သင်ဘာဂဏန်းသမားလဲ?

Astrology
သင်ဘာဂဏန်းသမားလဲ?

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သင်ဘာဂဏန်းသမားလဲ? ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သင်ဘာဂဏန်းသမားလဲ?

၁ဂဏန်းသမားများ

မည်သည့်လတွင်မဆို ၁ ၊ ၁၀ ၊ ၁၉ ၊ ၂၈ ရက် မွေးသူများကို (၁) ဂဏန်းသမားများဟု ခေါ်သည် ။ (၁) ဂဏန်းပိုင်ရှင်များက အချစ်မေတ္တာဟူသည် နှလုံးသားနှင့်ဦးနှောက် ပေါင်းစပ်ဆုံးဖြတ်ရသော အချင်းအရာ ဖြစ်သည်ဟု ယူဆကြသည် ။ဘ၀အဖေါ်ကို ရွေးချယ်သောအခါ ဦးနှောက်၏ ဆုံးဖြတ်ချက်ကို ထည့်သွင်း စဉ်းစားလေ့ရှိသည် ။

မိမိအပေါ် နားလည်ခွင့်လွှတ်၍ ပံ့ပိုးကူညီခြင်းရှိသူကို ရွေးချယ်တတ်သည် ။ ကံခေသည်မှာ အချစ်ဆုံးနှင့် ကွေကွင်းရတတ်ပြီး ချစ်သူက တစ်ယောက် ၊ လက်ထပ်ရသူကတစ်ဦး ဖြစ်တတ်သည် ။ အသက် (၁၆)မှ (၂၂) နှစ်ကြား မေတ္တာကံခေ၍ (၂၂)ကျော်မှ ရင့်ကျက်သော နှလုံးသားဖြင့် ခိုင်မြဲသောချစ်ခြင်းမေတ္တာ ပိုင်ဆိုင်ခွင့်ရှိမည် ။

၂ဂဏန်းသမားများ

မည်သည့်လတွင်မဆို ၂ ၊ ၁၁ ၊ ၂၀ ၊ ၂၉ ရက်မွေးသူများကို (၂)ဂဏန်းသမားများ ဟုခေါ်သည် ။ အချစ်နှင့်အမှန်းကြား နယ်နိမိတ်သည် မျဉ်းကြောင်းငယ်လေးမျှသာဖြစ်မည် ။ ချစ်မိ ၊ တွယ်တာမိပြီဆိုက အရာရာပေးဆပ်တတ်ပြီး မုန်းပြီဆိုက လှည့်မကြည့် ။ အလွန်ချစ်တတ်သလို အငြိုးအတေး ကြီးတတ်သည် ။

မေတ္တာတရားနှင့် ချစ်ခြင်းအပေါ် အလေးအနက်ထား၍ ဘ၀အဖေါ် ရွေးချယ်လင့်ကစား ဂုဏ် ၊ ငွေကြေးတို့ကို အဓိကထားသည်ဟု အများမှအထင်လွဲခြင်းခံရ တတ်သည် ။ အသက် (၂၅) နှစ်မတိုင်မီ သူတစ်ပါး ကတိစကားများ အပေါ် ယုံစားမိ၍ စိတ်သောက ခံစားရတတ်သည် ။ အချစ်ဦးနှင့် ဆုံဆည်းကိန်းမရှိသော်လည်း အချစ်ဆုံးသူနှင့် လက်တွဲရမည် ။

၃ဂဏန်းသမားများ

မည်သည့်လတွင်မဆို ၃ ၊ ၁၂ ၊ ၂၁ ၊ ၃၀ ရက် မွေးသူများကို (၃) ဂဏန်းသမားများဟုခေါ်သည် ။ မျက်နှာပွင့်၍ လူချစ်လူခင် ပေါများမည် ။ ချစ်သူရည်းစား တစ်ဦးမက ရှိမည် ။ သူတစ်ပါး အပေါ်အနိုင်ယူဗိုလ်ကျရမှ ကျေနပ်သူများ ဖြစ်ပေရာ အချစ်စိတ်နှင့်ခံယူမူမှာ ဆိုးနွဲ့သမျှကို နားလည် ခွင့်လွှတ်သောသူ ၊ အနိုင်ယူရမည့်သူကို ရွေးချယ်တတ်သည် ။

နှလုံးသားကို ဦးစားပေး၍ ဆုံးဖြတ်ပြီးမှ မှားယွင်းသလို ပြန်ခံစားတတ်သည် ။ နောက်ဆုံးတွင်ကား အရင်ဆုံး ချစ်သူအပေါ် စိတ်ပြန်လည်သွားမည် ။ တစ်ဦးကို အသည်းနှလုံး ပုံပေး၍ ချစ်တတ်သလို တစ်ပြိုင်တည်း အခြားသူ တစ်ဦးအပေါ် ချစ်နိုင်စွမ်းရှိသည် ။ နှလုံးသားအပေါ် ဦးစားပေးလွန်းသူဖြစ်သည်။

