မွန်မြတ်စိတ်ထားကြောင့် ရုပ်တုထုပြီး ဂုဏ်ပြုခံရတဲ့ ဆိုက်ကားသမားကြီး

International News Knowledge
မွန်မြတ်စိတ်ထားကြောင့် ရုပ်တုထုပြီး ဂုဏ်ပြုခံရတဲ့ ဆိုက်ကားသမားကြီး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မွန်မြတ်စိတ်ထားကြောင့် ရုပ်တုထုပြီး ဂုဏ်ပြုခံရတဲ့ ဆိုက်ကားသမားကြီး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မွန်မြတ်စိတ်ထားကြောင့် ရုပ်တုထုပြီး ဂုဏ်ပြုခံရတဲ့ ဆိုက်ကားသမားကြီး

အဘိုးအို ပိုင်ဖန်းလီက တန့်အန်ကျင်းမြို့မှာ ဆိုက်ကားနင်းပြီးအသက်မွေးဝမ်းကျောင်းသူပါ။ ၇၄ နှစ်အရွယ်မှာ ဆိုက်ကားဆက်မနင်းတော့ဘူး၊ နားတော့မယ်ဆိုပြီး သူ့ရဲ့ဇာတိမြေ ဟီပေပြည်နယ်ကို ပြန်လာခဲ့တယ်။ ဇာတိမြေရောက်တော့ လယ်ကွင်းတွေထဲမှာ ကလေးငယ်တွေ အလုပ်လုပ်နေရတာ သူ တွေ့သွားတယ်။ ဒီကလေးတွေက စာသင်ခန်းထဲမှာ ရှိနေရမယ့်အစား ဘာကြောင့် လယ်ကွင်းထဲမှာ အလုပ်လုပ်နေရသလဲ။ မိဘတွေက ကျောင်းထားပေးဖို့ ငွေကြေးမတတ်နိုင်ကြလို့ပါပဲ။

ဒီအကြောင်း သိသွားတဲ့ ပိုင်ဖန်းလီက ဆိုက်ကားသမားဘဝကနေ အနားယူမယ့် သူ့အစီအစဉ်ကို ဖျက်လိုက်တယ်။ တိန့်အန်ကျင်းမြို့ကို ပြန်သွားပြီး ဆိုက်ကားဆက်နင်းတယ်။ လူစည်ကားတဲ့ ဘူတာရုံနားမှာ ဂိတ်ထိုးတယ်။ သူဟာ အဝတ်အစားလည်း အသစ်မဝယ်ဘူး၊ အစားအသောက်လည်း ချွေတာစားတယ်၊ အရင်ကထက်တောင် ပိုကြိုးစားတယ်။ တစ်ခါတလေ ခရီးသည်စောင့်ရင်း ဆိုက်ကားပေါ်မှာ မိုးလင်းသွားတဲ့ရက်တွေတောင် ရှိပါတယ်။ သူက ရလာတဲ့ ပိုက်ဆံအားလုံးကို နွမ်းပါးမိသားစုမှ ကလေးငယ်တွေ ကျောင်းတက်နိုင်ဖို့ လှူဒါန်းတယ်။ အသက် ၉၀ အရွယ်အထိ ၁၆ နှစ်တိုင်တိုင် ဆိုက်ကားဆက်နင်းခဲ့တယ်။

၂၀၀၁ ခုနှစ်မှာတော့ တိန့်အန်ကျင်းမြို့က ယောင်ဟွာအလယ်တန်းကျောင်းကို သူ သွားခဲ့ပြီး ကလေးတွေအတွက် နောက်ဆုံးအကြိမ် ငွေကြေးလှူဒါန်းခဲ့တယ်။ သူ ဆိုက်ကား ဆက်မနင်းနိုင်တော့တဲ့အကြောင်း ပြောတော့ ဆရာ၊ ဆရာမတွေ၊ ကျောင်းသားလေးတွေအားလုံး မျက်ရည်ကျရတယ်။ ပိုင်ဖန်းလီက ၁၆ နှစ်အတွင်း ဆိုက်ကားနင်းပြီး ရှာထားတဲ့ငွေ ယွမ် ၃၅၀၀၀၀ နဲ့ ကလေးငယ် ၃၀၀ ကျော်ကို ပညာသင်ကြားပေးနိုင်ခဲ့တယ်။

၂၀၀၅ ခုနှစ်မှာတော့ နေမကောင်းဖြစ်လို့ ဆေးရုံသွားပြတော့ အဆုတ်ကင်ဆာဖြစ်နေပြီ။ ဆေးရုံမတက်ခင်တုန်းကလည်း ရက် ၂၀ တိုင်တိုင် ကိုမာဖြစ်ခဲ့သေးတယ်။ သူ နေမကောင်းဘူးဆိုတဲ့ သတင်းကြားတော့ နန်ကိုင်တက္ကသိုလ်မှ ကျောင်းသား/သူတွေက ကြိုးကြာစက္ကူရုပ် ၉၉ ကောင် ခေါက်ပြီး သူ့အတွက် ဆုတောင်းပေးခဲ့ကြတယ်။ ဒါပေမဲ့ အဲဒီနှစ်မှာပဲ သူ ကွယ်လွန်သွားခဲ့တာပါ။

ကွယ်လွန်ချိန်မှာ အသက် ၉၃ နှစ် ရှိပါပြီ။ သူ့ရဲ့ဇာတိမြေမှာ သူ့ရုပ်တုထုပြီး ဂုဏ်ပြုခြင်းခံရတယ်။ ၂၀၀၄ ခုနှစ်မှာ CCTV သတင်းဌာနက ရွေးချယ်တဲ့ တရုတ်နိုင်ငံရဲ့ နှလုံးသားကို ကိုင်လှုပ်နိုင်သူ ၁၀ ယောက်စာရင်းအတွက် ဆန်ခါတင် ၂၀ ဦး စာရင်းမှာ ပိုင်ဖန်းလီ ပါဝင်ခဲ့ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။