John Wick 4 က ရိုက်ခဲ့သမျှဇာတ်ကားတွေထဲမှာ အခက်ဆုံးဇာတ်ကားဖြစ်တယ်ဆိုတဲ့ ကီနူးရိဗ်
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့John Wick 4 က ရိုက်ခဲ့သမျှဇာတ်ကားတွေထဲမှာ အခက်ဆုံးဇာတ်ကားဖြစ်တယ်ဆိုတဲ့ ကီနူးရိဗ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
လူအများရဲ့ချစ်ခင်နှစ်သက်မှုကိုရရှိထားတဲ့ အက်ရှင်မင်းသားကြီး ကီနူးရိဗ်ဟာ အထင်ကြီးလောက်စရာအကောင်းဆုံး ဇာတ်ဝင်ခန်းတွေကို သရုပ်ဆောင်ခဲ့ဖူးပေမဲ့ နောက်ထွက်ရှိမယ့် ဇာတ်ကားအသစ်က အက်ရှင်ဇာတ်ဝင်ခန်းတွေဟာ အရင်ကထက် ပိုအားစိုက်ပြီး လုပ်ရတဲ့ပုံပါပဲ။
ကီနူးရိဗ်က ဘရားဇီးမှာ Comic Con Experience 2022 ပွဲရဲ့ဆွေးနွေးမှုမှာ ပါဝင်ရင်း သူ ရိုက်ခဲ့ဖူးသမျှဇာတ်ကားတွေထဲမှာ John Wick 4 က အခက်ခဲဆုံးဖြစ်တယ်လို့ ထုတ်ပြောပြခဲ့ပါတယ်။ “John Wick 4 က ကျွန်တော် ရိုက်ခဲ့ဖူးသမျှထဲမှာ အခက်ဆုံးဇာတ်ကားပါ။ အက်ရှင်နဲ့ပတ်သက်ပြီး အခက်ဆုံးဇာတ်ကားပဲ။ ဒါပေမဲ့ အဲဒါကပဲ ဇာတ်ကားကို ကောင်းသွားစေတယ်”လို့ သူက ဆိုပါတယ်။
ပိုပြီးစိန်ခေါ်မှုများဆုံးဇာတ်ဝင်ခန်းတွေထဲက တစ်ခုကတော့ ပါရီမြို့က Arc de Triomph အထိမ်းအမှတ်အဆောက်အအုံတစ်ဝိုက် ယာဉ်နဲ့လူအသွားအလာများတဲ့နေရာမှာ တိုက်ခိုက်ကြတဲ့အခန်းဖြစ်တယ်လို့ ကီနူးရိဗ်က ပြောပါတယ်။ John Wick 4 မှာ နေရာတိုင်းကနေ ထွက်ပေါ်လာမယ့် ရန်သူတွေကို မြင်တွေ့ရမယ်လို့လည်း ပြောပါတယ်။ “John Wick ရဲ့နောက်ကို လိုက်မယ့် လူ (ရန်သူ) တွေအများကြီးပဲ။ ဒါပေမဲ့ John Wick ဇာတ်ကားတွေအတွက် ဒါက ဇာတ်ဝင်ခန်းတီထွင်ဖန်တီးမှုပဲ မလား”လို့ ကီနူးရိဗ်က ဆိုပါတယ်။
မကြာသေးခင်က John Wick 4 ဒါရိုက်တာ ချတ် စတာလက်ခ်ကလည်း IGN သတင်းဌာနကို အင်တာဗျူးဖြေကြားရင်း ကီနူးရိဗ်က John Wickရဲ့နောက်ထပ်အရည်အချင်းအနေနဲ့ နံချပ်ကူလက်နက်အသုံးပြုနည်းကိုတောင် လတော်တော်ကြာ လေ့ကျင့်ခဲ့ရတယ်လို့ စနောက်ပြောခဲ့ပါတယ်။ “ဇာတ်ကားနမူနာမှာ မြင်တွေ့ခဲ့သလိုပဲ ဒီဇာတ်ကားမှာ ကီနူးက နံချပ်ကူ အသုံးပြုတယ်။ ကီနူးက နံချပ်ကူလက်နက်အသုံးပြုရမှာတော်ဖို့အတွက် လတော်တော် လေ့ကျင့်ခဲ့ရတယ်။ သေနတ်ပစ်ရင်းနဲ့ နှစ်ဖက်လုံးသန်တယ်၊ ဘက်လက်ရော၊ ညာလက်ရော…ဒီအံ့သြစရာအမျိုးသားက အဲဒါမှာလည်းတော်တယ်”လို့ ဒါရိုက်တာချတ်ကပြောခဲ့ပါတယ်။
၂၀၂၃ ခုနှစ် မတ်လ ၂၄ ရက်နေ့မှာ ထွက်ရှိမယ့် John Wick 4 မှာ ကီနူးရိဗ်အပြင် လော့ရန် ဖစ်ရှ်ဘာနီ၊ လန်မက်ရှိန်း၊ လန်း ရက်တ်ဒစ်ခ်၊ ဂျပန်-ဗြိတိန်အဆိုတော်မင်းသမီးမော်ဒယ် ရီနာ စ၀ယမ၊ ဟောင်ကောင်အက်ရှင်မင်းသား ဒွန်နီယန်၊ မင်းသား ရှာမီယားအန်ဒါဆန်အစရှိတဲ့ သရုပ်ဆောင်များစွာလည်း ပါဝင်ပါတယ်။
ရေးသားသူ – Yoyarlay
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။