တစ်ဂဏန်းသမားများအကြောင်း

Astrology
တစ်ဂဏန်းသမားများအကြောင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တစ်ဂဏန်းသမားများအကြောင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တစ်ဂဏန်းသမားများအကြောင်း

အင်္ဂလိပ်မွေးနေ့ 1 . 10 . 19 . 28 နေ့မွေးသူများ အားလုံး( 1 ) ဂဏန်းသမား များဖြစ်ကြပါတယ်….

ဒီ “နျူမရိုလိုဂျီ” ဆိုတဲ့ သင်္ချာဗေဒင်ပညာဟာ ဘီစီ ၆ရာစုနှစ်လောက်မှာ “ဘာဘီလုံးနီးယန်းယဉ်ကျေးမှု” ကို တည်ထောင်ခဲ့တဲ့ “ချားလ်ဒီးယန်း” လူမျိုးစုတွေက တီထွင်ခဲ့ကြတာပါ။ အမှန် ကတော့ သင်္ချာဗေဒင်မှာသုံးတဲ့ သင်္ချာနံပါတ်တွေဟာ ဂြိုဟ်တွေရဲ့သင်္ကေတတွေဖြစ်ပါတယ်။

နံပါတ်(၁)ဆိုရင် တနင်္ဂနွေဂြိုဟ် (နေမင်း) ရဲ့ သင်္ကေတ။ နံပါတ်(၂)ဆိုရင် တနင်္လာဂြိုဟ်(လမင်း)ရဲ့ သင်္ကေတ စသည်ဖြင့် သတ်မှတ်ခဲ့ကြတာပါ။

ဒါပေမဲ့ ပြဿနာက အဲဒီအချိန်တုန်းက ဂြိုဟ်က (၇)လုံးဘဲ ရှာတွေ့သေးတယ်ဗျ။ “တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ၊ စနေ” ပေါ့ဗျာ။ ဒါပေမယ့် ဂဏန်းသင်္ချာမှာက (၁)ကနေ (၉) အထိ (၉)လုံးဖြစ်နေတယ်။ နံပါတ် (၁ဝ)ကို (၁)လို့ ပြန်ယူတော့ အားလုံး (၉)လုံးပေါ့ဗျာ။ ဂြိုဟ်က(၇)လုံးနဲ့ ဂဏန်းက(၉)လုံး ဆိုတော့ မကိုက်ဘူးဖြစ်နေတယ်။

အဲဒီမှာ “ချားလ်ဒီးယန်းတွေက တနင်္ဂနွေဂြိုဟ်(နေမင်း)ဟာ ကောင်းကင်မှာ အကြီးဆုံးဂြိုဟ်ဖြစ်တဲ့အတွက် သူ့ကို ဂဏန်းနှစ်လုံး ပေးမယ် ဆိုပြီး တနင်္ဂနွေဂြိုဟ်အတွက် (၁)ဂဏန်းအပြင် (၄)ဂဏန်းကိုပါ အပိုင်စားပေးလိုက်တယ်။ (၁)ဂဏန်းကို တနင်္ဂနွေ အဖို(+)လို့ သတ်မှတ်ပြီး (၄)ဂဏန်းကို တနင်္ဂနွေအမ(-) လို့ သတ်မှတ်တယ်။ နောက် ဒုတိယ အကြီးဆုံးဖြစ်တဲ့ လမင်း(တနင်္လာဂြိုဟ်)ကို (၂)ဂဏန်း အပြင် (၇) ဂဏန်းကိုပါ ပူးတွဲအပိုင်စားပေးလိုက်တယ်။ သူ့ကိုကျတော့ (၇)ဂဏန်းကို တနင်္လာအဖို (+)လို့ သတ်မှတ်ပြီး (၂)ဂဏန်းကို တနင်္လာအမဓာတ်(-)လို့ သတ်မှတ်ပြန်တယ်။

