ဆေးဖက်ဝင် သစ်ကြံပိုး

Health Knowledge
ဆေးဖက်ဝင် သစ်ကြံပိုး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဆေးဖက်ဝင် သစ်ကြံပိုး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဆေးဖက်ဝင် သစ်ကြံပိုး

လက်တွေ့အသုံးချဆေးနည်းတို (ဆေးမြီးတို)များ(၁၈၀)

မေး။ဆရာကြီးခင်ဗျာ ကျွန်တော် ညအိပ်ယာဝင် ရေသောက်ပြီး အိပ်သော်လည်း ညလယ်ရောက်ရင် အာခေါင်ခြောက် ရေငတ်ပြီး တစ်ရေးနိုလာပါတယ်။ ရေထသောက်ရပါတယ်။

ရေသောက်များတော့ ဆီးထ သွားရပြီး တစ်ညလုံး ကောင်းကောင်းအိပ်မပျော်ဖြစ်ပါတယ်။ ဆရာဝန်ပြကြည့်တော့ ဆီးချိုရောဂါ ဖြစ်ချင်လို့ အစပြိုးနတေဲ့ လက္ခဏာလို့ပြောပါတယ်။ တစ်ပတ်တစ်ကြိမ် သွေးဖောက်စစ်ပြီး စောင့်ကြည့်ဖို့လည်းပြောပါ တယ်။ ဆီးချိုရောဂါအမျိုးအစား (၂) လို့လည်း ပြောပါတယ်။ ဆီးချိုရောဂါ အမျိုးအစား (၂)ဆိုတာ ဘယ်လို ရောဂါမျိုးပါလဲ။ ရှောင်ရန်နှင့် သက်သာစေနိုင်မယ့် မြန်မာဆေးပင်ဆေးမြစ်များ၊ ဆေးနည်းများ သိလိုပါတယ်။ ကျွန်တော်က သဘာဝဆေးပင်ဆေးမြစ်များနှင့် ရောဂါကုသပျောက်ကင်းတာကို နှစ်သက်လို့ပါ။ ဆရာညွှန် ပြပေးစေလိုပါတယ်။

ဖြေ ။။ ဆီးချိုရောဂါမှာ အမျိုးအစား(၁) မွေးရာပါ ဆီးချိုရောဂါနှင့် အမျိုးအစား(၂) အသက်ကြီးမှ ဖြစ် သော အချိုစားသုံးမှု လွန်ကဲ၍ဖြစ်သော ဆီးချိုရောဂါဆိုပြီး အကြမ်းဖြင်းအားဖြင့် (၂) မျိုးရှိပါတယ်။ အချိုစား တာ လွန်ကဲမှုမဟုတ်ဘဲ ခန္ဓာကိုယ်ထဲက ပန်ကရိယခေါ် မုန်ချိုအိပ်မှာ ဖောက်ပြန်လို့ ရောဂါတစ်ခုခုရလို့ ဖြစ် တဲ့ ဆီးချိုရောဂါများလည်း ရှိပါတယ်။ ဆီးချိုဖြစ်ပြီဆိုရင် တတ်ကျွမ်းနားလည်တဲ့ အထူးကုဆရာဝန်ကြီးများ ပြသပြီး သူတို့ညွှန်ကြားတဲ့အတိုင်း ဆေးကို စွဲစွဲမြဲမြဲသောက်မှ ပျောက်ကင်းနိုင်တဲ့ ရောဂါမျိုးဖြစ်ပါတယ်။ တစ်ပွဲတိုးမရပါ။ စိတ်ရှည်ရှည် ကုသရမှာပါ။ တိုင်းရင်းဆေးအနေနဲ့တော့ လေ့လာမိသမျှကို အောက်မှာဖော် ပြထားပါတယ်။

