မိမိပါတီ အနိုင်မရခဲ့သော်လည်း တိုင်းပြည်စီးပွားရေးတိုးတက်မှုအတွက် အစိုးရသစ်နှင့်ပူးပေါင်းလုပ်ဆောင်သွားမည်ဟု ဒေါ်သက်သက်ခိုင်ပြောကြား

Local News

မိမိပါတီ အနိုင်မရခဲ့သော်လည်း တိုင်းပြည်စီးပွားရေးတိုးတက်မှုအတွက် အစိုးရသစ်နှင့်ပူးပေါင်းလုပ်ဆောင်သွားမည်ဟု ဒေါ်သက်သက်ခိုင်ပြောကြား

ပြည်သူ့ရှေ့ဆောင်ပါတီ PEOPLE’S PIONEER PARTY (PPP) ပြည်သူ့ရှေ့ဆောင်ပါတီ၏ သဘောထားထုတ်ပြန်ခြင်း

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၁၀ ရက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲကြီးတွင် Covid-19 ကာလကပ်ဘေး ရှိစေကာမူ တာဝန်ကျေပွန်စွာ ပါဝင်ခဲ့ကြသည့် မဲဆန္ဒရှင်မိဘပြည်သူများအားလုံးကို ပြည်သူ့ရှေ့ဆောင်ပါတီ အနေဖြင့် ကျေးဇူးဥပကာရအထူးတင်ရှိပါကြောင်း ပမာဏပြောကြားလိုပါသည်။

ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သည့်ပါတီများနှင့် ကိုယ်စားလှယ်များကိုလည်း အထူးပင်ဂုဏ်ယူပါကြောင်းနှင့် တိုင်းပြည်တာဝန်ကို ဆတက်ထမ်းပိုးထမ်းရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။

ပြည်သူ့ရှေ့ဆောင်ပါတီသည် ယှဉ်ပြိုင်ခဲ့သည့် မဲဆန္ဒနယ်အသီးသီးတွင် မဲအရေအတွက်မှာ တတိယ နေရာကိုရရှိခဲ့ပါသည်။ ဤရလဒ်ကြောင့် ပြည်သူ့ရှေ့ဆောင်ပါတီ၏ အနာဂတ်အတွက် အထူးပင် အားရမိပါကြောင်းနှင့် ပါတီကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ကိုယ်စားလှယ်လောင်းများကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားလိုပါသည်။

နိုင်ငံမှာ အုပ်ချုပ်ရေးအာဏာရရှိခဲ့ကြသည့် အင်အားကြီးပါတီကြီးနှစ်ခုအကြားတွင် မိမိတို့ ပြည်သူ့ရှေ့ဆောင်ပါတီအနေဖြင့် လူထုဘဝအတွက် အဓိကအလုပ်လုပ်ပေးနိုင်အောင် လုပ်ငန်းလမ်းစဉ် များကို စနစ်တကျရေးဆွဲပြီး ရွေးကောက်ပွဲ ဝင်ခဲ့ခြင်းဖြစ်ပါသည်။

မိမိတို့ပြည်သူ့ရှေ့ဆောင် ပါတီသည် ပါတီသက်တမ်းတစ်နှစ်သာရှိသေးသည့်အပြင် Covid-19 ကပ်ရောဂါကြောင့် အပြည့်အဝပြင်ဆင်ခွင့် မရရှိခဲ့ဘဲ ဝင်ပြိုင်ခဲ့ရသော်လည်း မဲဆန္ဒနယ်အသီးသီးတွင် NLD ပါတီနှင့် ပြည်ခိုင်ဖြိုးပါတီတို့ပြီးလျှင် ပြည်သူ့ရှေ့ဆောင်ပါတီက မဲအများဆုံးရခဲ့သည့်အတွက် အားရကျေနပ်မှု ရှိခဲ့ပါသည်။

ပြည်သူ့ရှေ့ဆောင်ပါတီအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရရှိရေးသည် ပဓာနမကျဘဲ ပါတီတစ်ခု ရေရှည် ဆက်လက်ရပ်တည်နိုင်ရေး၊ အနယ်နယ်အရပ်ရပ်မှာ မိမိတို့ပါတီ၏ လုပ်ငန်းလမ်းစဉ်များကို ပြည်သူများသိရှိနိုင်ရေး၊ နိုင်ငံရေးနိုးကြားသော အမျိုးသမီးနှင့်လူငယ်များကို မြေတောင်မြှောက်ပေး နိုင်ရေးနှင့် ရွေးကောက်ပွဲအတွေ့အကြုံရရှိရေးတို့အတွက် ဦးစားပေးဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။

ယခုကဲ့သို့ မဲအရေအတွက် တတိယအများဆုံး ရရှိခဲ့သည့်ပါတီတစ်ခုအဖြစ် ရပ်တည်လာနိုင်ခဲ့သဖြင့် ၂၀၂၀ ရွေးကောက်ပွဲမှတစ်ဆင့် အခြေခံအုတ်မြစ်တစ်ခုကို ကောင်းမွန်စွာတည်ဆောက်နိုင်မည်ဟု ယုံကြည်ပါသည်။

ပြည်သူ့ရှေ့ဆောင်ပါတီသည် မဲအနိုင်မရရှိခဲ့သော်လည်း ပြည်သူလူထုအကျိုးအတွက် ပါတီ၏ ချမှတ်ထားသော မူဝါဒလမ်းစဉ်များအတိုင်း ဦးလည်မသုန် ဆက်လက်သယ်ပိုးဆောင်ရွက်သွားမည်ဟု ကတိပြုအပ်ပါသည်။ မိမိတို့ပါတီအနေဖြင့် ယခုရွေးကောက်ပွဲအလွန်အတွက် တိုင်းပြည်၏ အကြီးမားဆုံး ပြဿနာကြီးဖြစ်သည့် ပြည်သူလူထု၏ စားဝတ်နေရေးနှင့် စီးပွားရေးပြဿနာများကို ကုစားပေးနိုင်မည့် နည်းလမ်းများစွာကို လူထုနှင့်တွေ့ဆုံမှုများ၊ ဆွေးနွေးမှုများမှတစ်ဆင့် ဖော်ထုတ်ထားရှိပြီး ဖြစ်ပါသည်။

အစိုးရသစ်၏ တိုင်းပြည်စီးပွားရေးတိုးတက်မှုအတွက် အကောင်အထည်ဖော်မည့် မည်သည့်လုပ်ငန်းများကို မဆို ပြည်သူများကြားမှ ပြည်သူနှင့်အတူ လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုအပ်ပါသည်။

ဗဟိုအမှုဆောင်အဖွဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ

လေးစားပါတယ် ဒေါ်သက်သက်ခိုင်ရေ။

မိုးနတ်မင်းပရိသတ်ကြီးလည်း စာလေးကိုဖတ်ပြီးတဲ့အခါ မိမိထင်မြင်ချက်ကို ကွန်မန့်ပေးခဲ့ပါဦး။ သတင်းအသစ်တွေ အရင်ဆုံးဖတ်ဖို့ Page ကိုလည်း Like & Follow လုပ်ထားဖို့ မမေ့နဲ့နော်…

Leave a Reply