နက္ခတ်အဖွားတို့ရဲ့ကံကြမ္မာနဲ့အိမ်ထောင်ဘက်အဟော

Astrology
နက္ခတ်အဖွားတို့ရဲ့ကံကြမ္မာနဲ့အိမ်ထောင်ဘက်အဟော

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နက္ခတ်အဖွားတို့ရဲ့ကံကြမ္မာနဲ့အိမ်ထောင်ဘက်အဟော ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

နက္ခတ်အဖွားတို့ရဲ့ကံကြမ္မာနဲ့အိမ်ထောင်ဘက်အဟော

မိမိ၏မြန်မာမွေးဖွားခုနှစ်သက္ကရာဇ်ကိုတည်ပြီး { ၃ }ဖြင့်÷ပါ။
{၁}ကြွင်းလျင် နတ်နက္ခတ်။
{၂} ကြွင်းလျင် လူနက္ခတ်။
{၀}ကြွင်းလျင် ဘီလူးနက္ခတ်။

ဥပမာ….မြန်မာခုနှစ် ၁၃၃၃ ခုနှစ်မှာ မွေးဖွားခဲ့သူတစ်ဦးကို မည်သည့် နက္ခတ်ဖွားလဲ သိလိုသဖြင့် တွက်လိုပါက….
၁၃၃၃ ÷ ၃ = ၁ ကြွင်း။
ထို့ကြောင့် “နတ်နက္ခတ်ဖွား” ဖြစ်ပါသည်။

“နက္ခတ် အ ​‌ဟောများ”

နတ်နက္ခတ်၊ လူနက္ခတ် ကောင်းပါတယ်။ ဘီလူးနက္ခတ် မကောင်းပါ။ အိမ်ထောင်လိုပြုလျှင်
နတ်နက္ခတ် နှင့် လူနက္ခတ် ပြုလို့ရပါတယ်။
လူနက္ခတ် နှင့် လူနက္ခတ် ပြုလို့ရပါတယ်။
ဘီလူးနက္ခတ် နှင့် ဘီလူးနက္ခတ် ပြုလို့ရပါတယ်။

မှတ်ချက်။ ။ လူနက္ခတ် နှင့် ဘီလူးနက္ခတ်အိမ်
ထောင်မပြုရပါ။ အကယ်၍ အိမ်ထောင်ပြုမိခဲ့လျှင် အိမ်ထောင်ရေး မသာယာနိုင်ပါ။ ယတြာပြုလုပ်ပြီးမှသာ အညံ့အခိုက်ပြေပြီး ရာသက်ပန် ရိုးမြေကျ ပေါင်းဖက်ရပါလိမ့်မည်။

နတ်နက္ခတ်

နတ်နက္ခတ်ပိုင်ရှင်တို့သည် လူဖြောင့်စိတ်တိုများဖြစ်ကြသည်။ မိမိသာမှန်ပါစေ၊ငြိမ်ခံလေ့မရှိဘဲ မှန်ရာကို အားမနာတမ်း ပြောဆိုဝံ့ကြသည်။ အပြိုင်အဆိုင် ပြုလုပ်ရခြင်းနှင့် တိုက်ခိုက်ရခြင်းကို ပျော်မွေ့သူဖြစ်သည်။ အပြောအဆို လိမ္မာသိမ်မွေ့သလောက် စိတ်ဓာတ်ရေးရာမှာ လွန်စွာမာကြောသူများဖြစ်ကြသည်။ တဇွတ်ထိုးလည်း လုပ်ကိုင်တတ်သည်။

သစ္စာနှင့် မေတ္တာယှဉ်လာလျှင်တောင် သစ္စာကိုဦးစားပေးသူများဖြစ်ပြီး မှန်ကန်မှုကို နှစ်သက်သူများ ဖြစ်သည်။ နတ်နက္ခတ်တို့၏သဘောမှာ အနေအထိုင်တည်ကြည်ခန့်ငြားသည်။ သို့သော် မကောင်းသောအချက်မှာ တယူသန်စိတ်နှင့် တဇွတ်ထိုးပြုလုပ်တတ်သော စိတ်ဖြစ်သည်။ ထိုစိတ်ကိုထိန်းချုပ်နိုင်မှသာ မိမိအလိုရှိရာကို လှမ်းကိုင်နိုင်သူများဖြစ်လိမ့်မည်။

