ကိုဗစ်ကာလမှာ လမ်းဘေးရောက်သွားရတဲ့ ရန်ကုန်မြို့က ဘ၀များ

Local News

လူသားတိုင်းအတွက် နေအိမ်ဟာ အရေးကြီးလှပါတယ်။ နေအိမ်ဟာ လုံခြုံမှုကိုပေးစွမ်းနိုင်ပြီး မိသားစုကတော့ နွေးထွေးမှုကို ပေးစွမ်းပါတယ်။ ဒါကြောင့်လည်း မိသားစုတွေ ရှိနေတဲ့ အိမ်ဟာ လူသားတစ်ဦးအတွက်တော့ နွေးထွေးလုံခြုံမှုကို ပေးစွမ်းတဲ့အရာတစ်ခုပါ။ တစ်နေ့တာလုံး လုပ်ငန်းခွင်မှာ အလုပ်လုပ်ကိုင်ပြီး ပြန်လာတဲ့သူအတွက်ဖြစ်စေ၊ ပညာသင်ဖို့ ကျောင်းတက်ပြီး ပြန်လာတဲ့ ကျောင်းသားတစ်ဦးအတွက် ဖြစ်စေ စသဖြင့် အခြေအနေအမျိုးမျိုးကြောင့် အိမ်ကနေ အဝေးကို ရောက်နေတဲ့သူတွေအတွက်ပင်ဖြစ်စေ လူတွေဟာ တစ်ချိန်ချိန်တော့ နားခိုစရာ မိသားစုရှိတဲ့ နေအိမ်ဆီသို့ အရောက်ပြန်လာကြသူ ဒါမှမဟုတ် ပြန်လာချင်ကြသူတွေချည်း ဖြစ်ပါတယ်။ အိမ်ဟာ လူသားတစ်ဦးအတွက် ကျောတစ်ခင်းစာ နေရာထက် များစွာပိုပြီး အနက်အဓိပ္ပာယ်တွေ ရှိတဲ့အရာတစ်ခုပေါ့။

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်ကနေ ရန်ကုန်မြို့၊ သာကေတမြို့နယ်အတွင်းက လက်ဖက်ရည်ဆိုင်လေးတစ်ခုမှာ စားပွဲထိုးအဖြစ် လာရောက်အလုပ်လုပ်ကိုင်တဲ့ အသက် ၁၆ နှစ်ဝန်းကျင် အရွယ် လူငယ်လေးတစ်ယောက်ရှိပါတယ်။ မိသားစုရဲ့ ဆင်းရဲနွမ်းပါးမှု အခြေအနေကြောင့် ဒီလူငယ်လေးဟာ ကျောင်းနေအရွယ်ဖြစ်နေပေမဲ့ ပညာဆက်လက်သင်ကြားရန် ဘဝပေးအခွင့်အလမ်း မရှိခဲ့ရပါဘူး။ ရန်ကုန်မြို့က လက်ဖက်ရည်ဆိုင်တွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ အခြားသော စားပွဲထိုးလူငယ်လေးတွေ ကဲ့သို့ ဒီလူငယ်လေးဟာ စားဝတ်နေရေးပြေလည်ဖို့ရာအတွက် မိဘတွေနဲ့ ခွဲခွာပြီး စားပွဲထိုးအလုပ်လုပ်ကို လာရောက်လုပ်ကိုင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

ကျွန်တော် သာကေတ ခိုင်ရွှေဝါ ၂ လမ်းက လက်ဖက်ရည်ဆိုင်မှာ စားပွဲထိုးလုပ်ပါတယ်။ ကျွန်တော်က ဟင်္သာတက လာတာပါ။ အိမ်မှာ အဖေနဲ့ အမေကျန်ခဲ့ပါတယ်။ ဒီမှာ အလုပ်လုပ်လာတာ တစ်နှစ်ကျော် လောက်ရှိပြီ။ အရင်ကတော့ အဆင်ပြေခဲ့ပါတယ်ဟု အဆိုပါ လူငယ်လေးက ပြောပြပါတယ်။

