ပါလက်စတိုင်းဒုက္ခသည်တွေအတွက် နိုင်ငံတချို့ အလှူငွေဆိုင်းငံ့

International News
ပါလက်စတိုင်းဒုက္ခသည်တွေအတွက် နိုင်ငံတချို့ အလှူငွေဆိုင်းငံ့

UNRWA အဖွဲ့ ဂါဇာဒေသက ပါလက်စတိုင်းပြည်သူတွေအတွက် ဂျုံတွေ ဖြန့်ဖြူးပေးနေ

UNRWA ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီအဖွဲ့က ရန်ပုံငွေတွေ ထပ်မရဘူးဆိုရင် အရှေ့အလယ်ပိုင်းဒေသတွင်းမှာ သူတို့ရဲ့ လုပ်ငန်းတာဝန်တွေကို ဖေဖော်ဝါရီလနောက်ပိုင်း ဆက်လုပ်နိုင်တော့မှာ မဟုတ်ဘူးလို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

အောက်တိုဘာလ ၇ ရက် တိုက်ခိုက်မှုမှာ UNRWA ဝန်ထမ်းတွေ ပါဝင်ပတ်သက်ခဲ့တယ်ဆိုတဲ့ အစ္စရေး အစိုးရရဲ့ စွပ်စွဲပြောဆိုမှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ဂျာမနီ၊ ပြင်သစ်၊ အမေရိကန်နဲ့ ယူကေအပါအဝင် နိုင်ငံတွေက အလှူငွေတွေကို ရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။

ဂါဇာပြည်သူတွေကို တခြားနည်းတွေနဲ့ ကယ်ဆယ်ရေး အကူအညီတွေ ထောက်ပံ့နိုင်ဖို့ ဂျာမနီအစိုးရက သုံးသပ်နေတယ်လို့ ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ကုလသမဂ္ဂ အဖွဲ့ကို ရန်ပုံငွေ ဆိုင်းငံ့လိုက်တာဟာ ဆင်ခြင်တုံတရားမဲ့တဲ့ လုပ်ရပ် ဖြစ်တယ်လို့ နော်ဝေးဒုက္ခသည်များ ကောင်စီ အကြီးအကဲ ယန် အက်ဂ်လန် က ဘီဘီစီကို ပြောပါတယ်။

ဂါဇာဒေသနဲ့ တခြားဒေသတွေမှာ ရှိတဲ့ ပါလက်စတိုင်းပြည်သူ သိန်းပေါင်းများစွာဟာ UNRWA အဖွဲ့အပေါ် မှီခိုအားထားနေကြရတာ ဖြစ်ပါတယ်။

ဂါဇာမှာ အစ္စရေးစစ်တပ်က ပြင်းထန်တဲ့ ထိုးစစ်ဆင်မှုတွေ လုပ်နေ

ခန်းယူနစ်စ်မြို့နားတဝိုက်မှာလည်း အစ္စရေးစစ်တပ်က မြေပြင်ထိုးစစ်ဆင်မှုတွေ လုပ်ခဲ့

အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်ဒေသတဝန်းမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ပြင်းထန်တဲ့ ထိုးစစ်ဆင်မှုတွေ လုပ်ခဲ့ရာမှာ ပါလက်စတိုင်း thayနတ်သမား ဒါဇင်ပေါင်းများစွာကို ချေမှုန်း သုတ်သင်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

ခန်းယူနစ်စ်မြို့နားတဝိုက်က နေရာတွေမှာ အစ္စရေးမြေပြင်တပ်ဖွဲ့တွေက တိုက်ခိုက်မှု အများအပြား လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဂါဇာဒေသ အလယ်ပိုင်းမှာလည်း တင့်ကားတွေပါဝင်တဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေအတွင်း နောက်ထပ် သေနတ်သမားတွေကို ချေမှုန်းသုတ်သင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဂါဇာစီတီးမှာလည်း လေကြောင်းတိုက်ခိုက်မှုတွေ ရှိခဲ့ပြီး မြေအောက်လိုဏ်ဂူတွေနဲ့ တင့်ကားပစ် စခန်းနေရာတွေက ထိခိုက်ပျက်စီးခဲ့ပါတယ်။

အစ္စရေးရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် လောလောဆယ် ပါလက်စတိုင်း ၂၆,၀၀၀ ကျော် thayဆုံးခဲ့ရပြီး ဖြစ်တယ်လို့ ဂါဇာဒေသက ဟားမတ်စ်အဖွဲ့ရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

အပစ်အခတ် ရပ်ဆိုင်းထားဖို့နဲ့ ဟားမတ်စ်အဖွဲ့ ထိန်းသိမ်းထားဆဲဖြစ်တဲ့ အစ္စရေး ဓားစာခံတွေ ပြန်လွတ်လာရေး ညှိနှိုင်း ပြောဆိုမှုတွေကို ဒီသီတင်းပတ်မှာ ဆက်လုပ်မယ်လို့ မျှော်လင့်ရပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။