အစ္စရေး-ဂါဇာ စစ်ပွဲ ဘယ်လောက် ကြီးလာနိုင်သလဲ

International News
အစ္စရေး-ဂါဇာ စစ်ပွဲ ဘယ်လောက် ကြီးလာနိုင်သလဲ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အစ္စရေး-ဂါဇာ စစ်ပွဲ ဘယ်လောက် ကြီးလာနိုင်သလဲ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အစ္စရေး-ဂါဇာ စစ်ပွဲ ဘယ်လောက် ကြီးလာနိုင်သလဲ

ဟားမတ်စ်အဖွဲ့က အစ္စရေးကို ပြီးခဲ့တဲ့ သုံးပတ်က ဝင်တိုက်ခဲ့ရာမှာ အစ္စရေးဘက်က လူ ၁,၄၀၀ သေဆုံးခဲ့ပါတယ်။ အစ္စရေးက ဂါဇာကမ်းမြောင်ဒေသကို ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက် တုံ့ပြန်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုတွေကြောင့် လူ ၅,၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဟားမတ်စ် ဦးစီးနေတဲ့ ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။

အစ္စရေးကို ထောက်ခံမှုပြတဲ့အနေနဲ့ အနောက်နိုင်ငံတွေက ခေါင်းဆောင်တွေ အစ္စရေးကို သွားခဲ့ကြပါတယ်။

နိုင်ငံတကာ ဥပဒေတွေကို လိုက်နာဖို့၊ ဂါဇာက အရပ်သားတွေကို ကာကွယ်ဖို့ အစ္စရေး ခေါင်းဆောင်တွေကို သူတို့က ပြောကြပါတယ်။

ဂါဇာကမ်းမြောင်နားကို ရောက်လာတဲ့ အစ္စရေးတင့်ကားတစ်စင်း

အစ္စရေးက မြေပြင်ထိုးစစ် လုပ်မယ်လို့ ယူဆထားကြပါတယ်။ ဒါပေမဲ့ ဘယ်အချိန် စမယ်ဆိုတာတော့ မသိရသေးပါဘူး။

မြေပြင် အခြေအနေက မြန်မြန်ဆန်ဆန် ပြောင်းလဲနေပြီး ရှုပ်ထွေးနေပါတယ်။

အဲဒီဒေသထဲရောက်နေတဲ့ ဘီဘီစီ သတင်းထောက်တွေ အပါအဝင် ဘီဘီစီသတင်းထောက်တွေက ဒီစစ်ပွဲနဲ့ပတ်သက်ပြီး အများသိချင်နေတဲ့ မေးခွန်းတွေကို ဖြေပေးထားကြပါတယ်။

အစ္စရေး တိုက်ခိုက်မှုကြောင့် ဖြစ်တဲ့ အပျက်အစီးတွေကြားမှာ စုဝေးနေတဲ့ ပါလက်စတိုင်းတွေ

စစ်ပွဲ ဘယ်လောက်ထိ ကြီးလာနိုင်လဲ၊ အစ္စရေးအတွက် ဘယ်လောက်စိုးရိမ်စရာ ဖြစ်လာနိုင်လဲ။
ပေါလ် အဒမ်စ်၊ သံတမန်ရေး သတင်းထောက်၊ ဂျေရုဆလင် ရဲ့ ဖြေကြားချက်

ဒါကိုတော့ အားလုံးက စိုးရိမ်နေကြတယ်ဆိုတာ ရှင်းပါတယ်။ အဲဒါကြောင့်ပဲ နိုင်ငံခြားက ခေါင်းဆောင်တွေနဲ့ သံတမန်တွေ ဒီသီတင်းပတ်တွေထဲ အစ္စရေးကိုသွားခဲ့ကြတာပေါ့။

အဓိက စိုးရိမ်တာက အစ္စရေးရဲ့ မြောက်ဘက် နယ်စပ်မှာ အစ္စရေးတပ်တွေနဲ့ အင်အားကြီး လက်ဘနွန် ရှီးယား lat nat ကိုင်အဖွဲ့ ဟက်ဇ်ဘိုလာတို့ အပြန်အလှန် ပစ်ခတ်မှုတွေ တစ်နေ့တစ်ခြား တိုးလာနေတာကို စိုးရိမ်တာပါ။

