သီရိလင်္ကာမှာ အယူသည်း ဘုန်းတော်ကြီးကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ်လေးနှစ် ချ

International News
သီရိလင်္ကာမှာ အယူသည်း ဘုန်းတော်ကြီးကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ်လေးနှစ် ချ

ဗုဒ္ဓအာဏာအင်အားစုကို ဦးဆောင်သူ အရှင် နာနာစာရ

သီရိလင်္ကာက ထင်ရှားတဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတပါးကို မွတ်ဆလင် လူနည်းစုတွေအပေါ် အမုန်းတရား ဖြန့်ဝေမှုအတွက် တရားရုံးချုပ်က အလုပ်ကြမ်းနဲ့ ထောင်ဒဏ်လေးနှစ် ချမှတ်ခဲ့ပါတယ်။

အရှင်ဂလာဂိုဒါ နာနာစာရဟာ ၂၀၁၆ က သတင်းစာရှင်းလင်းပွဲတခုမှာ အစ္စလာမ်ဘာသာနဲ့ ပတ်သက်ပြီး အပုပ်ချ ပြောဆိုပြီး မွတ်ဆလင်တွေကို နစ်နာစေခဲ့ကြောင်း ကိုလံဘိုမြို့ တရားရုံးချုပ်က ပြောပါတယ်။

ဒီအတွက် ဘုန်းကြီးကို ထောင်လေးနှစ်အပြင် ဒဏ်ငွေရူပီး တသိန်း ဒဏ်တပ်ခဲ့ပါတယ်။ ချက်ချင်း အကျဉ်းထောင်ပို့ခဲ့တာပါ။

ဗုဒ္ဓအာဏာအင်အားစု BBS ကို ဦးဆောင်သူ အရှင် နာနာစာရ မထေရ်ဟာ လွန်ခဲ့တဲ့ ရှစ်နှစ်က အစ္စလာမ်ဘာသာကို ပုတ်ခတ် အသရေဖျက်မှုကြောင့် ဘာသာရေး ညီညွတ်မှုကို ထိပါးတယ်ဆိုပြီး ထောင်ချခံရတာ ဖြစ်ပါတယ်။

အရှင် နာနာစာရက မွတ်ဆလင်အသိုင်းအဝိုင်းကို စိတ်ထိခိုက်စေခဲ့မှုအတွက် ဖေဖော်ဝါရီလနဲ့ မကြာသေးခင်ကပဲ တောင်းပန်ခဲ့ပါတယ်။

မြန်မာပြည်က ဦးဝီရသူ

သီရိလင်္ကာ လူဦးရေရဲ့ ၁ဝ ရာခိုင်နှုန်းလောက် ရှိတဲ့ မွတ်ဆလင်တွေအပေါ် တိုက်ခိုက်မှုတွေလုပ်ဖို့ အရှင် နာနာစာရ သွေးထိုးပေးခဲ့တယ်လို့ စွပ်စွဲခံရပါတယ်။

အရှင် နာနာစာ ဟာ မြန်မာပြည်က အမျိုးသားရေး အစွန်းရောက် ကိုယ်တော် ဦးဝီရသူနဲ့လည်း နီးစပ်တဲ့ ဆက်ဆံရေး ရှိပါတယ်။

အရင်က နိုင်ငံရေးအာဏာပိုင်တွေနဲ့ နီးစပ်ခဲ့တဲ့ အရှင်နာနာစာရအတွက် ဒါ ပထမအကြိမ် ထောင်ကျတာတော့ မဟုတ်ပါဘူး။

၂၀၁၈ တုန်းကလည်း ပျောက်ဆုံးနေတဲ့ ကာတွန်းဆရာတယောက်ရဲ့ ဇနီးကို ခြိမ်းခြောက်မှု၊ တရားရုံးကို မထီမဲ့မြင်ပြုမှုတွေနဲ့ ထောင် ခြောက်နှစ် ကျခဲ့ပြီး ကိုးလအကြာမှာ အဲဒီအချိန်က သမ္မတ မိုင်ထရီပါလ ဆီရီဆေနက သူ့ကို လွတ်ငြိမ်းခွင့်ပေးခဲ့ပါတယ်။

သမ္မတဟောင်း ဂိုတာဘာယာ ရာဂျာပက်ဆာက ဘာသာရေး သဟဇာတဖြစ်မှုအတွက် ဥပဒေ ပြုပြင်ရေး အဖွဲ့မှာ အကြီးအကဲ အဖြစ် အရှင် နာနာစာရကို နောက်ပိုင်းမှာ ခန့်အပ်ခဲ့ပါတယ်။

ဒီကော်မတီမှာ ဒီဘုန်းကြီးကို ခန့်တာဟာ သရော်စာဆန်လှကြောင်း အတိုက်အခံ အမတ် တယောက်က ဝေဖန်ခဲ့ပါတယ်။

သီရိလင်္ကာက လူများစု သီဟိုဠ်တွေကြား ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူ များပြီး ဘာသာရေး အယူသည်းတဲ့ ဘုန်းကြီး အုပ်စုကို တရားစွဲ ထောင်ချတာတော့ ရှားပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။