နက္ခတ်များ (NASHATRAS)

Astrology
နက္ခတ်များ (NASHATRAS)

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နက္ခတ်များ (NASHATRAS) ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

နက္ခတ်များ (NASHATRAS)

နက္ခတ် (၂၇) လုံး ရှိ၏။ ၄င်းတို့ကို မိဿမှ မိန် အထိ (၁၂) ရာသီခွင်တွင် ဝေပုံကျ ခွဲခြားထားလေသည်။
မည်သို့မည်ပုံ ခွဲခြားသတ်မှတ်သည်ကို မဖော်ပြမီ နက္ခတ်တို့၏ အမည်များနှင့် ၄င်းတို့၏ ပုံသဏ္ဌာန်များကို မြန်မာနက္ခတ်ကျမ်း၊ ဟိန္ဒူနက္ခတ်ကျမ်းများ၌ ပါရှိသည့်အတိုင်း နက္ခတ်အမည် သင်္ကေတတို့ကို အောက်ပါအတိုင်း ဇယားဖြင့် ဖော်ပြထားပါသည်။

ဟိန္ဒူနက္ခတ်ကျမ်း အချို့၌ နက္ခတ် (၂၇)လုံး အပြင် အခြားနက္ခတ် တစ်လုံး ရှိ၏။ ယင်းနက္ခတ်မှာ အဘိဇိနက္ခတ်ဖြစ်ပြီး ဥတ္တရသန် နက္ခတ်နှင့် သရဝဏ် နက္ခတ်တို့ အကြားတွင် ရှိသည်ဟု ဖော်ပြလေသည်။
.
သို့ရာတွင် နက္ခတ်များကို (၁၂) ရာသီတွင် ဝေပုံကျ ခွဲသောအခါ ၄င်း အဘိဇိနက္ခတ် ပါရှိလိမ့်မည် မဟုတ်ချေ။
ကျန် နက္ခတ် (၂၇) လုံး ကိုသာ ဝေပုံကျ ခွဲခြားပေမည်။
ဖော်ပြပါ ဇယားမှ နက္ခတ်များအနက် အဘိဇိနက္ခတ်ကို ချန်လှပ်ကာ ကျန် နက္ခတ် (၂၇) လုံးကို (၁၂) ရာသီတွင် ဝေပုံကျ ခွဲခြားရပေမည်။

ရာသီနှင့် နက္ခတ် ဆက်သွယ်ခြင်း

အဘိဇိနက္ခတ်ကို ချန်လှပ်ကာ ကျန် နက္ခတ် (၂၇) လုံးကို (၁၂) ရာသီတွင် ဝေပုံကျ ခွဲခြားရပေမည်။
ရာသီနှင့် နက္ခတ် ဆက်သွယ်ပုံကို ဖော်ပြပေအံ့။
၁၂ ရာသီတွင် နက္ခတ် ၂၇ လုံး ရှိသောကြောင့်
၁ ရာသီတွင် ၂၇ ÷ ၁၂ = ၂ ၁/၄ လုံး ရှိ၏။.
တဖန် နက္ခတ် ၁ လုံး လျှင် ၄ ပါဒ်စီ ရှိသောကြောင့်
၁ ရာသီတွင် နက္ခတ်
(၂၇ × ၄) .÷ ၂၇ = ၉ ပါဒ် = ၂ လုံး ၁ ပါဒ် ရှိ၏။
၁ ရာသီတွင် အံသာ ၃၀ စီ ရှိ၏။
တနည်းဆိုလျှင် နက္ခတ် ၉ ပါး၌ ၃၀ အံသာရှိ၏။
ထို့ကြောင့် နက္ခတ် ၁ ပါဒ်၌ ၃၀ ÷ ၉ = ၃ ၁/၃ အံသာ
ရှိ၏။
၁ အံသာတွင် လိတ္တာ ၆၀ ရှိသောကြောင့်
၁ ပါဒ်လျှင် (၃၀ × ၆၀) ÷ ၉ = ၂၀၀ လိတ္တာ =
၃ အံသာ ၂၀ လိတ္တာ ရှိ၏။
ဒုတိယပိုင်း စာပိုဒ် (၂ – ၁၆) တွင် တစ်နဝင်းလျှင် ၃ အံသာ ၂၀ လိတ္တာ ရှိကြောင်း ဖော်ပြခဲ့ပြီး ဖြစ်၏။
ယခု နက္ခတ် တစ်ပါဒ်လျှင် ၃ အံသာ ၂၀ လိတ္တာရှိကြောင်း သိရပြန်ပြီ။ ထို့ကြောင့် တစ်နဝင်းနှင့် ၁ ပါဒ်တို့သည် တူညီကြလေ၏။
တစ်နည်းဆိုလျှင် နဝင်းသင်္ချာနှင့် ပါဒ်သင်္ချာတို့ တူညီကြလေ၏။
နက္ခတ် ၁ ပါဒ်လျှင် ၃ အံသာ ၂၀ လိတ္တာ ရှိသောကြောင့်
နက္ခတ် ၁ လုံးလျှင် ၃ အံသာ ၂၀ လိတ္တာ × ၄
= ၂၀၀ လိတ်တာ × ၄
= ၈၀၀ လိတ်တာ
= ၁၃ အံသာ ၂၀ လိတ္တာ ရှိ၏။