၄ဂဏန်းသမားများ

မည်သည့်လတွင်မဆို ၄ ၊ ၁၃ ၊ ၂၂ ၊ ၃၁ ရက်နေ့ မွေးသူများကို (၄) ကဏန်းသမားများ ဟုခေါ်သည် ။ အစွဲအလမ်းကြီးခြင်း ၊ တစ်ဖက်စွန်း ကျလွန်းခြင်းကြောင့် နှလုံးသားရေးရာ စိတ်သောက ကြုံရတတ်သည် ။ ဂုဏ်အနိမ့်အမြင့် မတူသူများအနက် နိမ့်ကျသူကို ဦးစားပေး ရွေးချယ်၍ အလိုလိုက် အကြိုက်ဆောင်ကာ ဘ၀မြင့်တင်ပေးကာမှ မိမိ၏အသည်းကို ခွဲသွားခြင်း ခံရတတ်သည် ။

စိတ်လှုပ်ရှားမူနှင့် ဆန်းသစ်သော အတွေ့အကြုံများကို လိုလားသော နှလုံးသားကို ပိုင်ဆိုင်သည် ။ သို့သော် ဦးနှောက်နှင့် နှလုံးသားအကြား အမြဲတွေဝေ ဒွိဟဖြစ်ကာ မေတ္တာရေးရာ တွင်စိတ်ဓါတ်တက်လွယ် ၊ ကျလွယ်သည် ။ ဖြောင့်မှန်ရိုးသာ၍ မိမိကြောင့် တစ်ပါးသူ စိတ်ချမ်းမြေ့ အေးချမ်းရခြင်းကို လိုလားသူဖြစ်သည် ။ ပေးဆပ် အနစ်နာ ခံသည် ။

၅ဂဏန်းသမားများ

မည်သည့်လတွင်မဆို ၅ ၊ ၁၄ ၊ ၂၃ ရက်မွေးသူများကို (၅) ဂဏန်းသမားများ ဟုခေါ်သည် ။ တွေဝေ ဒွိဟဖြစ်တတ်သောသဘောသဘာ၀ရှိသော်လည်း စိတ်ဓါတ် အလွန်ခိုင်မြဲသည် ။ အလွယ်တကူ ဆုံးဖြတ်ရွေးချယ်လေ့မရှိ ။ မိမိအပေါ် တလေးတစားနှင့် တန်ဖိုးထားသူ၊ တစ်စုံတစ်ရာ အထောက် အကူပြုပံ့ပိုးနိုင်သူကို ရွေးချယ်တတ်သည် ။

အရွေးရခက်အောင် အခွင့်အရေးနှစ်မျိုး ကြုံလာပါက နှလုံးသား၏ တောင်းဆိုမူအပေါ် ရဲဝံ့ပြတ်သားစွာ အလေးပေးမည့် သူဖြစ်သည် ။ မိမိနှင့် အသက် အရွယ် ၊ ၀န်းကျင်ဇာတိ သဘာ၀မတူ ကွာခြားသူများနှင့် မေတ္တာမျှတတ်သည် ။ ချစ်သူနှင့် ခွဲခွာရလေ သံယောဇဉ် ပြင်းထန်လေဖြစ်သည် ။ အလွန်စိတ်ကူးယဉ်ဆန်သော နှလုံးသားဖြစ်သည် ။

၆ဂဏန်းသမားများ

မည်သည့်လတွင်မဆို ၆ ၊ ၁၅ ၊ ၂၄ ရက်မွေးသူများကို (၆)ဂဏန်းသမားများဟု ခေါ်သည် ။ သံယောဇဉ်ကြီး၍ ခိုင်မာသောမေတ္တာတရားနှင့် မိမိက ချစ်ရသူအပေါ် အမြဲစိတ်ချမ်းသာအောင် ဖြည့်ဆည်းပေးရမည်ဟူသော အယူအဆရှိသည် ။ ချစ်ခဲ၍ အချစ်မြဲသည် ။ မိသားစု အသိုင်းအဝိုင်း မတူညီသူကိုရွေးချယ်၍ အားလုံးနှင့် ဆန့်ကျင်ရန် ၀န်မလေး ။

အပျော်သဘော စိတ်ကစားခြင်း မရှိဘဲ သစ္စာတရားရှိမှ အချစ်မေတ္တာသည် ပြီးပြည့်စုံသည်ဟု ယူဆထားသူဖြစ်သည် ။ သို့သော် သူတစ်ပါးအပေါ် မိမိပေးဆပ်သလောက် ထပ်တူ ပြန်ကောင်းသူရရန် ခဲယဉ်းပေသည် ။ အချစ် မေတ္တာထက် တစ်စတစ်စ ရစ်နွယ်လာသော သံယောဇဉ်ကို နှစ်သက်သူဖြစ်သည် ။