(၁)ဂဏန်းဟာ တနင်္ဂနွေဂြိုဟ်ဆိုတဲ့ “နေမင်း” က စိုးမိုးထားတဲ့ နေမင်းရဲ့ သင်္ကေတ ဂဏန်းတစ်ခုဘဲ။ နေမင်းကြီးကြောင့် ကျွန်တော်တို့ရဲ့ နေစင်္ကြာဝဠာအဖွဲ့အစည်းကြီးဖြစ်လာသလို လူသားအပါအဝင် သက်ရှိတွေဟာလည်း နေမင်းသာ မရှိရင် ဘယ်လိုမှ အသက်ရှင်နိုင်မှာ မဟုတ်ဘူး။

ဒါကြောင့် (၁)ဂဏန်းဟာ သိပ်ပြီး အရှိန်အဝါ ကြီးတဲ့ ဂဏန်းတစ်ခုလို့ ကျွန်တော်ဆိုချင်တယ်။

(၁)ဂဏန်းဟာ နေမင်းရဲ့ ဂဏန်းဖြစ်သလို၊ ဂဏန်းသင်္ချာမှာ “ပထမဆုံးနေရာ” မှာ ရှိနေတဲ့အတွက် (၁)ဂဏန်းသမားတွေဟာ ဘယ်လိုပတ်ဝန်းကျင်အခြေအနေမှာဘဲဖြစ်ဖြစ် ထင်ထင် ပေါ်ပေါ် ရှိတယ်။

အကြီးအမှူးခေါင်းဆောင်ဖြစ်တတ်တယ်။ အဆင့်မြင့်တဲ့နေရာမှာ နိုင်ငံအကြီးအကဲလိုဖြစ်နိုင်သလို ၊ အဆင့်နိမ့်တဲ့ ဘဝမျိုးမှာဆိုရင်လည်း သူ့အဆင့်နဲ့သူ အကြီးအကဲဖြစ်လေ့ရှိတယ်

။ ဥပမာ- ရက်ကွက်ထဲမှာဆို ရက်ကွက် လူကြီးလိုမျိုး၊ အလုပ်သမားထဲမှာဆို အလုပ်သမားခေါင်း လိုမျိုးပေါ့ဗျာ။ ဒီတော့ (၁)ဂဏန်းသမားတွေအနေနဲ့ ကိုယ့်ဘဝ အဆင့်အတန်းနဲ့ကိုယ် အကြီးအကဲ၊ခေါင်းဆောင်ဖြစ်ဖို့ ကံဇာတာပါလာသူတွေလို့ ဆိုရမှာပေါ့။ အဲဒီတော့ (၁)ဂဏန်း သမားတွေရဲ့ ယေဘူယျ လက္ခဏာ စရိုက်တွေကို ကြည့်မယ်ဆိုရင် –

= (၁)ဂဏန်းသမား တွေဟာ ရုပ်ဝါဒဆန်တယ်။ လက်တွေ့ကျတယ်။ စိတ်ကူးသိပ်မယဉ်တတ်ဘူး။ နေရာတကာမှာ ဦးဆောင်လိုတယ်။ လွှမ်းမိုးလိုတယ်။ ကိုယ်ချင်းစာတရား နည်းပါးတတ်တယ်။ ခေါင်းမာတယ်။ အကြောမာတယ်။ အကြောက် အလန့်နည်းတယ်။ နေရာတကာ အပေါ်စီးကသာ နေလိုတယ်။

ရည်မှန်းချက် အလွန်ကြီးတယ်။ ဒါပေမယ့် သူတို့ရည်မှန်းချက်ကြီးတာကို လူသိ သိပ်မခံဘူး။ လျို့ဝှက်ကြံစည်တတ်တယ်။ အချိန်အခါကောင်း အခွင့်အရေးကောင်းစောင့်နိုင်ကြတယ်။ ကိုယ့်ဘဝတက်လမ်းကို အမြဲကြံစည်နေတယ်။ စီးပွားအရှာ ကောင်းတယ်။ ဇွဲကောင်းတယ်။ စိတ်အပြောင်းအလဲနှေးတယ်။ တစ်ယူသန်ဆန်တတ်တယ်။