ထို့ကြောင့် နောက်ဆုံးမှတ်ရမည်မှာ –

(က) တစ်ရာသီလျှင် နက္ခတ် ၉ ပါဒ်

(ခ) နက္ခတ် (၁) ပါဒ်လျှင် (၃) အံသာ (၂၀) လိတ္တာ
(ဂ) နက္ခတ် (၁) လုံး လျှင် (၁၃) အံသာ (၂၀) လိတ္တာ စသည်တို့ ဖြစ်၏။

မည်သည့်ရာသီ၊ မည်သည့်အံသာ၌ မည်သည့်နက္ခတ်ပါဒ်ရှိကြောင်း လွယ်ကူစွာ သိရှိနိုင်ရန် အောက်ပါ (၁၂) ရာသီခွင်ဖြင့် ဖော်ပြအပ်ပါသည်။

မိဿရာသီ (၃) အံသာ (၂၀) အတွင်းသည်
အသဝဏီနက္ခတ်၏ ပထမပါဒ်အတွင်း ဖြစ်၏။ ထို့အတူ မိဿရာသီ (၆) အံသာ (၄၀) လိတ္တာအတွင်းသည် အဿဝတီနက္ခတ်၏ ဒုတိယပါဒ်အတွင်း ဖြစ်၏။ မိဿရာသီ (၂၆) အံသာ၊ (၄၀) လိတ္တာမှ ကျော်လွန်လျှင် ကြတ္တိကာနက္ခတ်၏ ပထမပါဒ်အတွင်း ဖြစ်၏။.

ဂြိုဟ်စီး နက္ခတ်

ဇာတာတစ်စောင်ကို ကြည့်လျှင် လဂ်စီးနက္ခတ်နှင့် စန်းစီနက္ခတ်(စင်နက္ခတ်) တို့ကို တွေ့ရပေမည်။ လဂ်စီးနက္ခတ်နှင့် စန်းစီးနက္ခတ်သာ ရှိသည် မဟုတ်ချေ။ လဂ်နှင့်တကွ ဂြိုဟ်အားလုံးမှာ သက်ဆိုင်ရာ စီးနက္ခတ်များ ရှိကြလေသည်။
၄င်းဂြိုဟ်စီးနက္ခတ်တွက်နည်းကို ဖော်ပြခြင်း မပြုတော့ပါ။
ဖော်ပြခဲ့သော ရာသီနှင့် နက္ခတ် ဆက်သွယ်ခြင်းမှ
ချင့်ချိန် ယူပါလေ။
သို့ရာတွင် လွယ်ကူစွာ သိရှိစေရန် ရာသီခွင်နှင့် နက္ခတ် ဆက်သွယ်ပုံတွင် (၁၂) ရာသီခွင်ကို ဖော်ပြခြင်းဖြစ်၏။