၇ဂဏန်းသမားများ

မည်သည့်လတွင်မဆို ၇ ၊ ၁၆ ၊ ၂၅ ရက်မွေးသူများကို (၇) ဂဏန်းသမားများဟု ခေါ်သည် ။ အခိုင်အမာ ဆုံးဖြတ်၍ လေးလေးနက်နက် ချစ်တတ်သည့် အလွန်အေးချမ်းမြင့်မြတ်သော မေတ္တာပိုင်ရှင် ဖြစ်သည် ။ တစ်ပါးသူအပေါ် လွန်လွန်ကဲကဲ စာနာနားလည်တတ်သည် ။
အချစ်အတွက် အရာရာ ရင်ဆိုင်ဆန့်ကျင် တိုက်ခိုက်ရန် ၀န်မလေးသော်လည်း အချစ်ကိုဖွင့်ဟ ပြောဆိုရန် အလွန်ရှက်သဖြင့် မချစ်တတ်သောသူဟူ၍ အထင်မှားခံရတတ်သည် ။ မိမိအား နားလည်မူရှိသူကိုဦးစားပေး ရွေးချယ်သင့်သည် ။ အလွန်စန်းပွင့် သော်လည်း ချစ်သူများရန် ၀န်လေးသည် ။ ဘ၀လမ်းကြောင်းတွင် မွေးရပ် ၊ ဘာသာ ၊ ဓလေ့ ထုံးစံမတူသူများနှင့် မေတ္တာမျှ ရတတ်သည် ။

၈ဂဏန်းသမားများ

မည်သည့်လတွင်မဆို ၈ ၊ ၁၇ ၊ ၂၆ ရက်မွေးသူများကို (၈) ဂဏန်းသမားများဟုခေါ်သည် ။ အရာရာတွင် ထိန်းချုပ်နိုင်သောစိတ်ရှိသလောက် မေတ္တာတရားတွင် ထိန်းချုပ်နိုင်ခြင်းမရှိ ။ ချစ်သူကို အလိုလိုက်လွန်း ၊ ဦးစားပေးလွန်းသဖြင့် စိတ်သောက ခံစားရတတ်သည် ။

ချစ်သူကို အရာရာပြည့်စုံစေလိုသဖြင့် ပေးဆပ်တတ်သော သဘာဝကြောင့် မိမိနှလုံးသားကို ခုတုံးလုပ်ခြင်းမျိုးပင် ခံရတတ်သည် ။ သီးသန့် အေးချမ်းစွာနေတတ်ပြီး မနာလို၀န်တိုခြင်းကင်းသော ကြီးမြတ်သည့် နှလုံးသားအား ပိုင်ဆိုင်သည် ။ မိမိကိုယ်မိမိ အထီးကျန်ဆန်ကာ အားငယ်နေတတ်သော ခံစားချက်ရှိသည် ။ သူတစ်ပါးပစ်ပယ်ထားသူကို စာနာစိတ် အပြည့်နှင့် မေတ္တာထားတတ်သည် ။

၉ဂဏန်းသမားများ

မည်သည့်လတွင်မဆို ၉ ၊ ၁၈ ၊ ၂၇ ရက်မွေးသူများကို (၉)ဂဏန်း သမားများဟုခေါ်သည် ။ အလွန်အချစ်ခံလိုသည် ။ မိမိ အပေါ် အေးအေးချမ်းချမ်း သိမ်သိမ်မွေ့မွေ့ နူးညံ့စွာ အလေးပေး ဆက်ဆံသူအား လိုလားသည် ။ အချစ်အတွက် ဘာမဆို ပေးဆပ်ရဲသည် ။

အလွန်မျက်နှာများ၍ ရည်းစား မှိုလိုပေါက်အောင် အပြိုင်ထားလင့်ကစား အိမ်ထောင်ရေးရာတွင် အချစ်ဆုံးနှင့် လွဲချော်၍ နီးစပ်မူအရှိဆုံးသူနှင့် ဆုံဆည်းရတတ်သည် ။ မည်မျှဆိုးသော အိမ်ထောင်ဖက်ဖြစ်စေ အိမ်ထောင် တစ်ဆက်တည်းမြဲစေရန် အစဉ်ကြိုးပမ်းလေ့ရှိသည် ။ အပြင်ပန်းအရ ကြမ်းတမ်းခက်ထန်သည်ဟု ထင်ရလင့်ကစား အတွင်းစိတ်နူးညံ့၍ အပေးသမားသာဖြစ်သည် ။

ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး) တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။