ရုပ်ပိုင်းဆိုင်ရာမှာ တည်ငြိမ်တယ်။ တော်ရုံတန်ရုံ ခြောက်ရုံနဲ့ မကြောက်တတ်သလို တော်ရုံတန်ရုံ မြှောက်ရုံနဲ့လည်း မမြောက်တတ်ဘူး။ (၄)ဂဏန်းသမားတွေနဲ့ ကွာခြားတာက သူတို့ဟာ ဘဝအပြောင်းအလဲ နှေးကွေးတယ်။ ရုတ်ချည်း တက်လိုက်ကျလိုက် ဖြစ်ခဲတယ်။ တက်မိရင်လည်း တော်တော်နဲ့ ပြန်မကျဘူး။ ကျမိရင်လည်း တော်တော်နဲ့ ပြန်မတက်တော့ ဘူး။

လူအများနဲ့ ပေါင်းသင်းဆက်ဆံတဲ့နေရာမှာ အဆင်ပြေလေ့မရှိဘူး။ (ဘာဖြစ်လို့လည်းဆိုတော့ ဘယ်သူမှ သူတို့လောက် သိတယ်၊ တတ်တယ်လို့ မထင်လို့၊ ဒီနေရာမှာတော့ (၄)ဂဏန်းသမားတွေနဲ့ သွားတူနေပါတယ်)။ သူတို့ဟာ လူမှုပတ်ဝန်းကျင်မှာ သီးခြားလိုဖြစ်နေတယ်။ အပေါင်းအသင်းကို ရွေးချယ်ပေါင်းလေ့ရှိတယ်။ အပေါင်းအသင်း မိတ်ဆွေ နည်းတတ်တယ်။

(၁)ဂဏန်းသမားအတော်များများဟာ အိမ်ထောင်ဘက်ကောင်းကို ရတာများတယ်။ ဒါပေမယ့် သူတို့ဟာ ကိုယ့်အိမ်ထောင်ဘက်အပေါ်မှာ အလွန်လွှမ်းမိုးတတ်ပြီး ချစ်ခင်ကြင်နာစိတ် လည်း နည်းတတ်ကြတယ်။ တစ်ချို့ (၁)ဂဏန်း သမား ယောင်္ကျားတွေဆိုရင် မိန်းမအပေါ်မှာ အလွန်အနိုင်ကျင့်တတ်လေ့ရှိတယ်။(အထူးသဖြင့် (၂၈)ဂဏန်း)
ဒါပေမယ့် သူတို့ဟာ တာဝန်ကျေပွန်တဲ့ လင်ကောင်း၊ မိခင်ဖခင်ကောင်းတွေ ဖြစ်တာများတယ်။ သူတို့ဟာ သူတို့အချစ်ကို ဖွဲ့ဖွဲ့နွဲ့နွဲ့ မဖော်ပြတတ်ပေမယ့် အိမ်ထောင်ဘက်နဲ့ သားသမီးတွေအပေါ်မှာတော့ အလွန်တာဝန်ကျေတတ်ကြသူများ ဖြစ်ကြ ပါတယ်။

(၁)ဂဏန်းသမားတွေဟာ အုပ်ချုပ်ရေးနဲ့ ဆိုင်တဲ့နေရာ၊ ဆေးပညာ၊ စစ်ဘက်ဆိုင်ရာတွေမှာဆိုရင် အလွန်ရာထူး တက်လွယ်ကြတယ်။ အောင်မြင်လွယ်ကြတယ်။ တစ်ချို့ဆို “မရွယ်ဘဲ စော်ကဲမင်းဖြစ်” ဆိုတာလို မြင့်မားတဲ့ နေရာဌာန တွေကို မကြံရွယ်ဘဲ ရောက်လာတတ်ကြတယ်။

(၁)ဂဏန်းသမားတွေရဲ့ အဆိုးဆုံး ဉာဉ်ကတော့ သူတို့ဖြစ်ချင်တာကို ဇွတ်အတင်းဖြစ်စေလိုကြတာဘဲဖြစ်ပါတယ်။ (၁)ဂဏန်းသမားတစ်ယောက် ပျက်စီးချိန်တန်လာရင် အချိန်ဆွဲနေရတာကို သည်းမခံနိုင်တော့ဘဲ ဇွတ်အတင်း ထ,လုပ်ကြတဲ့ အချိန်မှာဘဲဖြစ်တတ်လေ့ရှိပါတယ်။