အစ္စရေးက နယ်စပ်ကို တပ်ဖွဲ့တွေနဲ့ သံချပ်ကာကားတွေ ပို့ထားပြီး အန္တရာယ် ဖြစ်နိုင်ခြေရှိတဲ့ နေရာတွေက အရပ်သား ထောင်သောင်းချီကို ကြိုတင် ကယ်ထုတ်ထားပါတယ်။

ဟက်ဇ်ဘိုလာကို အီရန်က ထောက်ပံ့ပေးထားတာပါ။ ဂါဇာက အခြေအနေတွေ ဆက်ပြီး ဆိုးလာရင် ဝင်ပါသင့်ရင် ပါလာမယ်လို့ သူတို့က သတိပေးထားပါတယ်။

အစ္စရေးဘက်က ကြည့်ရင် ဟက်ဇ်ဘိုလာတွေဆီမှာ စုဆောင်းထားတဲ့ အဆင့်မြင့် ဒုံးကျည်တွေက ဟားမတ်စ်ထက် အများကြီး ပိုကြီးတဲ့ ခြိမ်းခြောက်မှု ဖြစ်ပါလိမ့်မယ်။

အမေရိကန်ကတော့ အစ္စရေးကို နောက်ထပ် lat nat တွေ ထပ်ပို့ထားပါတယ်။ မြေထဲပင်လယ် အရှေ့ပိုင်းကိုလည်း စစ်သင်္ဘောနဲ့ တပ်တွေပို့ထားပြီး ဟက်ဇ်ဘိုလာနဲ့ အီရန်ကို ပြတ်ပြတ်သားသား အချက်ပြ ထားပါတယ်။

ဒါပေမဲ့ အခုဖြစ်နေတဲ့ တိုက်ပွဲတွေ အကြမ်းဖက်မှုတွေက စိုးရိမ်လောက်စရာ ဖြစ်လာနေပေမဲ့ ဒီစစ်ပွဲထဲ ဝင်ပါမလားဆိုတာ ဟက်ဇ်ဘိုလာဘက်က ပြတ်ပြတ်သားသား ဆုံးဖြတ်ထားပုံမျိုး မတွေ့ရသေးပါဘူး။

ဂါဇာထဲက ရာဖာမှာ ပေါင်မုန့်ဝယ်ဖို့ တန်းစီနေတဲ့ ပါလက်စတိုင်းတွေ
ဂါဇာထဲကို စားနပ်ရိက္ခာနဲ့ လောင်စာတွေ ရောက်ပြီလား
တွမ် ဘိတ်မန်း၊ အရှေ့အလယ်ပိုင်း သတင်းထောက်၊ ဂျေရုဆလင်ရဲ့ ဖြေကြားချက်

ဂါဇာဘက်ကို “အလုံးစုံ ပိတ်ဆို့”ထားတယ် လို့ အစ္စရေးက ပြောပါတယ်။ ဟားမတ်စ် တိုက်ခိုက်ပြီးတဲ့နောက် ပြန်ပေးဆွဲခံထားရသူတွေ မလွတ်မချင်း မီးနဲ့ရေ ပြန်မပေးဘူးလို့ အစ္စရေး စွမ်းအင် ဝန်ကြီးက ပြောပါတယ်။ “လူသားချင်းစာနာဖို့လို့ပြောရင် တစ်ဖက်အတွက် လူသားချင်းစာနာမှုကိုလည်း စဉ်းစားဖို့လိုမယ်” လို့ သူက ပြောပါတယ်။

ဂါဇာမှာ ဟားမတ်စ်က ထိန်းချုပ်ပြီးနောက်မှာ အစ္စရေးက အီဂျစ်အကူအညီနဲ့ တင်းတင်းကျပ်ကျပ် ပိတ်ဆို့မှုတွေကို ၂၀၀၆ ကတည်းက လုပ်ထားခဲ့တာပါ။ ဒါဟာ lat nat ထုတ်လုပ်မယ့် ပစ္စည်းတွေ မရောက်နိုင်အောင် တားဆီးတာလို့ အစ္စရေးက ဆိုပါတယ်။

ဒါပေမဲ့ အီဂျစ်ဘက်ကနေ လိုဏ်ခေါင်းတွေနဲ့ ဂါဇာဘက်ကို ခိုးသွင်းတာတွေကလွဲလို့ အစ္စရေးနဲ့ အီဂျစ်က အရာအားလုံးကို အဝင်အထွက် ထိန်းချုပ်ထားတဲ့အတွက် သာမန် အရပ်သားတွေရဲ့ ဘဝတွေကို အများကြီး ပိုခက်ခဲသွား စေပါတယ်။