ဥပမာ

လဂ်၏ ရာသီ၊ အံသာ၊ လိတ်တာမှ
မိဿရာသီ၊ ၂၄ အံသာ၊ ၃၂ လိတ္တာ ဖြစ်သည်ဟု ဆိုကြပါစို့။
ထို့ကြောင့် လဂ်စီးနက္ခတ်မှာ ဘရဏီနက္ခတ် နောက်ဆုံးပါဒ်အတွင်း ဖြစ်၏။ တစ်နည်းဆိုရလျှင် ဘရဏီနက္ခတ် (၃) ပါဒ်ဖြစ်၏။
သင်္ကေတနည်းဖြင့် ဖော်ပြရသော် နက္ခတ် (၁) လုံး (၃) ပါဒ် ဖြစ်၏။
ဤနည်းအတိုင်းပင် တနင်္လာဂြိုဟ်သည် တူရာသီ၊ ၁၈ အံသာ၊ ၃၀ လိတ္တာဖြစ်သည် ဆိုပါစို့။
စန်းစီးနက္ခတ် (ဝါ) စင်နက္ခတ်မှာ သွာတိနက္ခတ် (၃) ပါဒ် ဖြစ်၏။
သင်္ကေတနည်းဖြင့် ဖော်ပြရသော် နက္ခတ် (၁၄)လုံး (၃) ပါဒ် ဖြစ်၏။

စင်နက္ခတ် အဟော။
(၁) အဿဝဏီနက္ခတ်

အဿဝဏီ နက္ခတ်နှင့် ယှဉ်၍ မွေးဖွားသူသည်
ချောမောလှပသော ကိုယ်ခန္ဓာရှိသည်။ ဝတ်စားဆင်ယင် ထုံးဖွဲ့မှု၌ စိတ်ဝင်စားသည်။ လူအများ၏ ချစ်ခင်ခြင်းကို ခံရသည်။ လိမ္မာပါးနပ်သည်။ ကိစ္စရပ်တိုင်း၌ ပြီးမြောက်စေရန် ဆောင်ရွက်တတ်သည်။ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာ နေရတတ်သည်။

(၂) ဘရဏီ

ဘရဏီနက္ခတ်နှင့်ယှဉ်၍ မွေးဖွားသူသည် တည်ငြိမ်စွာ နေထိုင်တတ်သည်။ မှန်ကန်သော သစ္စာစကားကိုပြောဆိုတတ်သည်။ ကျန်းမာရေး ကံကောင်းသည်။ ဘဝတစ်လျှောက်လုံး ပျော်ရွှင်စွာ နေထိုင်ရတတ်သည်။ အစစအရာရာ လေ့လာဆည်းပူးလိုသော စိတ်ဆန္ဒရှိသည်။ ချမ်းသာစွာ နေထိုင်ရတတ်သည်။

(၃) ကြတ္တိကာနက္ခတ်

ကြတ္တိကာနက္ခတ်နှင့် ယှဉ်၍ မွေးဖွားသူသည် မိမိခံစားချက် အကြံအစည်တို့ကို ဖွင့်ဟပြောဆိုခြင်း မပြုတတ်ပေ။ ကာမရာဂစိတ် ပြင်းထန်သည်။ အလိုရမက် ကြီးလေသည်။ ကျန်းမာသန်စွမ်းသည်။ ဆုံးဖြတ်ချက် ခိုင်မာသည်။ ငွေကြေးစုဆောင်းတတ်သော အလေ့အကျင့် ရှိသည်။ အထက်လွှာ လူတန်းစား၊ အစိုးရအရာရှိတို့နှင့် ရင်းနှီးစွာ ဆက်ဆံခွင့် ရတတ်လေသည်။