(၁)ဂဏန်းသမားတွေဟာ သူတစ်ပါးပေးတဲ့ အကြံဉာဏ်တွေကို လွယ်လွယ်နဲ့ လက်ခံလေ့မရှိဘူး။ သူတို့ကို နှစ်သိမ့် ဖြောင်းဖြနိုင်သူဆိုလို့ (၂)ဂဏန်းသမားတွေဘဲ ရှိတယ်။ ကောင်းကင်မှာ “နေ နဲ့ လ” ဟာ နှစ်ပါးစုံတွဲနေသလို (၁)ဂဏန်း သမားတွေဟာ (၂)ဂဏန်းသမားတွေနဲ့ အလွန်သင့်မြတ်ကြတယ်။

(၁)ဂဏန်းသမားတွေဟာ (၂)ဂဏန်းသမားတွေကို ချစ်ခင်မြတ်နိုးလွယ်တတ်ကြတယ်။ စောင့်ရှောက်တတ်ကြတယ်။ (၂)ဂဏန်းသမားတွေဟာလည်း (၁)ဂဏန်းသမားတွေ အပေါ်မှာ အလွန်သစ္စာရှိတတ်ပြီး ပျက်စီးအောင် လုပ်လေ့ မရှိ တတ်ကြဘူး။

(၁)ဂဏန်းသမားတွေအတွက် အကောင်းဆုံး မိတ်ဆွေ၊ ဘဝအဖော်မွန်ဟာ (၂)ဂဏန်းသမားဘဲဖြစ်ပါတယ်။ ဒုတိယအကောင်းဆုံးက (၅)ဂဏန်းသမားနဲ့ (၇)ဂဏန်းသမား တွေဖြစ်တယ်။ (၁)နဲ့ (၄)ဟာ အဖို နဲ့ အမဓာတ်ဆိုပေမယ့် သိပ်မတည့်တတ်ဘူး။ (၁)ဂဏန်းသမားတွေကို အန္တရာယ် ပေးနိုင်တာက (၈)ဂဏန်းသမားနဲ့ (၉)ဂဏန်းသမားတွေ ဖြစ်ပါတယ်။

(၁)ဂဏန်းသမားတွေ အထူးသတိထားရမှာက လောဘသက္ကာယကြီးလွန်းတာ၊ အလွန်အမင်း တိုးတက်ကြီးပွား ချင်တာတွေဘဲဖြစ်ပါတယ်။ (၁)ဂဏန်းသမားတွေဟာ ရောင့်ရဲနိုင်ဖို့ အလွန်ခဲယဉ်းပါတယ်။ ဒီလို မရောင့်ရဲနိုင်မှုကြောင့် နောက်ဆုံး ကျဆုံးပျက်စီးခြင်းနဲ့ အဆုံးသတ်ရတတ်ပါတယ်။ အဲဒီ အထဲမှာ (၁)ရက်နေ့ မွေးဖွားသူများနဲ့ (၂၈)မွေးဖွားသူများ ဟာ အဆိုးဆုံးဖြစ်ပါတယ်။

(၁)ဂဏန်းသမားတွေဟာ ဘာသာရေးဘက်မှာ အားနည်းတတ်ကြတယ်။ ဘာသာရေးယုံကြည်မှုနည်းတယ်။ ဒါပေမယ့် သက်ဝင်ယုံကြည်လာပြီဆိုရင်လည်း သူများထက် ထူးအောင် ကျင့်ကြံအားထုတ်နိုင်သူတွေဖြစ်တယ်။

