ဟောက်တတ်တဲ့သူဆိုရင် အိပ်စက်တဲ့ပုံစံအနေအထားကို ဂရုစိုက်ပါ

Health Knowledge
ဟောက်တတ်တဲ့သူဆိုရင် အိပ်စက်တဲ့ပုံစံအနေအထားကို ဂရုစိုက်ပါ

ကျွန်တော်တို့တွေ တစ်ယောက်နဲ့တစ်ယောက် အိပ်စက်တဲ့ပုံစံအနေအထား တူတာလည်းရှိသလို မတူတာလည်းရှိပါတယ်။ တချို့က ဘေးတ‌စောင်းအနေအထားနဲ့မှ အိပ်ရတာ သက်တောင့်သက်သာရှိကြပြီး တချို့ကတော့ မောက်လျက်အနေအထားနဲ့ အိပ်တတ်ကြတာပါ။ အိပ်စက်တဲ့အနေအထားက သင့်ရဲ့အိပ်စက်ချိန်ကိုလည်း သက်ရောက်မှုရှိတဲ့အပြင် သင့်အသက်ရှုခြင်းကိုလည်း သက်ရောက်မှုရှိပါတယ်။ ဒါကြောင့် ဟောက်တတ်တဲ့သူတွေက သူတို့ရဲ့အိပ်စက်တဲ့ပုံစံအနေအထားနဲ့ပတ်သက်ပြီး ဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။ ညဘက်တွေမှာ အဲဒီလိုလူတွေအတွက် ဒုက္ခဖြစ်စေနိုင်တဲ့ အိပ်စက်တဲ့ပုံစံအနေအထားတစ်မျိုးရှိပါတယ်။

လေ့လာချက်တွေအရ ကမ္ဘာတစ်ဝှမ်းက လူပေါင်း (၂) ဘီလျံလောက်က အိပ်ရင် ဟောက်တတ်တယ်လို့ သိရပါတယ်။ လူအများစုက ဒီအခြေအနေကို သာမန်အိပ်စက်ခြင်းအလေ့အထအနေနဲ့ သတ်မှတ်ထားကြပါတယ်။ တကယ်တော့ အလွန်အမင်းဟောက်တာက သွေးဖိအားများတာ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ နှလုံးရောဂါလို့ နှလုံးနဲ့သွေးကြောဆိုင်ရာ ရောဂါတွေဖြစ်နိုင်ခြေများလာနိုင်ပါတယ်။ လည်ချောင်းနဲ့ နှာခေါင်းဆိုင်ရာ လမ်းကြောင်းတွေက အိပ်တဲ့အချိန် အသက်ရှုရင် ရှုပ်ထွေးတဲ့ လေစီးကြောင်းကနေ တုန်ခါလာတဲ့အခါ လူတစ်ယောက်က ဟောက်လာရတာဖြစ်ပါတယ်။

လျှာရဲ့အနေအထားကလည်း ဟောက်တာကို ဖြစ်စေနိုင်ပါတယ်။ နှာခေါင်းပိတ်တဲ့အခြေအနေတွေမှာလည်း ညဘက် ဟောက်တာက ဆိုးရွားလာနိုင်ပါတယ်။
ဟောက်တတ်တဲ့သူတွေက ဘယ်လို အိပ်စက်တဲ့ပုံစံအနေအထားကို ရှောင်ရမလဲ
ဟောက်တာက ပက်လက်အနေအထားနဲ့အိပ်တဲ့သူတွေမှာ ပိုပြီးအဖြစ်များပါတယ်။

လေလမ်းကြောင်းက အတွင်းဘက်နဲ့အပြင်ဘက်အကြောင်းအရင်းတွေကြောင့် ယိုယွင်းလာနိုင်ခြေများတဲ့အတွက်ကြောင့်ဖြစ်ရတာပါ။ ပက်လက်လှန်အိပ်ရင် လျှာက လည်ချောင်းနားကို သွားပိတ်နေသလိုဖြစ်ပြီး လေဝင်ပေါက်ကျဉ်းသွားတတ်တာကြောင့် ဟောက်တာဖြစ်ပါတယ်။ ဒါကြောင့် ဘေးတစောင်းအိပ်တာက အသက်ရှုရတာပိုကောင်းပြီး ညဘက်မှာ ကောင်းကောင်းအိပ်စက်ရနိုင်မှာဖြစ်ပါတယ်။

ဘေးတစောင်းအနေအထားနဲ့အိပ်တာက ဟောက်တတ်တဲ့သူတွေအတွက် ပိုကောင်းတယ်ဆိုတာ သိပြီဆိုတော့ သင် စပြီးအိပ်တာနဲ့ ဘေးတစောင်းအိပ်တတ်အောင် လေ့ကျင့်ဖို့က စိန်ခေါ်မှုတစ်ခုလိုဖြစ်လာပါပြီ။ သင် အိပ်ရာထဲ ဝင်တာနဲ့ ဘေးတစောင်းအနေအထားအတိုင်း အိပ်ဖို့လုပ်လို့ရပေမဲ့ အိပ်မောကျသွားတဲ့အခါမှာတော့ အကျင့်ဖြစ်နေတဲ့ အိပ်စက်တဲ့အနေအထားပြောင်းလဲသွားတာကိုတော့ ထိန်းချုပ်ဖို့ ခက်ခဲပါလိမ့်မယ်။

ဒါပေမဲ့ ဘေးတစောင်းအိပ်တတ်တဲ့အလေ့အကျင့်ဖြစ်အောင်တော့ လေ့ကျင့်ပေးသင့်ပါတယ်။ တရေးနိုးတဲ့အချိန် ပက်လက်အနေအထားဖြစ်နေရင် ချက်ချင်းပြောင်းလိုက်ပါ။ အိပ်စက်အနေအထားကို ထိန်းပေးနိုင်တဲ့စက်ပစ္စည်းတွေလည်း ဝယ်ယူလို့ရပါတယ်။

ပက်လက်လန်ပြီး မအိပ်မိဖို့အတွက် ဈေးသိပ်မကြီးတဲ့နည်းတစ်နည်းတော့ရှိပါတယ်။ သင် လုပ်ပေးရမှာက သင့်နောက်ကျောကို တင်းနစ်ဘောလုံးတစ်လုံးနဲ့ တွဲချည်ထားဖို့ပါပဲ။ နောက်ကျောမှာ ဘောလုံးခုနေတဲ့အတွက် သက်တောင့်သက်သာဖြစ်သလိုမခံစားရတဲ့အတွက် ပက်လက်လန်ပြီးမအိပ်တော့ပဲ ဘေးတစောင်းအနေအထားနဲ့ အိပ်သွားစေပါလိမ့်မယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။