ဆီးချိုရောဂါအမျိုးအစား(၁) မွေးရာပါဆီးချိုရောဂါ၊ မျိုးရိုးလိုက်သော ဆီးချိုရောဂါအတွက် သစ်ကြံ ပိုးအမှုန့်အခေါက်ကို ဟင်းစားဇွန်း ၁ ဇွန်း နေ့စဉ်စားသုံးပေးလျှင် သက်သာစေနိုင်သည်။ သင်္ဘောသီးအစိမ်း တစ်လုံးကို ထိပ်မှဖြတ်ပြီး (အထဲမှ အစေ့နှင့်အစေးများကို မဖယ်ထုတ်ဘဲ ) ရေနွေးပူပူလောင်းထည့်ပြီး အုပ် ထားပါ။ ထိုရေနွေးကို ငှဲ့ယူပြီး အကြမ်းပန်းကန် တစ်လုံးစာ ထမင်းစားပြီးတိုင်း သောက်သုံးပေးပါ။ ပုတီးဖြူ ပင်၏ အရွက်ကိုပြုပ်၍ အအေးခံထားပြီး ဖန်ပုလင်းတွင်ထည့်၍ သိမ်းထားပါ။ တစ်နေ့လျှင် မတ်ခွက်တစ် ဝက်ခန့် သောက်သုံးပေးလျှင် ဆီးချိုရောဂါ မတက်အောင် ထိန်းထားပေးနိုင်ပါသည်။

အသက်ကြီးမှ ဖြစ်သော ဆီးချိုရောဂါ အမျိုးအစား(၂) အတွက် ခရေရွက်ပြုပ်ရည်ကို အကြမ်းပန်း ကန်တစ်လုံးစာ ထမင်းစားပြီးတိုင်းသောက်ပေးပါ။ တစ်နည်း- ဆေးခါးကြီး ရှမ်းဆေးခါး အရွက်ပြုပ်ရည်ကို နံနက်ည ဟင်းစားဇွန်း ၃ ဇွန်းခန့်သောက်ပေးပါ။ တစ်နည်း- သကြားမကိုဋ်ပင်ကို ပန်းအိုးဖြင့် စိုက်ထားပြီး တစ်ရွက်နှစ်ရွက် အစိမ်းစားပေးလျှင် ဆီးချိုကျစေသည်။ တစ်နည်းမဟော်ဂနီစေ့ ၂ စေ့ ၃ စေ့ကို ဝါးစားပြီး ရေနွေးသောက်ပေးလျှင် ဆီးချိုကျစေနိုင်သည်။

ဆီးချိုကျစေနိုင်သော ဆေးနည်းများ၏ ထိရောက်မှုမှာ တစ်ဦးနှင့်တစ်ဦး မတူကျသဖြင့် အမျိုးမျိုးစမ်းသပ်ကြည့်ပြီး မိမိနှင့် အဆင်ပြေသော ဆေးနည်းကို သုံးစွဲနိုင် ပါသည်။

အဓိကအချက်မှာ နေ့စဉ် မဖြစ်နိုင်လျှင်တောင် တစ်ပတ်တစ်ကြိမ် သွေးဖောက်ပြီး ဆီးချိုအတက် အကျကို စောင့်ကြည့်စစ်ဆေး ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။

မေး။။ ဆရာကြီးခင်ဗျာ ကျွန်တော် အသက် ၅၀ ကျော်ပါပြီ။များသောအားဖြင့် ကျန်းမာပါတယ်။ အခု ရက်ပိုင်းအတွင်းမှာ ရာသီဥတုပူလို့ ရေအေး အတော်သောက်ဖြစ်ပါတယ်။အထူးသဖြင့် ရေခဲသေတ္တာထဲမှာ ထည့်ထားတဲ့ သောက်ရေသန့်အအေးဘူးကို အတော်များများသောက်ဖြစ်ပါတယ်။

သောက်ပြီး တစ်ပတ် လောက်ကြာတော့ ဆီးအောင့်လာပါတယ်။

တစ်ခါတစ်ရံလည်း ဆီးက ပူပါတယ်။ ဒါကြောင့် ကျွန်တော် ရေအေး ရေခဲသေတ္တာထဲက ရေသောက်တာကို ရပ်လိုက်ပြီး ရိုးရိုးရေပဲ သောက်ပါတယ်။ ဒါပေမယ့် ဆီးအောင့်ရောဂါက ကောင်းကောင်းမပျောက်ပါဘူး။ တစ်ခါတစ်ရံ ရေခဲစိမ်ထားတဲ့ ဖရဲသီး၊ သရက်သီး၊ နာနတ်သီးစတဲ့ အသီးအနှံများ စားမိရင် ဆီးပူလာပါတယ်။ အချို့က ရေနွေးကြမ်း အဖန်ရည်ပြောင်းသောက် ဆိုလို့ သောက်ဖို့လုပ်နေပါတယ်။ ဆီးပူ၊ ဆီးအောင့်အတွက် အဆင်ပြေနိုင်မယ့် ပျောက်ကင်းစေနိုင်မယ့် ဆေးနည်းများရှိရင် သိလိုပါတယ်ခင်ဗျ။