မိတ်ဆွေအပေါင်းအသင်း မည်သူနှင့်မဆို ဖြစ်၍ ထိုသူတို့နှင့် ပတ်သက်လျှင် ကူညီပံ့ပိုးတတ်သည်။ ထို့ကြောင့် အပေါင်းအသင်း ဆရာသမားများ၏ အကူအညီများ မကြာခဏ ရတတ်သည်။ လောဘမကြီးသောသူများ ဖြစ်သော်လည်း လွန်စွာချမ်းသာစိတ် ပြင်းပြသူများ ဖြစ်ကြသည်။ မိမိရှိလျှင်လည်း မနှမြောဘဲ ပေးကမ်းတတ်သူများဖြစ်သည်။

သီချင်းသီဆိုမှု၊ ကခုန်မှုများကိုနှစ်သက်သည်။ စတိုင်ကျကျနေထိုင်တတ်သည်။ ကိုယ့်ခြေထောက်ပေါ်မရပ်မချင်း မိဘဆွေမျိုးများထံမှ လိုသမျှကို နားပူနာဆာပြုလုပ်တတ်သည်။ အချစ်ရေးတွင်လည်း အပေါင်းအသင်းလောက်မကောင်း။ ချစ်သူအိမ်ထောင်ဘက်နှင့် အချိန်တော်တော်များများအတူမရှိတတ်ကြချေ။

သူငယ်ချင်းအပေါင်းအသင်း နှင့် အပြင်နေရာများတွင် အချိန်ကုန်သည်က များတတ်သည်။ သို့သော် အမှန်တကယ် ချစ်တတ်သူများလည်း ဖြစ်ကြသည်။ မရည်ရွယ်သူများနှင့်လည်း ဖူးစာဆုံလေ့ရှိတတ်ကြသည်။

အပေါင်းအသင်းမင်သူဖြစ်၍ အပေါင်းအသင်းကောင်းလျှင် ကောင်းသလို ကောင်းသည့်ဘက်သို့ ရောက်ရှိ သွားတတ်ပြီး
မကောင်းလျှင်မကောင်းသကဲ့သို့ မကောင်းမှုဘက်သို့ အားသာသွားတတ်သည်။ စိတ်အရောင်ဆိုးလွယ်သည်။ မိမိရပ်တည်ချက်မှ တခြားသို့ နားယောင်လွယ်သည်။ စိတ်ဓာတ်မာသော်လည်း နားယောင်လွယ်ခြင်းသည် ယုံကြည်လွယ်သည့်အားနည်းချက်ကိုဖြစ်စေသည်။

ထိုနက္ခတ်ပိုင်ရှင်များ လိုက်နာရမည့်အချက်များမှာ….

၁။လူ့အောက်ကျို့ပေါင်းလေ နက်နဲသော ပညာရပ်များ ၊မရနိုင်သောအမည်ကောင်းများရရှိတတ်သဖြင့် အောက်ကျို့ပေါင်းပါ။

၂။ နားယောင်လွယ် ယုံကြည်လွယ်သူ ဖြစ်သဖြင့်တစ်ပါးကို မယုံကြည်လွယ်လေ တိုးတက်လေ ဖြစ်သဖြင့် မယုံကြည်လွယ်ပါနှင့်။

၃။အပေါင်းအသင်းများလျှင် များသည့်အလျောက် အကုန်လုံးကို ပေါင်းသင်းခြင်းမပြုဘဲ ရှောင်သင့်သူရှောင်၊ ပေါင်းသင့်သူပေါင်း မရှောင်နိုင်လျှင်လည်း ကိုယ်ပေါင်းစိတ်ခွာအတိုင်း နေထိုင်ရပါမည်။

၄။စိတ်ရှည်သည်းခံပါ။ စိတ်ရှည်သည်းခံခြင်းသည် နတ်နက္ခတ်ပိုင်ရှင်တို့အတွက် ထိပ်ဆုံးသို့ရောက်ရှိမည့်လမ်းပင်ဖြစ်သည်။

လူနက္ခတ်

လူနက္ခတ်ပိုင်ရှင်များသည် စကားအပြောအဆို မာသည်။ ပြတ်သားတတ်သည်။ ကွေ့ဝိုက်ပြောရသည်ထက် တည့်တည့်မခြွင်းမချန် ပြောလိုကြသည်။ အပြောမာသော်လည်း စိတ်နှလုံးသိမ်မွေ့သည်။ ကိုယ်ကာယအားဖြင့်လည်း မည်သူ့အပေါ်မှ ရန်ပြုလိုစိတ်မရှိသူများဖြစ်သည်။ ဘ၀တွင် သုခနှင့်ဒုက္ခယှဉ်လျှင် ဒုက္ခကိုပိုမိုရင်ဆိုင်ရသူများဖြစ်သဖြင့် ဘ၀အသိအမြင် ဘ၀အတွေ့အကြုံ များပြားသူများဖြစ်သည်။ လက်တွေ့ဆန်သော ဘ၀ကိုဖြတ်သန်းရသူများဖြစ်သဖြင့် စိတ်ကူးယဉ်မှုနည်းပါးသူများဖြစ်ကြသည်။