အခုတော့ အီဂျစ်ဘက် နယ်စပ်ကနေ စနေနေ့က စပြီး ရောက်လာတဲ့ အကူအညီတချို့ ကုန်ကားတွေနဲ့ ပို့တာတွေကလွဲရင် အားလုံး ဘာမှ မရတော့ပါဘူး။ ရေကိုတော့ ပိုက်လိုင်းက ပေးတဲ့ရေကို ခန်ယွန်းနစ် အရှေ့ပိုင်းမှာ တစ်နေ့ကို နာရီပိုင်းလောက် အစ္စရေးက ခွင့်ပြုပေးပါတယ်။

ဒါကြောင့် လက်ကျန် မီးနဲ့ သောက်ရေဆိုတာဟာ အခု ပဋိပက္ခ မဖြစ်ခင်ကတည်းက ဂါဇာမှာ သိုလှောင်ထားတာတွေနဲ့ ပေးနေရတဲ့သဘော ဖြစ်ပါတယ်။ အိမ်တွေက ရေစက်နဲ့ မီးစက် အတွက် ဒီဇယ်ဆီတွေ၊ လက်ကျန် ရေသန့်ဘူးတွေနဲ့ ညစ်ညမ်းလို့ သန့်ပြီးမှ သုံးနိုင်တဲ့ ကိုယ်ပိုင်ရေတွင်း တွေ ဒါတွေပဲ ကျန်ပါတယ်။

ဟားမတ်စ်တွေ ပြန်ပေးဆွဲသွားသူတွေတချို့ရဲ့ ဓာတ်ပုံတွေ
အစ္စရေးတွေက ပြန်ပေးဆွဲ ခံထားရသူတွေကို ကယ်ထုတ်နိုင်မှာလား
လုံခြုံရေး သတင်းထောက်၊ ဖရန့်ခ် ဂါ့ဒ်နာရဲ့ဖြေကြားချက်

ဂါဇာမှာ အဖမ်းခံထားရတဲ့ ဓားစာခံ အရေအတွက် တော်တော်များတာကြောင့် (၂၀၀ ကျော်တာကြောင့် ) အစ္စရေးက သူတို့အားလုံးကို စစ်ဆင်ရေးတွေကနေ ကယ်ထုတ်ဖို့ဆိုတာက မလွယ်ပါဘူး။

ကာတာရဲ့ ကြားဝင် ညှိနှိုင်းပေးမှုနဲ့ သောကြာနေ့က ဓားစာခံနှစ်ယောက် လွတ်မြောက်လာခဲ့ပြီး တနင်္လာနေ့မှာ နောက်ထပ် နှစ်ယောက် ထပ်လွတ်လာပါတယ်။ ကာတာကတော့ နောက်ထပ်လူတွေ ထပ်လွတ်လာဦးမယ်လို့ ယုံကြည်နေပေမယ့် တချို့ကတော့ ဒါဟာ အစ္စရေးစစ်တပ်က ဂါဇာကို မြေပြင် ထိုးစစ်မလုပ်အောင် ဟားမတ်စ်တွေရဲ့ အချိန်ဆွဲတဲ့ နည်းပဲ ဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။

အစ္စရေးဘက်မှာ ဓားစာခံ ကယ်ထုတ်ရေးအတွက် အတွေ့အကြုံ အများကြီး ရှိထားပြီးသားပါ။ သူတို့ရဲ့ အထူးတပ်တွေထဲက ဆာယာရတ် မတ်ကယ် – ကင်းထောက် တပ်ဖွဲ့က အဲဒီလို စစ်ဆင်ရေး အတွက် သေချာ လေ့ကျင့်ထားပါတယ်။

ဒါပေမဲ့ သူတို့ ခက်ခဲတဲ့ စိန်ခေါ်မှုနဲ့ တွေ့နေပါတယ်။ ပြန်ပေးဆွဲခံထားရသူတချို့ ဒါမှမဟုတ် အားလုံးဟာ လိုဏ်ခေါင်းတွေနဲ့ ကတုတ်ကျင်းတွေထဲမှာ ရှိနေဖို့ များပါတယ်။ တချို့ လူတွေကိုဆို လျှို့ဝှက်နေ တစ်နေရာကနေ နောက်တစ်နေရာကို ရွှေ့နေတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

