ကားစပယ်ယာ ဘ၀မှ ဝိန့်စိန်ရွှေဆိုင်ပိုင်ရှင် အဖြစ် ဘယ်လိုရုန်းကန်ခဲ့ရလဲ

Knowledge

ဒီနေ့ ဝိန့်စိန်ကိုတည်ထောင်ခဲ့သူ ကျွန်မရဲ့အဖိုး ဦးဝင်းစိန်ရဲ့ အသက် ၈၉ နှစ် ပြည့်မွေးနေ့

အဖိုးရဲ့ငယ်ဘဝလေးက တော်တော်လေးမကောင်းခဲ့ရှာဘူး ထမင်းတလုတ်တောင် မစားခဲ့ရတဲ့နေ့တွေ မရေမတွက်နိုင်အောင်ပဲတဲ့…

အဖိုးအိမ်ကထွက်လာတော့အသက် ၁၆နှစ် … ပထမဆုံးအလုပ်က မန္တလေးကနေ ရှမ်းပြည်သွားတဲ့ဘက်သွားတဲ့ကားမှာ ကားစပယ်ယာလုပ်တာ … အရမ်းအေးတဲ့ဆောင်းတွင်းတွေမှာ အနွေးထည်တထည်တောင်ကောင်းကောင်းမသုံးနိုင်ခဲ့တဲ့သူ …

ကျွန်မတို့သီပေါသွားမယ်ပြောတော့ သူက သူမလိုက်ချင်ဘူးတဲ့ သူအခါခါအလီလီ သွားခဲ့ဖူးတဲ့နေရာ သူအဲ့နေရာရဲ့ အအေးဓာတ်ကို သူပြန်မခံစားချင်ဘူးတဲ့ …

နောက်တော့သူရန်ကုန်တက်တယ်.. သူ့ဦလေးတယောက်ရဲ့အကူညီနဲ့ တိုက်စန်းရွှေဆိုင်မှာ ပန်းထိမ်ဝင်လုပ်တယ် …၁၀ နှစ်လောက်ကြာသွားတယ်… သူ့လုပ်ဖော်ကိုင်ဖက်တွေက သူ့မှာမိဘဆွေမျိုးသားချင်း မရှိဘူးလို့တောင်သူ့ကိုထင်တယ် ။ သူ့မိဘတွေက ဆင်းရဲ့လွန်းလို့ သူ့ဆီလာစရာ ကားခမရှိဘူး… သူမှာလည်းရသမျှ ကျစ်ကျစ်ပါအောင်စု့ပြီး အမေရယ် အမရယ်ကိုထောက်ပံ့တယ်…

အဖိုးကကြိုးစားတယ် ရိုးသားတယ်… အဲ့ဒါကြောင့် အဖိုးရဲ့ဆရာက ပဲခူးသူလေး ဒေါ်ရိမ်နဲ့ အောင်သွယ်ပေးပြီး မိဘနေရာကနေ နေရာချပေးခဲ့တယ် …

သူ့မှာ စီးကရက်ဘူးတဘူးစာ ရွှေလေးစု့မိထားတယ်… သူအိမ်ထောင်ပြု့ပြီး မန္တလေးကိုဆင်းလာတယ် … သူတတ်တဲ့ပညာလေးနဲ့စီးပွားရှာဖို့ …

အဖိုးက စာသေချာမသင်ခဲ့ ရရှာဘူး ဒါပေမယ့်သူနားလည်တာတခုရှိတယ် … မှန်မှန်ကန်ကန်နဲ့ဖြေးဖြေးသာသွား သူတနေ့အောင်မြင်မယ်ဆိုတာပဲ …

ဝိန့်စိန်က ဆိုင်လေးစဖွင့်တော့ ဆိုင်ကြီးတွေအလျှင်မြန်မလုပ်ပေးနိုင်တဲ့ အရေးပေါ်အထည်လေးတွေနဲ့စခဲ့တယ်… ညတွင်းချင်းလက်စွပ်ပြီးအောင်လုပ်ပေးတာတို့ ပြင်ထည်လေးတွေတို့နဲ့ပေါ့ …