(၁)ဂဏန်းသမားတွေ နောက်ဆုံးသတိထားရမှာက သူတို့ဟာ နေမင်းရဲ့ အမှတ်အသားဖြစ်တဲ့အတွက် နေဆိုတာ အထွက်ရှိသလို၊ အဝင်ရှိပါတယ်။ နေမွန်းတည့်အချိန်မှာ ထွန်းတောက် ပူပြင်းသလောက် နောက်ဆုံးမှာ နေဝင်ချိန်ရောက်ပြီး သူတို့ရဲ့ အလင်းဓာတ်လည်း ပျောက်ရတတ်ပါတယ်။ ဒါကြောင့် (၁)ဂဏန်းသမားများဟာ ဘဝနေဝင်ချိန်၊ တတိယ အရွယ်မှာ အထူးဂရုပြုပါ။ (လူတိုင်းမဟုတ်ပေမယ့် ) အကျနာတတ်ပါတယ်။ အိုဇာတာ ညံ့တတ်ပါတယ်။

Current of Destiny ဆိုတဲ့ နောက်ဆုံး မွေးသက္ကရာဇ် ခုနှစ်ဂဏန်းကောင်းလွန်း တဲ့သူများသာ တတိယအရွယ်အထိ ကောင်းစားတတ်ပြီး၊ မွေးခုနှစ်ဂဏန်းမကောင်းပါက အိုဇာတာအလွန်ညံ့တတ်တာ သတိပြုပါ။

(၁)ဏန်းမှာလည်း ယေဘူယျ စရိုက်လက္ခဏာများ

(၁) ရက်နေ့မွေးသူကို ကျွန်တော်တို့နျူမရိုလိုဂျီပညာရှင်တွေက “ထီးတည်း” ဂဏန်းလို့သတ်မှတ်တယ်။ အမှန်တော့ (၁)ရက်နေ့ကနေ (၉)ရက်နေ့အတွင်း မွေးတဲ့သူမှန်သမျှ “ထီးတည်း” ဂဏန်းတွေချည်းပါဘဲ။

“ထီးတည်း” ဂဏန်းဆိုတဲ့ အတိုင်း (၁)ဂဏန်းသမားတွေရဲ့ ဘဝဟာ အထီးကျန်တယ်။ ပတ်ဝန်းကျင်နဲ့ သဟဇာတ သိပ်မဖြစ်ဘူး။ ပတ်ဝန်းကျင်နဲ့ သိပ်ပြီး ဒွေးရောယှက်တင်မနေတတ်ဘူး။ အသက်ကြီးလေ အထီးကျန်ဖြစ်လေ ဖြစ်တတ်တယ်။ သူတို့နဲ့ သူတို့ မိသားစု၊ တပည့်တပန်းတွေရဲ့ ဆက်ဆံရေးက “ချစ်ကြောက်ရိုသေ” လို့ ပြောရမယ်ထင်တယ်။ (၁ဝ)ဂဏန်းသမား တွေကျတော့ ဉာဏ်ပညာထက်မြက်ပြီး ဝီရိယနည်းတယ်။ ဝီရိယထက် ဉာဏ်ကို ပိုမိုအားကိုးတတ်တယ်။ မိသားစု သံယောဇဉ် နည်းတယ်။ ဖြတ်ထိုးဉာဏ်ကောင်းတယ်။ အကင်းပါးတယ်။

(၁၉)ဂဏန်းကျတော့ အပေါင်းအသင်းဆန့်တယ်။ လူချစ်လူခင်များတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင် တတ်တယ်။ နာမည်အလွန်ကျော်ကြားတတ်တယ်။
(၂၈)ဂဏန်းတွေကတော့ ခေါင်းအမာဆုံးဘဲဗျို့။ ဇွတ်တရွတ်နိုင်တယ်။ ဒေါသ အလွန်ကြီးမယ်။ အိမ်ထောင်ဘက်အပေါ် အလွန်နိုင်မယ်။ အပေါင်းအသင်းများသလောက် လူချစ်လူခင်မများတတ်ဘူး။ စီးပွားရေးကို ကျားကုတ်ကျားခဲ ရှာတတ်တယ်။ အလွန် အတ္တစိတ်ကြီးမယ်။ ပြောရမယ်ဆိုရင်တော့ (၂၈)ရက်ဖွားတွေဟာ တကယ့် “ဖိုက်တာ” တွေများတယ်ဗျ။ ဒါပေမယ့် တတိယအရွယ်မှာတော့ စိတ်ပျော့ပျောင်းသွားတတ်ကြပါတယ်။

