမခိုင်လုံဘူးဆိုတဲ့အချက်ကြောင့် ဂရေ့စ် ကို တရားစွဲဆို မှုကို ပယ်ချခဲ့ ပါတယ်။

ပြစ်ဒဏ်ချမှတ်တာကိုတော့ ဖေဖော်ဝါရီလမှာ ပြုလုပ်မှာဖြစ်ပါတယ်။ တရားသူကြီးကတော့ မေဂျာစ်အနေနဲ့ မစ္စဂျာဘာရီနဲ့အဆက်အသွယ်မလုပ်ဖို့ အကာအကွယ်အမိန့်အသစ်တစ်ခု ထုတ်ပြန်ပါတယ်။

သူမဟာ အခုအပြစ်ရှိကြောင်းဆုံးဖြတ်ချက်ကို ‘‘တရားမျှတမှုပေါ်လာတဲ့အတွက်’’ ကျေးဇူးတင်ကြောင်း ရှေ့နေက ပြောပြီး တခြားချိုးဖောက်ခံအမျိုးသမီးတွေလည်း လူရှေ့ ထွက်ပြောလာကြဖို့ အားဖြစ်စေလိမ့်မယ်လို့လည်း ပြောပါတယ်။

‘‘သူစိတ်ဒဏ်ရာရစရာဖြစ်ရပ်တွေကြုံရပေမဲ့ မစ္စ ဂျာဘာရီဟာ လူသိရှင်ကြား မှန်မှန်ကန်ကန် စစ်ဆေးခံခဲ့ပါတယ်’’လို့ ရှေ့နေ ရော့စ် ခရာမာကို ဘီဘီစီသတင်းဌာနကို စာနဲ့ ပြန်လည်တုံ့ပြန်ပါတယ်။

ကိုယ်ထိလက်‌ရောက်မှုဖြစ်ပွားချိန်ကို လုံခြုံရေးကင်မရာကနေ ရိုက်ကူးထားတဲ့ရုပ်သံကို ဂျူရီလူကြီးမင်းအဖွဲ့တွေကြည်ရှုခဲ့

မေဂျာစ်ရဲ့ရှေ့နေတစ်ဦးကတော့ တရားရေးအဖွဲ့ က ဂျူရီလူကြီးမင်းတွေဟာ သူတို့အမှုသည် မေဂျာစ် က မစ္စ ဂျာဘာရီကို ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာရဖို့ ဖြစ်စေတဲ့အထိ မရည်ရွယ်ခဲ့ဘူးဆိုတာကို ဂျူရီ လူကြီးမင်းအဖွဲ့က တွေ့ရှိခဲ့တဲ့အတွက် ‘’ကျေးဇူးတင်’’ ကြောင်း ထုတ်ပြန်ချက်တစ်ခုမှာ ပြောပါတယ်။

‘’မစ္စတာ မေဂျာစ်က ဘုရားသခင်၊ သူ့မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ သူ့ပရိသတ်တွေကို သူတို့ရဲ့မေတ္တာနဲ့ ထောက်ခံမှုတွေကို ဒီ ၈ လအတွင်းပြသခဲ့ကြတာကြောင့် ကျေးဇူးတင်ပါတယ်’’ လို့ ရှေ့နေ ပရီယာ ချောင်ဒရီက ပြောပါတယ်။

‘’မစ္စတာ မေဂျာစ်ဟာ တရားရေးလုပ်ငန်းစဥ်ကို ယုံကြည်မှုရှိနေပါသေးတယ်။ သူ့နာမည် ရှင်းအောင် ပြည့်ပြည့်ဝဝလုပ်နိုင်ဖို့လည်း မျှော်လင့်ပါတယ်’’

ရာဇဝတ်မှုတွေကို တရားရုံးတင်ခဲ့တဲ့ မက်ဟန်တန်ခရိုင် ရှေ့နေ အယ်လ်ဘင်း ဘရက်ကတော့ သရုပ်ဆောင်မင်းသားလုပ်ခဲ့တဲ့ စိတ်ပိုင်းနဲ့ရုပ်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေဟာ ‘’ကျွန်တော်တို့ နေ့တိုင်းကြုံနေရတဲ့ စုံတွဲတွေကြားဖြစ်ကြတဲ့အကြမ်းဖက်မှုတွေနဲ့ယှဥ်လာရင် ပုံမှန်ဖြစ်လွန်းတာနဲ့ ဝေးလှပါတယ်’’ လို့ ပြောပါတယ်။

မစ္စ ဂျာဘာရီဟာ မေဂျာစ်ကို သူ လှုပ်ရှားမှုနည်းပြအဖြစ်တာဝန်ယူခဲ့တဲ့ Ant-Man and the Wasp: Quantumania ရုပ်ရှင်ရိုက်ကွင်းမတိုင်ခင် ၂ နှစ်မှာ တွေ့ခဲ့ပါတယ်။

ဖမ်းဆီးခံရမှုဖြစ်ပြီးတဲ့နောက်မှာပဲ မာဘယ်ဟာ မေဂျာစ် ပင်မဗီလိမ် Avengers: The Kang Dynasty ရုပ်ရှင်ကား ဖြန့်ချိတဲ့ကာလကို ၂၀၂၆ ခုနှစ်နောက်ပိုင်းအထိ နောက်ဆုတ်လိုက်ပါတယ်။

အော်စကာ ရုပ်ရှင် ထူးချွန်ဆု ဆန်ကာတင်စာရင်းဝင်မယ်လို့ သုံးသပ်ခံရတဲ့ နောက်ထပ်ရုပ်ရှင်တစ်ကား Magazine Dreams ကိုတော့ အခုစွပ်စွဲချက်တွေ ထွက်လာအပြီးမှာ ဖြန့်ချိဖို့ ဆိုင်းငံ့ထားပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။