COVID-19 ဒုတိယလှိုင်းဖြစ်ပွားခဲ့တဲ့ ကနဦးအချိန်ကာလတွေမှာ ရန်ကုန်မြို့က ပြည်သူတွေဟာ ယခင်ကပ်ရောဂါ ပထမလှိုင်းထက်  ပိုမိုဆိုးရွားတဲ့ ရောဂါကူးစက်မှု အခြေအနေတွေကြောင့် အကြောက်တရားလွန်ကဲမှုတွေ များစွာဖြစ်ပေါ်ခဲ့ပါတယ်။ Stay at Home ထုတ်ပြန်ခဲ့တဲ့အချိန်မှာ ရန်ကုန်မြို့အတွင်းက ရပ်ကွက်အချို့နဲ့ လမ်းအချို့မှာ နေထိုင်တဲ့ ပြည်သူတွေဟာ ရောဂါကူးစက်ခံရမှုကို ကာကွယ်တားဆီးရန်အတွက် လမ်းပိတ်၊ ရပ်ကွက် ပိတ်တာတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒါတွေအပြင် ရပ်ကွက်အတွင်းကို ပြင်ပမှ လာရောက်သူများကို လုံးဝအဝင်မခံတာမျိုးတွေလည်း ပြုလုပ်ခဲ့ကြပါတယ်။

ဟင်္သာတမြို့က လာရောက်တဲ့ စားပွဲထိုးလူငယ်လေးကတော့ သူအလုပ်လုပ်ကိုင်နေတဲ့ လက်ဖက်ရည်ဆိုင်တည်ရှိရာ ရပ်ကွက်မှ အုပ်ချုပ်သူရဲ့ အကြောက်တရားလွန်ကဲ မှုဒဏ်ကို ဆိုးဆိုးရွားရွားခံရဖို့ ဖြစ်လာပါတယ်။ ကပ်ရောဂါ ဒုတိယလှိုင်းကြောင့် ဒီလူငယ်လေး အလုပ်လုပ်နေတဲ့ လက်ဖက်ရည်ဆိုင်ဟာ ခေတ္တပိတ်သိမ်းခဲ့ပေမဲ့ ဆိုင်ပိုင်ရှင်တွေက သူ့ကို ဆက်လက်နေထိုင်ခွင့် ပြုထားခဲ့ပါတယ်။ ဒါပေမဲ့ ရောဂါကူးစက်ခံရနိုင်မှုအပေါ် အကြောက်လွန်ဖွယ်ရှိတဲ့ ရပ်ကွက်အုပ်ချုပ်ရေး တာဝန်ရှိသူတစ်ဦးက ဒီလူငယ်လေးကို ရပ်ကွက်အတွင်း ဆက်လက်နေထိုင်ရန် ခွင့်ပြုခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။

ကိုဗစ်ပြန်ဖြစ်လာတော့ ဆိုင်ကို ပိတ်လိုက်ရတယ်။ ဆိုင်မဖွင့်တော့ပေမဲ့ ဆိုင်ရှင်တွေက ကျွန်တော့်ကို သူတို့နဲ့ပဲ အတူနေခိုင်းထားပါသေးတယ်။ နောက်တော့ ရပ်ကွက်လူကြီးက လက်မခံတော့ ကျွန်တော်နေလို့ မရတော့ဘူး။ အဲဒါနဲ့ပဲ ကျွန်တော် ဆိုင်ကနေ ထွက်လာခဲ့ရတယ်ဟု ဟင်္သာတမြို့ကလာတဲ့ စားပွဲထိုးလူငယ်လေးက ပြောပါတယ်။

မိဘနဲ့ ခွဲခွာပြီး ရန်ကုန်မြို့မှာ စားပွဲထိုးလုပ်ကိုင်နေရတဲ့ ဒီလူငယ်လေးအတွက် အိပ်စက်ရန် ကျောတစ်ခင်းစာ နေရာပျောက်ဆုံးသွားခဲ့ပါပြီ။ နေစရာ ဆုံးရှုံးခဲ့ရတဲ့ ကလေးသာသာအရွယ် ဒီလူငယ်လေးဟာ သူအလုပ်လုပ်ကိုင်ခဲ့တဲ့ လက်ဖက်ရည်ဆိုင်ကနေ ထွက်ခွာခဲ့ရပေမဲ့ အဲဒီအချိန်မှာ အဝေးပြေးယာဉ်လိုင်းတွေကို ရောဂါထိန်းချုပ်ရန်အတွက် ရပ်ဆိုင်းထားတာကြောင့် မိဘတွေရှိရာ နေအိမ်ကို ပြန်ရန်အတွက်လည်း အခြေအနေမပေးတော့ပါဘူး။ ယခင်က ရန်ကုန်မြို့မှာ ဦးလေးဖြစ်သူရှိခဲ့ပေမဲ့ ကိုဗစ်ကာလမတိုင်မီလေးမှာ ဦးလေးဖြစ်သူ ဆုံးပါးသွားခဲ့ပြီဖြစ်တာကြောင့် ဒီစားပွဲထိုးလေးဟာ မှီခိုနေထိုင်စရာ ကျောတစ်ခင်းစာအတွက် ကြုံသလို ဖြေရှင်းခဲ့ရပါတော့တယ်။