တကယ်လို့ ဓားစာခံတွေကို ကယ်ထုတ်ခံရဖို့ တော်တော်နီးစပ်လာပြီလို့ ဖမ်းထားသူတွေက ယူဆလာရင် သူတို့ကို အရင် သတ်ပစ်ဖို့ ကြိုးစားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် ဘယ်ကယ်ဆယ်ရေး နည်းကမဆို အန္တရာယ် အများကြီး ရှိပါတယ်။

အစ္စရေးဘက်ကို ဟားမတ်စ်တို့ တိုက်ခိုက်ရာမှာ သုံးတဲ့ lat nat တွေကို ပြနေတဲ့ အစ္စရေး စစ်သားတစ်ယောက်
ဟားမတ်စ်တွေ ဝင်ငွေ ဘယ်ကရတာလဲ
ယိုလန် နဲလ်၊ အရှေ့အလယ်ပိုင်းသတင်းထောက်၊ ဂျေရုဆလင်ရဲ့ ဖြေကြားချက်

ဟားမတ်စ်တည်ထောင်ကာစ အစောပိုင်းနှစ်တွေ မှာတော့ သူတို့ကို ပြည်ပက ပါလက်စတိုင်းတွေနဲ့ တစ်ဦးချင်း အလှူရှင်တွေ၊ အထူးသဖြင့် အာရပ်ပင်လယ်ကွေ့က အလှူရှင်တွေက ထောက်ပံ့ကြတာပါ။ အစ္စလာမ် အကူအညီပေးရေး အဖွဲ့တွေကလည်း ပိုက်ဆံတွေ ပို့ပေးပါတယ်။

နောက်ပိုင်းမှာ ဟားမတ်စ်ကို အမေရိကန်၊ ဥရောပ သမဂ္ဂနဲ့ တခြားသူတွေက အကြမ်းဖက်လို့ သတ်မှတ်လိုက်ပြီးနောက်မှာ အဲဒီနေရာတွေကနေရတဲ့ ငွေတွေက ရဖို့ တော်တော်ခက်သွားပါတယ်။

အခုတော့ ဟားမတ်စ်က ပစ္စည်းတွေနဲ့ ငွေကြေးအထောက်အပံ့ကို အီရန်ဆီက ရတယ်ဆိုတာ ထင်ရှားပါတယ်။

အခုနှစ်ပိုင်းတွေမှာ ဂါဇာရဲ့ စီးပွားရေး အခြေအနေ တော်တော် ဆိုးလာချိန်မှာ ထောင်ချီတဲ့ အစိုးရဝန်ထမ်းတွေရဲ့ လခတွေကို ပါလက်စတိုင်းနယ်မြေကို အကူအညီပေးနေတဲ့ ကာတာကို ကူညီထောက်ပံ့ပေးဖို့ ခွင့်ပြုထားပါတယ်။

ဟားမတ်စ်တွေမှာ နိုင်ငံတကာ လျှို့ဝှက် ရင်းနှီးမြှုပ်နှံမှုတွေ ရှိပြီး အဲဒီကနေ ငွေအတော်များများ ရနေတယ်၊ ဆူဒန်၊ အယ်လ်ဂျီးရီးယား၊ တူရကီနဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စုတို့မှာ လည်ပတ်နေတဲ့ ကုမ္ပဏီတွေကနေ ခန့်မှန်းခြေ ဒေါ်လာ သန်းရာချီပြီး ရနိုင်တယ်လို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောပါတယ်။

ဟားမတ်စ်က အစ္စရေးကို ဘာ့ကြောင့် တိုက်ခိုက်ခဲ့တာလဲ
အပစ်ရပ်ဖို့ အနောက်နိုင်ငံတွေက တောင်းဆိုမှာလား


thayဆုံးမှု အရေအတွက်က မယုံနိုင်စရာပါပဲ။ အစ္စရေးဘက်က လူ ၁,၄၀၀ ကျော် thayဆုံးပါတယ်။ ပါလက်စတိုင်းတွေ ၅,၀၀၀ ကျော် thayဆုံးတယ်လို့ ဂါဇာက ဟားမတ်စ်တွေ ဦးစီးတဲ့ ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။ အဲဒါက အစ္စရေးနဲ့ ပါလက်စတိုင်း ဆယ်စုနှစ်တွေ ဆယ်စုနှစ်တွေချီတဲ့ ပဋိပက္ခက အရေအတွက်နဲ့ နှိုင်းကြည့်ရင်တောင် ကြောက်စရာ အသက်ဆုံးရှုံးရမှုပါပဲ။