ဘ၀ပထမအရွယ်မှစ၍ အခက်အခဲမျိုးစုံကို ကြုံတတ်သူများဖြစ်ပြီး အရွယ်ရလာချိန်တွင် တော်ရုံတန်ရုံကို ခံနိုင်ရည်ရှိသူ စိတ်ထားတတ်သူများဖြစ်နေသည်။ အရာရာကိုလေ့လာလိုက်စား
လိုစိတ် စူးစမ်းလိုစိတ်ရှိသည်။

ဘ၀တွင်လည်း ပြောင်းလဲခြင်းများစွာရှိနေတတ်ပြီး မွေးရပ်မြေမှပြောင်းရွှေ့နေထိုင်ရခြင်း ရုတ်တရက် အိမ်ထောင်ကျခြင်း၊ မိဘများနှင့်ခွဲခွာရခြင်း ညီအစ်ကိုမောင်နှမ ဆွေမျိုးသားချင်းများနှင့် ခွဲခွာနေရခြင်း၊မိမိအပေါ်ကို တင်စီးသောစကား မာနထောင်လွှားစွာ ပြောဆိုသော စကားများကို မခံချင်သူများဖြစ်ကြသည်။

မိသားစုနဲ့အဆင်မပြေတတ်ကြပေ။ ချစ်သူရည်စား များပြားတတ်ခြင်း သို့မဟုတ် အချစ်ရေး အိမ်ထောင်ဘက် အပြိုင်အဆိုင် များကိုကြုံတွေ့တတ်ကြသည်။ နောက်ဆုံးပြိုင်စရာမရှိလျှင် ချစ်သူအချင်းချင်း လင်မယားအချင်းချင်း အပြိုင်စိတ်ဆိုးခြင်း အပြိုင် စိတ်ကောက်တတ်ကြပေသည်။ ဘ၀လုပ်ငန်းများတွင် ပညာရေးလုပ်ငန်းများထက် စီးပွားရေးများတွင် ပိုမိုအကျိုးပေးသူများလည်းဖြစ်သည်။

လိုက်နာရန်အချက်များကတော့….

၁။ စကားပြောမာကျောသူဖြစ်လျှင် သိမ်မွေ့စွာပြောဆိုပါက စကားပြောပညာနှင့် နဂိုရှိပြီးသားဘ၀အသိပညာပေါင်းစပ်မိပြီး လူအများအားကိုးအားထားသူ ဖြစ်လာမည်ဖြစ်ပြီး အောင်မြင်ရေးအတွက်လည်း အထောက်အပံ့များဖြစ်ပေလိမ့်မည်။။ ထို့ကြောင့် စကားမာမာပြောခြင်းအားရှောင်ကြဉ်ပါ။

၂။ အတိုက်အခံသဘောမျိုးတွေကိုရှောင်ကြဥ္ပါ။ ပြန်လည်တုံ့ပြန်ခြင်းထက် ဥပက္ခာပြုလိုက်ခြင်းဖြင့် မထင်မှတ်သော ကျော်ကြားမှု ကောင်းသတင်းများအား ပိုင်ဆိုင်ပေလိမ့်မည်။

၃။စိတ်ကို ငြိမ်အောင်ထိန်းချုပ်ပါ။ ရုတ်တရက်တုံ့ပြန်မပြောခင် စိတ်ကိုငြိမ်အောင်ထိန်းချုပ်ပြီးမှ ပြောဆိုပါက ပိုမိုကောင်းမွန်လိမ့်မည်။

၄။ ကိုယ်ကာယအား စိတ်နှလုံးအားဖြင့် ကောင်မွန်သူဖြူစင်သူဖြစ်သဖြင့် စကားအပြောအဆိုကို ဆင်ခြင်စွာ ပြောဆိုခြင်းသည်ပင်လျှင် လူနက္ခတ်ပိုင်ရှင်တို့အတွက် ထိပ်ဆုံးရောက်ရှိမည့် လမ်းပင်ဖြစ်ပေသည်။