အရင်တုန်းက ကျွန်တော့် ဦးလေးရှိတော့ သူ့ဆီသွားနေလို့ ရသေးတယ်။ အခုကတော့ သူကလည်း ဆုံးသွားပြီဆိုတော့ သွားလို့မရတော့ဘူး။ အဲဒါနဲ့ ကျွန်တော်လည်း ရောက်တတ်ရာရာ ထွက်လာပြီး နောက်ဆုံး ဦးလေးအိမ်နားက ကြည့်မြင်တိုင်ဘူတာမှာ ညဘက်ဆို သွားသွားအိပ်တယ်။ စားဖို့ကတော့ ကြုံသလိုဖြေရှင်းရတော့တာပေါ့လို့ စားပွဲထိုးလေးက ပြောပါတယ်။

နေစရာမဲ့သွားတဲ့ စားပွဲထိုးလေးဟာ ကြည့်မြင်တိုင်ဘူတာမှာ အိပ်စက်ဖို့ ကျောတစ်ခင်းစာနေရာအတွက် လာရောက်နေထိုင်ခဲ့ပေမဲ့ အချိန်ကြာကြာတော့ နေထိုင်ခွင့်မရခဲ့ပါဘူး။ ရက်အနည်းငယ်လောက် နေထိုင်အပြီးမှာ ခိုကိုးရာမဲ့နေတဲ့ ဒီစားပွဲထိုးလေးဟာ ကြည့်မြင်တိုင်ဘူတာက တာဝန်ရှိသူတွေရဲ့ နှင်ထုတ်ခြင်းကို ခံခဲ့ရတယ်လို့ ၎င်းက ပြောပြပါတယ်။ အရပ်အခေါ် ထပ်မံပြီး ဘုံပျောက်ခဲ့ရတဲ့ ဒီလူငယ်လေးဟာ ကြည့်မြင်တိုင်ဘူတာကနေ ထွက်ခွာလာခဲ့ရအပြီး ဘဝတူများရှိရာ ဟံသာဝတီဘူတာအနီးက ခုံးကျော်တံ တားအောက်မှာ သွားရောက်နေထိုင်ခဲ့ရပါတော့တယ်။

ကျွန်တော် ဒီမှာနေတာ တစ်လကျော်လောက်တော့ ရှိပြီ။ ကြည့်မြင်တိုင်ဘူတာမှာက ကျွန်တော့်ကို ပေးမနေတော့ဘူး။ မောင်းထုတ်လိုက်ကြတော့ ဒီကလူတွေနဲ့အတူ လာနေဖို့ ပြောင်းလာခဲ့ရတယ်။ ဒီမှာက ညနေဆိုရင် အလှူရှင်တွေက စားဖို့လာလာလှူတယ်။ အဲဒီအချိန်ကျရင်တော့ စားသောက်ရတော့ပေါ့ဟု စားပွဲထိုးလေးက ဆိုပါတယ်။

စားပွဲထိုးလေး ပြောင်းရွှေ့နေထိုင်ခဲ့တဲ့ ဟံသာဝတီဘူတာအနီး ခုံးကျော်တံတားအောက်က ရထားသံလမ်းတွေပေါ်မှာ သူနဲ့ဘဝတူ အခြားသော နေစရာပျောက်ဆုံးခဲ့ရသူတွေလည်း ရှိနေခဲ့ပါတယ်။ သူတို့တွေထဲက အချို့ဟာ ကုန်ထမ်းအလုပ်သမားတွေဖြစ်ပြီး အချို့ကတော့ ပလုံကောက်တယ်လို့ ခေါ်ကြတဲ့ ပုလင်းခွံကဲ့သို့သော စွန့်ပစ်ပစ္စည်းတွေကို ကောက်ယူကာ ပြန်လည်ရောင်းချရင်း အသက်ရှင်သန်ဖို့အတွက် ရှာဖွေနေထိုင်ရသူတွေ ဖြစ်ပါတယ်။ အဲဒီထဲကမှ အချို့ကတော့ တောင်းရမ်းစားသောက်သူတွေ ဖြစ်ကြတယ်လို့ စားပွဲထိုးလူငယ်လေးက ပြောပြပါတယ်။