(၄) ရောဟဏီ

ရောဟဏီနက္ခတ်နှင့် ယှဉ်၍ မွေးဖွားသောသူသည် မှန်ကန်သော သစ္စာစကားကိုသာ ပြောဆိုတတ်လေသည်။ စကားလက်ဆုံ ပြောကြားရာတွင် ကျွမ်းကျင်လေသည်။ တည်ငြိမ်သောစိတ် ရှိလေသည်။ ခြိုးချန်စွာ သုံးစွဲတတ်လေသည်။ မျက်လုံးမှာ ထူးခြားစွာ ပြူးခြင်း ကျယ်ခြင်း ရှိတတ်လေသည်။

(၅) မိဂသီ

မိဂသီနက္ခတ်နှင့် ယှဉ်၍ မွေးဖွားလာသောသူသည် အရာရာကို လေ့လာသော သဘာဝရှိသည်။ စကားအပြောအဆို ပြေပြစ်သည်။ ချမ်းသာကြွယ်ဝသည်။အိမ်ထောင်ရေး ကံကောင်းသူဟု ဆိုရမည်။ ဒုက္ခ အခက်အခဲ အမျိုးမျိုးအကြားမှ .လွတ်မြောက်သည်ထိ ရုန်းကန်နိုင်စွမ်း ရှိလေသည်။

(၆) အဒြနက္ခတ်

အဒြနက္ခတ်နှင့် ယှဉ်၍ မွေးဖွားသောသူသည် သိပ်သည်း ကျစ်လစ်သော ခန္ဓာကိုယ် ရှိသည်။ တစ်ကိုယ်ကောင်း ဆန်တတ်သည်။ မာနကြီးသည်။ ကြီးမားသော တာဝန်ကို ထမ်းဆောင်နိုင်စွမ်း မရှိချေ။ သဘောထား ကောက်ကျစ်ပြီး အလွယ်တကူ စိတ်ဆိုးတတ်သည်။

(၇) ပုဏ္ဏဗသျှု

ပုဏ္ဏဗသျှုနက္ခတ်နှင့် ယှဉ်၍ မွေးဖွားသောသူသည် ကိုယ်ကျင့်တရား ကောင်းမွန်သော်လည်း စကား အပြောအဆို ကြမ်းတမ်းလေသည်။ လိမ်မာပါးနပ်သလောက် ကောက်ကျစ်စဉ်းလဲတတ်သည်။ ရေ ခဏခဏ သောက်တတ်သည်။

(၈) ဖုသျှ

ဖုသျှနက္ခတ်နှင့် ယှဉ်၍ မွေးဖွားသောသူသည် ဥပဒေအရာရှိ၊ ရှေ့နေ၊ တရားသူကြီး စသည်တို့ ဖြစ်နိုင်သည်။ အစစအရာရာကို စေ့စေ့စပ်စပ် လေ့လာတတ်သည်။ ချမ်းသာကြွယ်ဝခြင်းဖြင့် ထင်ပေါ်နိုင် လေသည်။

(၉) အသလိဿ

အသလိဿနက္ခတ်နှင့်ယှဉ်၍ မွေးဖွားသောသူသည် ပျော်ရွှင်စွာ နေထိုင်တတ်လေသည်။ ကျန်းမာသန်စွမ်းသည်။ ဆုံးဖြတ်ချက် ခိုင်မာသည်။ စေ့စပ် သေချာသည်။ စကားအရာ၌ ကျွမ်းကျင်လိမ္မာသည်။

(၁၀) မာဃ

မာဃနက္ခတ်နှင့် ယှဉ်၍ မွေးဖွားသောသူသည် အခြွေအရံ အပေါင်းအသင်းတို့၏ အလယ်၌ တင့်တယ်စွာ နေရတတ်သည်။ ချမ်းသာကြွယ်ဝသည်။ ကြက်သရေရှိသော ခန္ဓာကိုယ် ရှိ၍ လှပသော အိမ်ထောင်ဖက် ရတတ်သည်။ ပန်း၊ ရေမွှေး စသော နံ့သာတို့ကို မြတ်နိုးတတ်သည်။ အခိုင်းအစေနှင့် အဆင့်အတန်းမြင့်မားစွာ နေထိုင်ရတတ်သည်။