အဖိုးရဲ့စေတနာ လက်ရာ ပညာကြောင့် ဝိန့်စိန်ဟာ တဖြည်းဖြည်းလူသိများလာတယ် … ၁၀ ပေ x ပေ ၂၀ အခန်းလေးမှာ မိသားစု့ ၅ ယောက်နေရာကနေ ပိုကြီးတဲ့အခန်းလေးပြောင်းလာနိုင်တယ် … အဲ့ကနေ ပိုက်ဆံစု့ အိမ်လေးဝယ်လာနိုင်တယ် … အဖိုးရဲ့ ပထမဆုံးအိမ်လေးက အခု့ဆိုင်အမှတ် ၁ ဖွင့်ထားတဲ့ ၂၈လမ်း x ၈၄ လမ်းထောင့်ကအိမ် …သူ့မိသားစု့လေးအတွက်အိမ် …

သူ့ရဲ့လက်သုံးစကားလေးဖြစ်တဲ့ မှန်မှန်ကန်ကန်လုပ်ကလေးကို လက်ကိုင်ထားပြီးတော့ ရွှေဆိုင်လောကမှာ ရောင်းစျေးဝယ်စျေးကို ပထမဆုံး ရွှေစျေးကို တရားဝင်ရေးပြီးရောင်းတဲ့ ဆိုင်လေးဖြစ်လာတယ် … ရောင်းရင်ဘယ်စျေးရမယ် ဝယ်ရင်ဘယ်စျေးပေးရမယ်ဆိုတာမေးစရာမလို ဆိုင်ထဲဝင်လိုက်တာနဲ့ ပွင့်လင်းမြင်သာစွာရေးထားတယ် … ဝိန့်စိန်က ဒါကြောင့်ယုံကြည်မှု့ပိုရခဲ့တယ် …

ဦးကျားကြီးဝင်း မီးလောင်ခဲ့စဉ်ကလည်း အဖိုးက သူ့ဆီအပ်ထားတဲ့ ရွှေငွေလက်ဝတ်ရတနာတွေကို တခု့မကျန်ပြန်ပေးလို့ဆိုပြီး .. ရန်သူမျိုး ၅ ပါးရန်ကြောင့်ပျက်စီးသွားတာတွေတောင် ပြန်ပေးတယ်ဆိုပြီး ဝိန့်စိန်က နာမည်တက်ခဲ့ပြန်တယ် …

တဖြေးဖြေးနဲ့ဝိန့်စိန်က ပိုပိုပြီးအောင်မြင်လာတယ် … အဖေအိမ်ထောင်ကျတော့ အဖိုးက လုပ်ငန်းကို အဖေ့ကို ဦးစီးစေခဲ့ပြီး သူက အကြံပေးနေရာမှာနေပြီး အဖေ့ကိုလမ်းညွှန်ခဲ့တယ် …

အဖိုးက အမြဲတမ်းလိုလို ဆိုင်ထိုင်တယ် .. စျေးဝယ်တွေနဲ့စကားပြောတယ် … သူကအမြဲအမှန်အတိုင်းပဲ အကြံတွေပေးတတ်သလို မဟုတ်မမှန် စွပ်စွဲရင်လည်း စိတ်ကြီးတတ်တယ် .. အဖိုးကလူဖြောင့်စိတ်တို ..

တခါတလေရွှေစျေး တက်နေချိန် စျေးဝယ်တွေလာဝယ်ရင် အဖိုးက အခု့ချိန်မဝယ်နဲ့ မြေဝယ် စျေးပြန်ကျမှ ရွှေဝယ်တို့ဘာတို့ပြောတာ .. တခါတလေအဖိုးကို အဲ့လိုတွေမပြောပါနဲ့ ပြောယူရတယ် .. ဆိုင်ကရွှေကို မကောင်းဘူးဘာဘူးပြောရင်လည်း သိပ်စိတ်တိုတာ … လူများဆီက မတရားသဖြင့် တပြားတချပ်တောင်မယူခဲ့ဘူးဆိုပြီး သူစိတ်တိုတတ်တယ် …

သူကကျွန်မတို့ကို သိပ်ပြီး ပညာတတ်ကြီးတွေဖြစ်စေချင်တာ … သူ့မှာကျွန်မတို့က ဘယ်လိုနိုင်ငံခြားတွေမှာ စာသွားသင်ခဲ့တာ … ဘာတွေလုပ်နိုင်တာဆိုတာကို သူသိပ်ဂုဏ်ယူတာ… ငယ်ငယ်ကတည်းက ကျောင်းတွေဆိုသူကိုယ်တိုင်ပို့ သူကိုယ်တိုင်ကြိုတာ … မနက် ၆ နာရီ တရုတ်ကျောင်းပို့တာကနေစပြီး ည ၉ နာရီ ကျူရှင်ပြီးတဲ့အထိ သူ့ရဲ့ ပထမဆုံးကားဖြစ်တဲ့ .. ဂျစ်ကားကြီးနဲ့အပို့အကြိုလုပ်တာ ..