ဒီမှာက လူလေးဆယ်လောက် ရှိတယ်။ ကုန်ထမ်းတဲ့သူတွေလည်း ရှိတယ်။ သူတို့တွေက ညနေလောက်မှ ပြန်လာကြတာ။ မနက်ပိုင်းဆို အလုပ်သွားလုပ်ကြတယ်။ နောက်ပြီး ပလုံကောက်တဲ့သူတွေလည်း ရှိတယ်။ ပြီးတော့ တောင်းရမ်းပြီးနေကြတဲ့သူတွေလည်း ရှိတယ်။ ကျွန်တော်က သူတို့နဲ့အတူ သွားပြီး ကပ်နေရတာပေါ့လို့ စားပွဲထိုးလေးက ပြောပါတယ်။

စားပွဲထိုးလေး နေထိုင်ခဲ့ရာ ဟံသာဝတီဘူတာအနီး ခုံးကျော်တံတားအောက်မှာ နေထိုင်နေကြသူတွေဟာ စားဝတ်နေရေး အခက်အခဲဖြစ်နေကြသူတွေဖြစ်ပြီး နေ့စဉ်လာရောက်လှူဒါန်းတဲ့ အလှူရှင်တွေ အပေါ်မူတည်ပြီး အသက်ဆက်နေရသူတွေလို့ သိရပါတယ်။ ဒီလိုမျိုးနေထိုင်ကြသူတွေထဲမှာ အသက်အရွယ် ကြီးရင့်တဲ့ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေ၊ ကျန်းမာရေး မကောင်းတဲ့သူတွေလည်း ရှိလို့နေတာကို တွေ့ရပါတယ်။ သူတို့တွေ အားလုံးမှာ တူညီတဲ့ အချက်ကတော့ ရန်ကုန်မြို့မှာ နေထိုင်ရန်အတွက် အတည်တကျ နေအိမ်မရှိဘဲ ကျောတစ်ခင်းစာနေရာတစ်ခုအတွက် ခက်ခက်ခဲခဲဖြေရှင်းနေရတာပဲ ဖြစ်ပါတယ်။

ဒီခုံးတံတားအောက်ကို လာရောက်နေထိုင်ခဲ့ကြတာဟာ သူတို့အတွက် သုံးလကျော်လောက်ကာလရှိနေပြီ ဖြစ်ပြီး အများစုကတော့ ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် အလုပ် လုပ်ကိုင်တွေ ဆုံးရှုံးခဲ့ရတဲ့အပြင် နေရပ်ပြန်ရန်အတွက်လည်း ပိတ်ဆို့မှုတွေ ရှိနေသေးတာကြောင့် အိမ်ခြေယာမဲ့ဘဝကို ရောက်သွားကြရသူတွေ ဖြစ်တယ်လို့ သိရပါတယ်။ စားဖို့အတွက်ပင် အလုပ်လုပ်ကိုင် မရှိတော့ကြသူတွေ ဖြစ်တာကြောင့် နေထိုင်ရာ နေရာအတွက်လည်း မတတ်သာတဲ့အတွက် ရထားသံလမ်းဘေးမှာ ဆင်းဆင်းရဲရဲ ချို့ချို့တဲ့တဲ့နဲ့ နေထိုင်နေကြရတာ ဖြစ်တယ်လို့ သိရပါတယ်။

ကျွန်တော်က အရင်က အဖျော်ဆရာ။ အခုကိုဗစ်ဖြစ်တော့ ဆိုင်က ပိတ်လိုက်တော့ အလုပ်မရှိတော့ဘူး။ ကျွန်တော်က အညာဘက်က လာတာပါ။ ပြန်ဖို့ကလည်း ပြန်လို့မရသေးတော့ ဒီရထားသံလမ်းဘေး ခုံးအောက်ကို လာနေရတာ သုံးလလောက်ရှိပြီလို့ ဟံသာဝတီဘူတာအနီး ရထားသံလမ်းခုံး ကျော်တံတားအောက်မှာ နေထိုင်ခဲ့ရသူ အမျိုးသားတစ်ဦးက ဆိုပါတယ်။