(၁၁) ပြုဗ္ဗဖလဂုနီ

ပြုဗ္ဗဖလဂုနီနက္ခတ်နှင့် ယှဉ်၍ မွေးဖွားသောသူသည် ချိုသာသောစကားကို ပြောဆိုတတ်သည်။ ရှေ့ရေးကို မြော်မြင်တတ်သည်။ အရောင်းအဝယ်လုပ်ငန်းဖြင့် ချမ်းသာကြွယ်ဝပေမည်။ အစိုးရတာဝန် ထမ်းဆောင်လျှင်လည်း အရာရှိအဆင့်သို့ ရောက်ရပေမည်။

(၁၂) ဥတ္တရဖလဂုနီ

ဥတ္တရဖလဂုနီနက္ခတ်နှင့် ယှဉ်၍ မွေးဖွားသောသူသည် လူမချမ်းသာသော်လည်း စိတ်ချမ်းသာသည်။ သစ္စာတရား ရှိသည်။ အပြောအဆို တိုတောင်းသည်။

(၁၃) ဟဿတ

ဟဿတနက္ခတ်နှင့် ယှဉ်၍ မွေးဖွားသောသူသည် အကြံအစည် ကြီးမားသည်။ သတ္တိပြောင်မြောက်သည်။ အရှက်အကြောက်မရှိ။ အစဉ်မပြတ် လေ့လာတတ်သော သဘာဝရှိသည်။ မြင့်မားသော အစိတ်အပိုင်း ရောက်ရှိတတ်လေသည်။ သူတစ်ပါး အသုံးအဆောင် ပစ္စည်းကို နှစ်သက်မြတ်နိုးတတ်လေသည်။

(၁၄) စိတြနက္ခတ်

စိတြနက္ခတ်နှင့် ယှဉ်၍ မွေးဖွားလာသောသူသည် ချစ်စဖွယ် မျက်လုံးကလေးပိုင်ရှင် ဖြစ်သည်။ ပျော့ပြောင်းသော ကိုယ်ခန္ဓာရှိသည်။ စိတ်နေ သဘောထား ဖြူစင်သည်။ ကျောက်မျက်ရတနာတို့ကို မြတ်နိုးတတ်သည်။ ပေးကမ်းစွန့်ကြဲသော စိတ်ထား ရှိသည်။

(၁၅) သွာတိ

သွာတိနက္ခတ်နှင့် ယှဉ်၍ မွေးဖွားသောသူသည် မိဘကို လုပ်ကျွေးပြုစုတတ်သည်။ ချိုသာသော စကားကို ပြောဆိုတတ်သည်။ ကိုယ့်ဒူးကိုယ်ချွန် လူရည်မွန် ဖြစ်တတ်သည်။ ချမ်းသာကြွယ်ဝသည်။ ကြည့် ၍ ကောင်းသော ကိုယ်ခန္ဓာ ရှိသည်။ အရာရှိ လူဂုဏ်တန် ဖြစ်ရတတ်သည်။

(၁၆) ဝိသာခါ

ဝိသာခါနက္ခတ်နှင့် ယှဉ်၍မွေးဖွားလာသောသူသည် အဆင့်အတန်းနိမ့်သော အလုပ်နှင့် အသက်မွေး ဝမ်းကျောင်း ပြုရတတ်သည်။ စကားပြောဆိုရာတွင် သတိမလွတ်စေပဲ ပြောဆိုရတတ်သည်။ စကားကို တိုတိုတုတ်တုတ် ပြောတတ်သည်။ ခန္ဓာကိုယ်မှာ ရှုချင်စဖွယ် ဖြစ်လေသည်။