ဖြေ။။ ပူအိုက်တဲ့ရာသီမှာ အလွန်အေးတဲ့ ရေသောက်ရာက ခန္ဓာကိုယ်တွင်းမှာ အပူငုတ်သွားတတ်ပါ တယ်။ အထူးသဖြင့် ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်း၊ ဆီးအိမ်မှာ အပူငုတ်ပြီး တော်တော်နဲ့ ပြန်မထွက်ဘဲ ဆီးပူဆီးအောင့်ရောဂါ ဖြစ်လာတတ်ပါတယ်။ ဆေးနည်းများကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

ဆီးပူရောဂါဖြစ်လျှင်

(၁) ရှားစောင်းလက်ပပ်အနှစ်ကို သကြားနှင့် ခေါက်စားပါ။သို့မဟုတ် ရှားစောင်းလက်ပပ်ဟင်းချိုချက် သောက်ပါ။

(၂) ကျောက်ဖရုံသီးအလယ်အူတိုင်ကို ထွင်း၍ သကြားထည့်ပါ။ အသီးထိပ်ကို လေလုံအောင် ပြန်ပိတ် ထားပါ။ တစ်ရက်ကြာလျှင် အထဲမှအရည်ကို စစ်ယူပြီး အကြမ်းပန်းကန်တစ်လုံးစာ နေ့စဉ် ၃ ရက်ဆက် သောက်ပါ။ လိုအပ်ပါက ၅ ရက်အထိ သောက်နိုင်ပါသည်။

(၃) မြင်းခွာရွက်ကို ကြိတ်ချေပြီး နွားနို့၊ သကြားတို့ဖြင့် ဖျော်ရည်လုပ်သောက်လျှင် ဆီးပူရောဂါပျောက်ကင်း နိုင်သည်။

(၄) ဆေးကုလားမကို ရေစိမ်ပြီး ပွလာသောအခါ သကြားရည်ဖြင့် ရောစပ်ပြီးသောက်ပါ။ အချဉ်ကြိုက်လျှင် ရှောက်ရည်၊သံပုရာရည် ညှစ်ထည့်ပြီး သောက်သုံးနိုင်ပါသည်။

ဆီးအောင့်ရောဂါအတွက်

(၁) ကြက်သွန်နီဥကြီးကို ပါးပါးလှီးပြီး ဆီးခုံတွင် ကပ်ပေးပါ။

(၂) ကြက်သွန်နီကို မီးအုံးပြီး အရည်ညှစ်၍ သောက်ပေးပါ။

(၃) ဆန်ဆေးရည်ကို အကြည်ရည် ယူပြီး သကြားခပ်သောက်လျှင် ဆီးအောင့်သက်သာသည်။

(၄) တောဆီးဖြူပင်ကို သကြားဖြင့်ပြုပ်သောက်ပါ။

(၅) မြင်းခွာနွယ်ပင်ကို အရိပ်တွင် အခြောက်လှန်းပါ။ ထိုမြင်းခွာရွက်ခြောက်ကို လက်ဖက်ခြောက်ကဲ့သို့ ရေနွေးတွင် ခပ်သောက်ခြင်းဖြင့် ဆီးအောင့်သက်သာစေနိုင်သည်။

(၆) ရေထိကရုန်းပင်ကို အရည်ညှစ်သောက်ပါ။ အတို့အမြှုပ်ပြုလုပ်စားပါ။

(၇) ဗေဒါပင်ပဉ္စငါးပါးကို သကြားဖြင့် ကျို၍ သောက်ပါ။

(၈) သံမနိုင်ကျောက်မနိုင်ပင်ကို ၃ ခွက် ၁ ခွက်တင်ကျို၍ အကြမ်းပန်းကန်တစ်လုံးစာ သောက်ပေးပါက ကျောက်ကြောင့်ဖြစ်သော ဆီးအောင့်ရောဂါကို သက်သာစေသည်။