စားပွဲထိုးလူငယ်လေးဟာ အလုပ်လုပ်ကိုင်လိုပေမဲ့ သူ့မှာ အလုပ်အကိုင် မရှိတော့ပါဘူး။ ဒါကြောင့်လည်း အိမ်ခြေယာမဲ့ဘဝနဲ့ ခုံးတံတားအောက်မှာ လာရောက်နေထိုင်ခဲ့ရတာြ ဖစ်တယ်လို့ပြောပြပါတယ်။ ဘဝတူ နေထိုင်ကြသူတွေထဲမှာ တောင်းရမ်းသူတွေရှိတာကြောင့် သူ့ကိုလည်း အတူတောင်းရမ်းဖို့ တိုက်တွန်းကြပေမဲ့ စားပွဲထိုးလေးက တောင်းရမ်းလိုခြင်းမရှိဘဲ မိဘနှစ်ပါးရှိရာ ဟင်္သာတမြို့ကိုသာ ပြန်ဖို့ ဆန္ဒပြင်းပြနေခဲ့ပါတယ်။ အလှူရှင် လာရောက်မှ စားသောက်ရတဲ့အခြေအနေမျိုးမှာ ဒီစားပွဲထိုးလေးဟာ နေထိုင်လိုစိတ်မရှိပါဘူး။

ဆာလောင်မွတ်သိပ်မှုတွေ ဖြစ်ပေါ်နေပုံရတဲ့ မျက်လုံးအောက်က ညစ်ထပ်ထပ် Mask တစ်ခုကို တပ်ဆင်ထားရင်း ခပ်စုပ်စုပ်အဝတ် အစားတစ်စုံသာရှိတဲ့ ကလေးသာသာအရွယ် စားပွဲထိုးလေးဟာ မိဘနှစ်ပါးကို အလွန်အမင်း လွမ်းဆွတ်နေခဲ့ပါတယ်။ မိဘတွေရှိရာ ဟင်္သာတမြို့ကို ပြန်ချင်နေပေမဲ့ သူ့မှာ ဆက်သွယ်စရာ ဖုန်းတစ်လုံးပင် ကိုင်ဆောင်နိုင်ခြင်း မရှိပါဘူး။ မိဘနှစ်ပါးကို လွမ်းဆွတ်မှုကြောင့် ဝေ့ဝဲလာတဲ့ မျက်ရည်တွေနဲ့အတူ စားပွဲထိုးလေးဟာ ဆာလောင်မွတ်သိပ်မှု ဖြေဖျောက်နိုင်ဖို့အတွက် အလှူရှင်ကို မျှော်လင့်နေရင်း ခုံးတံတားအောက်၌ မိဘအရိပ်ထံ မပြန်နိုင်သရွေ့ ခိုနားနေနိုင်ခဲ့မယ်လို့ ထင်ခဲ့မိဖူးပါတယ်။

ကျွန်တော် အိမ်ပဲပြန်ချင်တယ်။ ဒီမှာ မနေချင်ပါဘူး။ အိမ်မှာ အဖေနဲ့ အမေရှိသေးတယ်။ ကျွန်တော် အဖေနဲ့ အမေကို အရမ်းသတိရတယ်။ အိမ်အရမ်းပြန်ချင်တယ်။ တကယ်ပါ။ ကျွန်တော် အိမ်ပဲပြန်ချင်တာပါ။ တခြားဘာမှ မလိုချင်ပါဘူးလို့ စားပွဲထိုးလေးက ပြောပြခဲ့ပါတယ်။

နိုဝင်ဘာ ၂ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်မှာ ဒီလူငယ်လေးကို သူခိုနားနေရာ ဟံသာဝတီဘူတာအနီးမှာ တွေ့ဆုံဖြစ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ညနေ ၄ နာရီလောက်မှာ အိမ်ပြန်ချင်နေတဲ့ စားပွဲထိုးလေးကို အကူအညီပေးဖို့အတွက် ပြန်လည်သွားရောက်ခဲ့ပေမဲ့ စားပွဲထိုးလေး ခေတ္တခိုနားရာ ခုံးတံတားအောက်မှာ မည်သူမျှ မရှိတော့ပါဘူး။ အင်အား နှစ်ဆယ်ကျော်ခန့်ရှိမယ့် ရဲတပ်ဖွဲ့ဝင်တွေနဲ့ မီးရထားတာဝန်ရှိသူတွေ၊ စည်ပင်တွေ ပါဝင်တဲ့ တာဝန်ရှိသူတွေဟာ ဒီခုံးတံတားအောက်က အိမ်ခြေယာမဲ့တွေကို ဆက်လက်နေထိုင်ခွင့်မပြုဘဲ လာရောက်ဖယ်ရှားခဲ့ပါတယ်။