(၁၇) အနုရာဝ

အနုရာဝနက္ခတ်နှင့် ယှဉ်၍ မွေးဖွားသောသူသည် ပတ်ဝန်းကျင်၏ ချီးမြှင့် မြှောက်စားမှုကို ခံရလေသည်။ ချမ်းသာကြွယ်ဝ တတ်သည်။ မိဘကို လုပ်ကျွေးပြုစုတတ်သည်။ ဆင်စီးပြီး မြင်းရံသည်ဟူသော စည်းစိမ်မျိုးကို ခံစားရပေမည်။ လှပသော ဆံပင်၊ နီကြန့်ကြန့်မျက်လုံး ရှိတတ်သည်။ အိမ်ထောင်ဖက်ကို ရွေးလွန်းသည်။ အစဉ်သဖြင့် ခရီးသွားလာတတ်၍ နိုင်ငံခြားသို့ သွားရောက် နေထိုင်တတ်သည်။

(၁၈) ဇေဋ္ဌနက္ခတ်

ဇေဋ္ဌနက္ခတ်နှင့် ယှဉ်၍ မွေးဖွားလာသောသူသည် ပျော်ရွှင်စွာ နေထိုင်တတ်သည်။ သို့သော် စိတ် ကောက်တတ်သည်။ ကြမ်းတမ်းညစ်ငြမ်းသော စကားတို့ကို ပြောဆိုတတ်သည်။ ဆင်းဆင်းရဲရဲ နေထိုင်ရတတ်သည်။ မိတ်ဆွေအပေါင်းအသင်း နည်းတတ်သည်။

(၁၉) မူလနက္ခတ်

မူလနက္ခတ်နှင့် ယှဉ်၍ မွေးဖွားလာသောသူသည် စည်းကမ်းဖြင့် စနစ်တကျ နေထိုင်တတ်သည်။ အမျိုးကို စိတ်နာသည်။ မာနကြီးသည်။ အကြံအစည် မြင့်မြတ်သည်။ ချမ်းသာကြွယ်ဝသည်။ စကားအပြောအဆို နည်းတတ်လေသည်။

(၂၀) ပြုဗ္ဗသန်နက္ခတ်

ပြုဗ္ဗသန်နက္ခတ်နှင့် ယှဉ်၍ မွေးဖွားလာသောသူသည် အရပ်ပုတတ်သည်။ စိတ်တိုတတ်သည်။ ချစ်စဖွယ်ကောင်းသော အိမ်ထောင်ဖက်နှင့် အိမ်ထောင် ကျရတတ်သည်။ အမြော်အမြင်ကြီးသည်။ မိဘကို သနားတတ်သည်။ သစ္စာရှိတတ်သည်။ ခရီးထွက်ခြင်းကို အထူးဝါသနာပါသည်။ ဆန့်ကျင်ဖက်လိင်တို့၏ အထင်ကြီးခြင်းကို ခံရတတ်သည်။ သူဌေးသူကြွယ်တို့နှင့် မိတ်ဆွေအပေါင်းအသင်း ဖြစ်ရတတ်သည်။

(၂၁) ဥတ္တသန်နက္ခတ်

ဥတ္တသန်နက္ခတ်နှင့် ယှဉ်၍ မွေးဖွားသောသူသည်
အစဉ်သဖြင့် အမှားနှင့်အမှန်ကို ခွဲခြားဝေဖန်တတ် သည်။ အမျိုးကို စောင့်ရှောက်တတ်သည်။ မိဘကို လုပ်ကျွေးတတ်သည်။ အသားငါးတို့ကို နှစ်ခြိုက်စွာ စားတတ်သည်။ ကျမ်းမာသန်စွမ်းသော ကိုယ်ခန္ဓာ ရှိတတ်သည်။ ပေါ်လွင်သော နှာတံနှင့် နက်မှောင်သော မျက်လုံးတို့ ရှိတတ်သည်။ ထင်ပေါ်ကျော်ဇောတတ် သည်။

(၂၂) သရဝဏ်

သရဝဏ်နက္ခတ်နှင့် ယှဉ်၍ မွေးဖွားသောသူသည် ဆန့်ကျင်ဖက် လိင်တို့အပေါ် လွန်စွာ စိတ်ဝင်စားတတ်သည်။ ထင်ပေါ်ကျော်ကြား၍ လူကြီး လူကောင်း ဂုဏ်သိက္ခာ အင်္ဂါနှင့် ပြည့်စုံတတ်သည်။