ပြီးခဲ့တဲ့ အကြိမ် အကြမ်းဖက်မှုတွေက အတွေ့အကြုံကို ပြောရရင် အနောက်နိုင်ငံတွေက အပစ်ရပ်ပြောဖို့ ဆိုတာထက် ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ မပြောခင် အစ္စရေးက ဟားမတ်စ်ကို အပြစ်ပေးဖို့ အချိန်ပေးပါတယ်။

ဒါပေမဲ့ အခု နောက်ဆုံး တစ်ခေါက်ကတော့ မတူပါဘူး။ အစ္စရေးက ဟားမတ်စ်ကို အပြစ်ပေးရုံ မဟုတ်တော့ပါဘူး။ ဒီတစ်ခါက အစ္စရေးက ဟားမတ်စ်လှုပ်ရှားမှုကို နိုင်ငံရေးရော စစ်ရေးပါတစ်ခါတည်း အမြစ်ဖြတ် ဖယ်ရှားပစ်ဖို့ ဆုံးဖြတ်လိုက်တာပါ။

အဲဒါက လူသားတွေ အများကြီး အသက်ဆုံးရှုံးမှုတွေ ဖြစ်နိုင်တယ်။ အခုချိန်ထိ အနောက်နိုင်ငံတွေရဲ့ အစ္စရေးကို ထောက်ခံမှုကို ကြည့်ရရင်၊ သူ့ မဟာမိတ်တွေက အစ္စရေးကို တော်လောက်ပြီလို့ မပြောခင် အချိန်အထိ အစ္စရေးအနေနဲ့ သူ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ အချိန်တစ်ခုရနိုင်တယ်လို့ မြင်ရပါတယ်။

ဖာတားအဖွဲ့က ဂါဇာကို ပြန်အုပ်ချုပ်လာနိုင်လား

နောက်ခံ အချက်အလက်တချို့ အရင် ပြောရပါမယ်။ ဖာတားဆိုတာ ဘာသာရေးမစွက်တဲ့ နိုင်ငံရေး အဖွဲ့ ဖြစ်တယ်။ သူတို့က ဟားမတ်စ်တွေရဲ့ အဓိက ပြိုင်ဘက် ဖြစ်တယ်။

ဖာတား ခေါင်းဆောင် သမ္မတ မာမွတ် အာဘတ်စ်က ပါလက်စတိုင်းအုပ်ချုပ်ရေးအဖွဲ့ (PA) ကို ဦးဆောင်တယ်။ အဲဒီအဖွဲ့က အစ္စရေး သိမ်းပိုက်ထားတဲ့ အနောက်ဖက်ကမ်း ဒေသရဲ့ နေရာတချို့ကို အုပ်ချုပ်တယ်။

သူက ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ (PLO) ရဲ့ ဥက္ကဋ္ဌလည်း ဖြစ်တယ်။ (PLO) ဆိုတာ ပါလက်စတိုင်းတွေကို ကိုယ်စားပြုတဲ့ လွှမ်းခြုံအဖွဲ့အစည်းလို့ နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ အဖွဲ့။

ဟားမတ်စ်နဲ့ အစ္စလာမ် ဂျီဟတ်တို့က PLO ရဲ့ အစိတ်အပိုင်းတွေ မဟုတ်ဘူး။ အရင်က အစ္စရေးနဲ့ တိုက်ရိုက် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာ PLO က ကြားဝင်ညှိနှိုင်းပေးသူ လုပ်ခဲ့ဖူးတယ်။

ပါလက်စတိုင်းအုပ်ချုပ်ရေးအဖွဲ့ PA က ဂါဇာကို အုပ်ချုပ်ခဲ့ပေမဲ့ ၂၀၀၇ မှာ ဟားမတ်စ်က အပြည့်အဝ ထိန်းချုပ်သွားတယ်။ သွေးထွက်သံယိုတိုက်ပွဲတွေနဲ့ PA ရဲ့လုံခြုံရေးတပ်ဖွဲ့တွေကို ဖယ်ရှားပစ်လိုက်တယ်။ အဲဒါက ရွေးကောက်ပွဲမှာ ဟားမတ်စ်နိုင်ပြီး နောက်တစ်နှစ်မှာ ဖြစ်ခဲ့တာ။