ဂျစ်ကားစီးရတာကို သိပ်ရှက်ခဲ့တာ .. တော်တော်ဟောင်းနေပြီကို .. ဒါပေမယ့်အဖိုးအတွက်တော့ ဒီကားလေးက သူ့ကို မီးဘေးကကယ်ခဲ့တဲ့ ကားလေး သူ့သား ၁၀ တန်းအောင်လို့ အမှတ်တရပေးခဲ့တဲ့ ကားလေးဖြစ်လို့ အဲ့ကားလေးကို မရောင်းရက်ခဲ့ဘူး

အဖိုးကအမြဲပြောတယ် .. မရှိတဲ့ဒု့က္ခကိုသူကောင်းကောင်းနားလည်တယ် … မရှိမှာ သူသိပ်ကြောက်တယ်တဲ့ … သူနားလည်တာနဲ့အမျှ သူကိုယ်ချင်းစာစိတ်အပြည့်နဲ့ မိဘမဲ့ကျောင်းတွေလှူတယ် လူအိုရုံတွေဆောက်ပေးတယ် … သူစာမသင်ခဲ့ရသမျှ လူများတွေ စာတတ်အောင် ဘကကျောင်းတွေဆောက်တယ် … စာသင်ကျောင်းတွေလှူတယ် .. ဆေးရုံသုံးပစ္စည်းတွေ စက်တွေအကုန်လှူတယ် .. မျက်စိဆေးရုံမှာလည်း ရာသက်ပန်လူနာမှတ်တမ်းစာအုပ် အလှူလေးလုပ်ထားတယ် …

အဖိုးကအဖွားကို သိပ်ချစ်တာ .. အဖွားက ၁ ဆို သူ ၂ မလုပ်ဘူး … သူ့ဘေးနားမှာနေပြီး အခက်ခဲမှန်သမျှကို သူနဲ့အတူရင်ဆိုင်ပေးခဲ့လို့ သူဒီဘဝရောက်ရတာတဲ့ … ကျွန်မတို့ အဘိုးကိုအမြဲနောက်နေကျစကားရှိတယ် .. “ဦးဝင်းစိန်ရဲ့ဘဝမှာ ဒေါ်ရိမ်သာ ၁ ဒေါ်ရိမ်သာ ၂ ဒေါ်ရိမ်သာ ၁ ကနေ ၁၀ထိပဲလို့ ”

အဖိုးကအဲ့လိုသံယောဇဉ်ကြီးတဲ့သူ … စည်းကမ်းကြီးတဲ့သူ … ကျွန်မအဖိုးဆီက အကြိုက်ဆုံးစကားကိုပြောပါဆိုရင် … အဖေငယ်ငယ်က ဥပုဒ်နေ့ နားမယ် အလုပ်မလုပ်ဘူးပြောတော့ အဖိုးက “အဲ့ဆိုမင်းဥပုဒ်နေ့ဆို ထမင်းမစားဘူးပေါ့?” ဆိုပြီးပြန်ပြောတာပဲ …

ဒါကျွန်မသိပ်လေးစား သိပ်မြတ်နိုးချစ်ခင်ရတဲ့ ဝိန့်စိန်ကို အုပ်တချပ်သဲတပွင့်ကနေ စတည်ထောင်ခဲ့သူ ဖိုးဖိုးဦးဝင်းစိန်ရဲ့အကြောင်းပါ …

(ကျွန်မတို့အိမ်မှာ ပုံထဲကအတိုင်း ထမင်းစားတာ သိပ်ရှားတာနော် ..ဒါဒီနေ့မွေးနေ့မလို့ … တနေ့ အရွက် ၂ မျိုး အသား ၂ မျိုး ဟင်းရည်ပဲ … မကုန်တာတွေ ပိုနေတာတွေကို အဖိုးရောအဖွားရောကသိပ်မုန်းတာ.. လိုသလောက်ပဲချက်စားစေချင်တာ)

Leave a Reply