(၁)ဂဏန်းသမားတွေထဲက ကမ္ဘာကျော် ပုဂ္ဂိုလ်များ

(၁)ဂဏန်းသမား ကမ္ဘာကျော်တွေက များလွန်းလို့ လူသိများတဲ့ အနည်းအကျဉ်းလောက်ဘဲ ပြောတော့မယ်။ သူတို့ကတော့ ” ကမ္ဘာပေါ်မှာ အချမ်းသာဆုံးဆိုတဲ့ သူဌေးကြီး ဘီလ်ဂိတ် က(၂၈)ရက်ဖွား၊ အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန် က(၁၉ရက်ဖွား)၊ ရုရှားနိုင်ငံရဲ့ ပထမဆုံးသမ္မတ ဘောရစ်ယဲ့ဆင် က(၁)ရက်ဖွား၊ ဟောလီဝုဒ် ရုပ်ရှင်မင်းသား ဘရုစ်ဝီလီ က(၁၉)ရက်ဖွား၊ ဝေလမင်းသမီး
လေဒီဒိုင်ယာနာ က(၁)ရက်ဖွား၊ ဒုတိယကမ္ဘာစစ်ကြီးမှာ နာဇီဂျာမဏီတွေရဲ စစ်ဦးကျိုးသွားစေတဲ့ ဆိုဗီယက်ဗိုလ်ချုပ်ကြီး မာရှယ်ဇူးကော့ က(၁)ရက်ဖွား၊ အင်အားကြီးလှတဲ့ အမေရိကန်တပ်တွေကို နိုင်ငံထဲက မောင်းထုတ်နိုင်ခဲ့တဲ့ ဗီယက်နမ်သမ္မတကြီး ဟိုချီမင်း က(၁၉)ရက် ဖွား။ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်ဟောင်း အင်ဒီရာဂန္ဒီ က(၁၉)ရက်ဖွား၊
ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က(၁၉)ရက်ဖွား၊
အက်ဖ်ဘီအိုင်ရဲ့ ဖခင်ကြီးလို့ တင်စားခေါ်ခံရတဲ့ ဂျေအက်ဒဂါဟူးဗား က(၁)ရက်ဖွား။

လုပ်ကြံခံရတဲ့ အမေရိကန်သမ္မတ ကနေဒီရဲ့ ဇနီးဖြစ်သူ ဂျက်ကလင်းကနေဒီ က(၂၈)ရက်ဖွား။

အော်စကာဆုများပိုင်ရှင်

ဟောလိဝုဒ်မင်းသမီး ဂျိုဒီ ဖော်စတာ က(၁၉)ရက်ဖွား၊ စစ်နဲ့ငြိမ်းချမ်းရေးဝတ္တုကြီးနဲ့ ကမ္ဘာကျော်ခဲ့ရတဲ့ ရုရှားစာရေးဆရာကြီး လီယိုတော်စတွိုင်း က(၂၈)ရက်ဖွား။ အခုတလော အီရန်နိုင်ငံမှာ ရေပန်းစားနေတဲ့ သမ္မတ အာမက်ဒီနီဂျက် က(၂၈)ရက်ဖွား။ တင်းနစ် အလှမယ် မာရီယာရှာယာပိုဗာ က(၁၉)ရက်ဖွား။ တစ်ခေတ် တစ်ခါက အမေရိကန် ဟောလိဝုဒ် ဘုရင်မဖြစ်ခဲ့တဲ့ မာရီလင်မွန်ရိုး က(၁)ရက်ဖွား။ အမေရိကန်နိုင်ငံကို တုန်လှုပ်သွားစေတဲ့ အိုစမာဘင်လာဒင် က(၁ဝ)ရက်ဖွား။ ကြိုးပေးအသတ်ခံလိုက်ရတဲ့ အီရတ်သမ္မတဟောင်း ဆဒမ်ဟူစိန် က(၂၈)ရက်ဖွား ဖြစ်ကြပါတယ်။

အားလုံး ကျန်းမာချမ်းသာကြပါစေ။

ရေးသားသူ – ဒေါက်တာတင်ဗိုလ်ဗိုလ်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။