သူတို့ကို နှင်ထုတ်လိုက်တာ မဟုတ်ပါဘူး။ တခြားတစ်နေရာ သွားနေလို့ ပြောလိုက်တာပါ။ ဟိုဘက်နားမှာ ရှိပါလိမ့်မယ်လို့ အဆိုပါ ခုံးတံတားအောက်မှ အိမ်ခြေယာမဲ့များကို ဖယ်ရှားဖို့ဆောင်ရွက်နေတဲ့ ရဲအုပ်အဆင့်ရှိ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

စားပွဲထိုးလေးအပါအဝင် ဖယ်ရှားခံလိုက်ရတဲ့ အခြေအနေမဲ့တွေဟာ မည်သည့်နေရာမှာ သွားရောက် ခိုကပ်နေထိုင်ရမည်ကို မတွေးတောနိုင်ကြပါဘူး။ သူတို့အားလုံးကို ဖယ်ရှားဖို့ လာရောက်ခိုင်းစေတဲ့ တာဝန်ရှိသူတွေဟာ တစ်ဦးလျှင် ငါးထောင်ကျပ်စီပေးပြီး ခုံးတံတားအောက်မှာ နေထိုင်ခြင်းမပြုဖို့ အတင်းအကျပ် ဖယ်ရှားစေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အစ်ကိုလာပြီးတော့ မကြာဘူး။ ရဲတွေ ရောက်လာပြီး ကျွန်တော်တို့ကို ထွက်သွားခိုင်းတာ။ တစ်ယောက်ကို ငါးထောင်ပေးသွားတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဘယ်ကို သွားနေရမလဲ မသိသေးပါဘူးဗျာ။ ကျွန်တော့်က အရင်က ကျွန်တော့် အစ်ကိုက ဘူတာရုံဝန်ထမ်းဆိုတော့ သူနဲ့အတူလာနေတာ။ အစ်ကိုက အခု ကျန်းမာရေးကြောင့် အလုပ်ထွက်လိုက်ရတော့ နေစရာမရှိတော့ဘူး။ သူက ကျန်းမာရေးလည်း မကောင်းဘူးဗျာ။ ကျွန်တော်တို့လည်း ဘာလုပ်ရမှန်း မသိတော့ပါဘူး။ နေစရာမရှိလို့ ဒီနေရာလေးမှာ နေနေရတာကို အခုမောင်းထုတ်ခံရတော့လို့ ခုံးတံတားအောက်မှ ဖယ်ရှားခံရသူ အမျိုးသားတစ်ဦးက ပြောပြပါတယ်။

ဒီနောက်ပိုင်းမှာ စားပွဲထိုးလေးကို သွားရောက်ရှာဖွေခဲ့ပေမဲ့ နိုဝင်ဘာ ၇ ရက်အထိ ပြန်လည်တွေ့ရှိခြင်း မရှိခဲ့ပါဘူး။ အခြားသော စားပွဲထိုးလေးနဲ့ ဘဝတူအခြေအနေမဲ့ ဖြစ်ခဲ့ရသူတွေကိုလည်း တွေ့ရှိခဲ့ရခြင်း မရှိခဲ့ပါဘူး။ စားပွဲထိုးလေးရော မိဘတွေရှိရာ ဟင်္သာတမြို့ကို ပြန်နိုင်ပါ့မလား။ အလုပ်ပြုတ်သွားတဲ့ အဖျော်ဆရာကရော မိသားစုရှိရာ အညာမြေကို မည့်သည့်အချိန်မှ ပြန်ရောက်နိုင်မှာလဲ။ အလားတူ ကပ်ရောဂါကာလ အလုပ်အကိုင်ဆုံးရှုံးရသူတွေ၊ အကျိုးဆက်အဖြစ် အိမ်ခြေယာမဲ့ ဖြစ်ခဲ့ရသူတွေအတွက် စားဝတ်နေရေး ခက်ခဲနေကြရသူတွေအတွက် ဘယ်သူက ဖြေရှင်းပေးမည်လဲ။ မေးခွန်းတွေများစွာ ရှိနေပေမဲ့ အဖြေကတော့…..

Leave a Reply