ဘီလူးနက္ခတ်

ဘီလူးနက္ခတ်ပိုင်ရှင်တို့သည် စိတ်ဓာတ်ပြင်းပြသူများဖြစ်ပြီး တိုက်လျှင်နိုင်ရမည်၊ ယှဉ်လျှင်သာရမည်ဆိုသည့် စိတ်ထားမျိုးရှိတတ်ကြသည်။အများစုမှာ မခံချင်စိတ် များပြားသူများ ဖြစ်ကြသည်။ အရာရာကို လေ့လာလိုက်စားသောသူများဖြစ်ပြီး ဟိုစပ်စပ်ဒီစပ်စပ် လုပ်တတ်သောသူများဖြစ်သည်။ ထိုကဲ့သို့ ပြုလုပ်သဖြင့် တစ်ခါတစ်ရံ အလုပ်ကိစ္စများတွင် တစ်၀က်တစ်ပြက်များ ဖြစ်နေတတ်ကြသည်။ ကျေးဇူးတရားကိုသိတတ်သောသူများလည်း ဖြစ်ကြသည်။ ထိုသူတို့၏ စိတ်ဓာတ်သည် သူကောင်းလျှင် ကိုယ်ကောင်းမည်။ သူမကောင်းလျှင် ကိုယ်မကောင်းနိုင်ဟူသော ကြည့်မှန်သဖွယ် နေထိုင်ကြသည်။

ပေါင်းရသင်းရ လွန်စွာခက်သော သူများဖြစ်ပြီး ကွယ်ရာတွင် ဝေဖန်အပြစ်ပြောခံရခြင်းများ ကြုံရတတ်ပြီး ထိုသို့ပြောသည်ကိုလည်း ဂရုစိုက်လေ့မရှိသူများလည်း ဖြစ်သည်။ အပေါင်းအသင်းကိုလည်း ကိုယ့်အပေါ် အမှန်တကယ်နားလည်သူများကိုသာ ရွေးချယ်ပေါင်းလေ့ရှိကြသည်။ လူအများနောက်လိုက်ထက် ဆရာလုပ်တတ်ခြင်း၊ အမိန့်ပေးတတ်ခြင်း ဩဇာပေးလိုစိတ်များရှိကြသည်။

ထို့ကြောင့် ကိစ္စတော်တော်များများတွင် သိအောင်ကြိုးစားလေ့ရှိကြသည်။ထို နက္ခတ်ပိုင်ရှင်များသည် thayလျှင်မြေကြီး ရှင်လျှင်ရွှေထီးဟူသော စိတ်ထားမျိုးလည်း ရှိကြပြန်သည်။ တစ်ခါတရံ ဝေခွဲမရသောကိစ္စများတွင် နောက်ဆုတ်လေ့မရှိဘဲ ရှေ့သို့သာ တုံးတိုက်တိုက်ကျားကိုက်ကိုက် ပြုမူတတ်ကြသည်။ ထိုအချက်သည် မှားမှန် ချင့်ချိန်မှုအားနည်းတတ်သော အဓိကအားနည်းချက် တစ်ခုဖြစ်သည်။ ထိုအချက်ကိုတော့ အထူးပြုပြင်ကြရပေမည်။

သူတို့သည် မည်သည့်နေရာတွင်မဆို ထင်ပေါ်ကျော်ကြားလိုကြသည်။ ငယ်စဉ်အခါတွင် အခက်အခဲများနှင့် ကြုံတွေ့ရတတ်သည်။ ချစ်သူအိမ်ထောင်ဘက်များနှင့် ပတ်သက်ပြီး ခံစားလွယ် ပေါက်ကွဲလွယ် တတ်သည်။ သို့သော် နှစ်နှစ်ခါခါ ချစ်တတ်သူများဖြစ်သည်။ စီးပွားရေးနှင့်ပတ်သက်ပြီး စုပေါင်းလုပ်ခြင်းထက် တစ်ဦးထည်း လုပ်ကိုင်လျှင် ပိုမိုကောင်းမွန်ပြီး အများအကျိုး နှင့်သက်ဆိုင်သောလုပ်ငန်းများတွင်အကျိုးလွန်စွာ ပေးသူများဖြစ်ကြသည်။