(၂၃) ဓနသိဒ္ဓနက္ခတ်

ဓနသိဒ္ဓ နက္ခတ်နှင့် ယှဉ်၍ မွေးဖွားသောသူသည် အနုပညာရပ်များကို နှစ်သက်မြတ်နိုး တတ်သည်။ ကြောက်လန့် တုန်လှုပ်ခြင်းမရှိ။ လွတ်လပ်စွာ နေထိုင်လိုသော စိတ်ဆန္ဒ ရှိလေသည်။ မြင့်မြတ်သော နေရာ၌ နေထိုင်တတ်သည်။ တိုးတက် ခေတ်မီသော အတွေးအခေါ် အယူအဆ ရှိတတ်သည်။

(၂၄) သတဗီသျှနက္ခတ်

သတဗီသျှနက္ခတ်နှင့် ယှဉ်၍ မွေးဖွားသောသူသည် ဥပဒေပညာရပ်ကို မြတ်နိုးတတ်သည်။ မှန်ကန်သော စကားကိုသာ ပြောဆိုတတ်သည်။ ရဲရင့်တည်ကြည် သည်။ အစစ အရာရာ စေ့စပ် သေချာသည်။ လွတ်လပ်မှု မရှိချေ။ မင်းအစိုးရ၏ ချီးမြှင့်မြှောက် စားခြင်းကို ခံစားရတတ်သည်။

(၂၅) ပြုဗ္ဗဘဒြပိုဒ်နက္ခတ်

ပြုဗ္ဗဘဒြပိုဒ် နက္ခတ်နှင့် ယှဉ်၍ မွေးဖွားလာသောသူသည် အစဉ်မပြတ် စဉ်းစားတတ်သည်။ မိမိရည်မှန်းသော အချိန်ထက် စော၍ အိမ်ထောင်ကျရတတ်သည်။ ဆန့်ကျင်ဖက် လိင်တို့၏ အထင်ကြီးခြင်း၊ စိတ်ဝင်စားခြင်း တို့ကို ခံစားရတတ်သည်။ ဆန့်ကျင်ဖက်လိင်တို့အတွက် ငွေကို ရက်ရောစွာ သုံးဖြုန်းတတ်သည်။ ရွှေငွေ ရတနာ ချမ်းသာကြွယ်ဝတတ်လေသည်။

(၂၆) ဥတ္တရဘဒြပိုဒ်နက္ခတ်

ဥတ္တရဘဒြပိုဒ်နက္ခတ်နှင့် ယှဉ်၍ မွေးဖွားသောသူသည် နဂိုသဘာဝအတိုင်း နေထိုင်တတ်သည်။ ပြောရဲဆိုရဲသော သတ္တိရှိသည်။ ဆင်ခြေပြသော အကျင့်ကို မနှစ်သက်တတ်ပေ။ အစဉ်သဖြင့် တိုးတက်ရာတိုးတက်ကြောင်းကို ကြံစည်နေတတ်လေသည်။

(၂၇) ရေဝတီနက္ခတ်

ရေဝတီနက္ခတ်နှင့် ယှဉ်၍ မွေးဖွားသောသူသည် ခြောက်ပြစ်ကင်းသော ကိုယ်ခန္ဓာရှိသည်။ ထင်ပေါ်ကျော်ဇောသည်။ ရဲရင့်တည်ကြည်၍ ပြတ်သားသော သဘောရှိသည်။ ငွေကြေးစုဆောင်းတတ်သော အကျင့် ရှိသည်။ အိမ်ထောင်ရေး ကံမကောင်းလှပေ။ အဓိပ္ပါယ်နက်နဲသော စကားကိုသာ ပြောဆိုတတ်လေသည်။

ရေးသားသူ – ညွန့်လွင်(စက်မှုတက္ကသိုလ်)

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။