(၉) အလိုကျူပင်ကို ပြုပ်သောက်ပါက အဖျားနှင့် တွဲ၍ ဖြစ်သော ဆီးအောင့်ရောဂါကို သက်သာစေသည်။

(၁၀)စပ်သဖူးပင်အမြစ်ကို သွေးပြီး ဆီးခုံတွင် လိမ်းပေးပါက ဆီးကျိတ်ကြောင့် ဖြစ်သော ဆီးအောင့်ရောဂါ ကို သက်သာစေသည်။

(၁၁) ခရမ်းချဉ်သီးကို အရည်ညှစ်၍ အစိမ်အတိုင်းသောက်ပေးပါက ဆီးကျိတ်ကြီး၍ ဖြစ်သော ဆီးသွားရ ခက်ခြင်းကို သက်သာသေစသည်။

(၁၂) မုန်ညှင်းဆီကို မီးဖြင့်နွေးပြီး ဆီးခုံနှင့် နောက်ကျောခါးစပ်နေရာတွင် လိမ်ပေးပါက လေချုပ်၍ဖြစ် သော ဆီအောင့်ရောဂါကို သက်သာစေနိုင်သည်။

မေး။။ ဆရာကြီးခင်ဗျာ ကျွန်တော် ညက ပက်လပ်ကုလားထိုင်မှာ စာဖတ်ရင်း အိပ်ပျော်သွားပါတယ်။ နံနက်ထတော့ ညာဘက်ကို ဇက်လှည့်မရ ဖြစ်နေပါတယ်။ အိမ်က လူကြီးတွေက အုံးလွဲတာဆိုပြီး ခေါင်းအုံး ကို နေပူလှန်းပြီး တုတ်နဲ့ ရိုက်ခိုင်းပါတယ်။ မသက်သာပါဘူးခင်ဗျာ။ ဘယ်လိုဆေးများ ပျောက်ကင်းအောင် သုံးရမလဲဆိုတာ ညွှန်ပြပေးစေလိုပါတယ်။

ဖြေ။။ ဇက်လှည့်မရ အုံးလွဲလျှင် မုန်ညှင်းဆီကို မီးအပူပေးပြီး ဇက်နှင့် လက်ပြင်တွင် လိမ်းပါ။ ဆားကို အဝတ်ဖြင့်ထုတ်ပြီး ရေနွေးငွေ့ခံ အပူပေးပြီး ဆားကြပ်ထုပ်ထိုးပေးပါ။ ကြေးဖလား (သို့မဟုတ်) ကြေးဇွန်းကို မီးကင်ပြီး ခံနိုင်သော အပူဖြင့် ဇက်ပိုးတွင် အုပ်ပေးလျှင် အုံးလွဲသက်သာစေသည်။ သင်္ဘောရွက်အနုကို ပျော့အောင်ရေနွေး ခန စိမ်ပြီး ဇက်တွင် ကပ်ပေးပါက အုံးလွဲခြင်း၊ ဇက်လှည့်မရခြင်းများ ပျောက်ကင်းသက် သာစေနိုင်သည်။

မေး။။ ဆရာကြီးခင်ဗျာ ပူပြီး ချွေးထွက်များရာက နောက်ကျောမှာ ညှင်းကွက်များပေါက်လာပါတယ်။

တစ်ဖြည်းဖြည်းပွားလာပါတယ်။ ညှင်းပျောက်အောင် ဘယ်လိုလုပ်ရမလဲ ပြောပြပေးပါခင်ဗျာ။

ဖြေ ။။ ညှင်းဆိုတာ အရေပြားပေါ်မှာ မှိုကပ်တာတစ်မျိုးပါ။

နေရောင်ခြည်ပြပေးပါ။ ညှင်းပေါက်လျှင် ဒန့်ကျွဲစေ့ကို ကျွမ်းအောင်လှော် အ မှုန့်ကျိတ်ပြီး သံပရာရည်နှင့် ဖျော်လိမ်းပါ။ ပျောက်ကင်းနိုင်ပါတယ်။ ဒန့်ကျွဲစေ့မ ရလျှင် ကျောကိုနေပူခံပြီး ကြိတ်မှန်ရွက်အရည် ညှစ်ချလိမ်းပေးပါ။

ရေးသားသူ –ကြည်လွင်မြင့် (မုဒြာ)

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။