ထိုနက္ခတ်ပိုင်ရှင်များလိုက်နာဆောင်ရွက်ရမည့်အချက်များမှာ…

၁။ထင်ပေါ်ကျော်ကြားလိုသော လောဘရှိသဖြင့် ထိုလောဘကိုထိန်းချုပ်ပါ။

၂။မဝေခွဲနိုင်သော ကိစ္စများကိုတောင်မှ တုံးတိုက်ကျားကိုက် စွန့်စား တတ်သူများဖြစ်သဖြင့် အမှားတွေ ဖြစ်တတ်ပြီး ဘ၀အတက်အကျ မြန်တတ်ကြသည်။ ထို့ကြောင့် ရှည်ကြာသောအောင်မြင်မှု မြဲမြံသော ရပ်တည်မှုများကို အလိုရှိပါက သေချာစဉ်းစား ဆင်ခြင်ခြင်း၊ရှေ့တစ်လှမ်းအတွက် နောက်တစ်လှမ်းဆုတ်၍ အားယူခြင်းများ ကို ချိန်ဆလုပ်ဆောင်ပါ။

၃။မခံချင်စိတ်များပြားသဖြင့် မခံချင်စိတ်ကြောင့် တစ်ခါတစ်လေ လောကကြီးကိုပင် အရွဲ့တိုက်ချင်တတ်ကြသည်။ ထိုမခံချင်စိတ်အား ထိန်းချုပ်ခြင်း မှန်ကန်သောနေရာတွင် အသုံချတတ်ခြင်းသည်ပင် ထိုနက္ခတ်ပိုင်ရှင်များအတွက် ထိပ်ဆုံးသို့ရောက်ရှိမည့်လမ်းပင်ဖြစ်ပေသည်။

နတ်နက္ခတ်၊ လူ နက္ခတ် ၊ ဘီလူး နက္ခတ်တို့နှင့် အိမ်ထောင်ဘက် ရွေးချယ်နည်း

၁။ လူနက္ခတ် အချင်းချင်း ထိမ်းမြား လက်ထပ် ပါက တစ်ဦး နှင့် တစ်ဦး ချစ်ခင်ကြင်နာ ကြ၍ ချမ်းသာသုခ ရပါလိမ့်မည်။

၂။ လူနက္ခတ် နှင့် နတ် နက္ခတ် ထိမ်းမြားလက်ထပ်ပါက ကြွယ်ဝ ချမ်းသာသော စည်းစိမ်ကိုရ၍ အသက်ရှည်စွာ ပေါင်းသင်းနေထိုင်ရပါလိမ့်မည် ။

၃။ လူနက္ခတ် နှင့် ဘီလူး နက္ခတ် ထိမ်းမြားလက်ထပ် ခြင်းမပြုသင့်ပေ ။ ထိမ်းမြား လက်ထပ်ပါက ကွေကွင်းရခြင်း ၊ တစ်ယောက်တစ်နယ်စီ နေထိုင်ရခြင်း၊ ကျန်းမာရေးချို့တဲ့ခြင်း ၊ ပူပင်သောကမ်ား၍ ဆင်းရဲဒုက္ခ ရောက်ရခြင်းမ်ား ကြုံတွေ့ရပါလိမ့်မည်။

၄။ ဘီလူး နက္ခတ် နှင့် နတ် နက္ခတ် ထိမ်းမြားလက်ထပ်ပါက ရန်သူအမျိူးမျိုးကို အနိုင်ရရှိခြင်း ၊ ဂုဏ်သတင်း အရှိန် အဝါ ကျော်ဇော၍ ချမ်းသာစွာနေရခြင်း ၊ နေနှင့် လ ရွှေ နှင့်မြ ပမာ တင့်တယ် စွာနေရပါလိမ့်မည် ။

၅ ။ နတ် နက္ခတ် အချင်းချင်း ထိမ်းမြား လက်ထပ်ပါက အနာရောဂါ ကင်းဝေး၍ကျန်းမာစွာနေရခြင်း ၊ အသက်ရာကျော်ရှည်၍ အေးချမ်းသာယာ စွာနေထိုင်ရခြင်း တို့ကို ရရှိခံစား ရပါလိမ့်မည်။

၆ ။ဘီလူး နက္ခတ် အချင်းချင်း ထိမ်းမြားလက်ထပ်ပါက ရန်အပေါင်းတို့ကို အနိုင်ရရှိခြင်း ၊ ဂုဏ်သတင်းကျော်ဇောခြင်း ၊ ကြွယ်ဝ ချမ်းသာခြင်းတို့ကို ရရှိခံစားရပါလိမ့်မည်။

ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။