အခု ဂါဇာမှာ စစ်ပွဲ စဖြစ်တော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင် အဲဒီ ဒေသကို မြန်မြန်ဆန်ဆန်သွားတာကို တွေ့ရတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ကျွန်မ (ယိုလန်နဲလ်) ပီအေ ဝန်ကြီးဟောင်း၊ ဖာတားက အကြီးတန်း အရာရှိ ဖြစ်ပြီး သမ္မတအာဘတ်စ်နဲ့ နီးစပ်သူနဲ့ တွေ့ခဲ့ပါတယ်။ ပီအေကို ဂါဇာကို ပြန်လာဖို့ တိုက်တွန်းခံရတာ ရှိလားလို့ မေးခဲ့တယ်။

သူက “အစ္စရေးက အနာဂတ်အကြောင်း ပြောချင်တယ်။ အမေရိကန်ကလည်း အနာဂတ်အကြောင်း ပြောချင်တယ်။ ပါလက်စတိုင်း ခေါင်းဆောင်ပိုင်းကတော့ ရှင်းပါတယ်။ အစ္စရေးတင့်ကား ပေါ်တက်လိုက်လာပြီးတော့ ဂါဇာနဲ့ ဂါဇာကပြည်သူတွေကို အုပ်ချုပ်မှာ မဟုတ်ဘူး” လို့ ပြန်ပြောခဲ့ပါတယ်။

အစ္စရေးကို အောက်တိုဘာ ၁၈ ရက်မှာ ရောက်လာတဲ့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် (ဘယ်) နဲ့ အစ္စရေး ဝန်ကြီးချုပ် နက်တန်ညာဟု

အစ္စရေးကို အနောက်နိုင်ငံတွေက ဘယ်အထိ နောက်ဆုံး ခွင့်ပြုထားမှာလဲ

အစ္စရေးအနေနဲ့ မကျော်ဖြတ်ရမယ့်စည်း (red line) တစ်ခု အနောက်နိုင်ငံတွေက ထားသလား ဆိုရင် သူတို့မှာ အဲဒါမျိုး ရှိတယ်ဆိုပြီးတော့တော့ မကြားမိသလောက်ပါပဲ။ ယူကရိန်းကို ပြီးခဲ့တဲ့နှစ် ရုရှားက အလုံးစုံ ကျူးကျော်ခဲ့တုန်းက နေတိုးထဲအဖွဲ့ထဲမှာ ဖြစ်ခဲ့သလို အခုအခါမှာ “အနောက်နိုင်ငံတွေရဲ့ ရပ်တည်ချက်”ဆိုပြီး တစ်ညီတစ်ညွတ်တည်း သဘောထားမျိုးလည်း အခုကိစ္စမှာ မရှိပါဘူး။

အောက်တိုဘာ ၇ ရက် အစ္စရေးတောင်ပိုင်းမှာ အရပ်သားတွေကို ဟားမတ်စ်က ကြမ်းကြမ်းတမ်းတမ်း ရက်ရက်စက်စက် ဝင်တိုက်ခဲ့တဲ့အတွက် အနောက်နိုင်ငံခေါင်းဆောင်တွေက အစ္စရေးကို အပြည့်အဝ ထောက်ခံရပ်တည်မှု မြန်မြန်ဆန်ဆန် ပေးခဲ့ကြတယ်။

ဒါပေမဲ့ အစ္စရေး တုံ့ပြန်တိုက်ခိုက်တဲ့ လေကြောင်းတိုက်ခိုက်မှုက ဂါဇာကို ချေမွပစ်ပြီး အရပ်သားတွေ အများကြီး ထိခိုက်ဆုံးရှုံးခဲ့တော့ အစ္စရေးရဲ့ မိတ်ဆွေတွေကြားမှာ နက်တန်ညာဟု အစိုးရတော့ လက်လွန်နေပြီလားလို့ သံသယတွေ တိုးလာနေပါတယ်။

“၉/၁၁ အပြီးမှာ ကျွန်တော်တို့တုန်းက ဒေါသနဲ့ ဘာမှ မမြင်တော့တာမျိုး (အခု) မဖြစ်ပါနဲ့ ” ဆိုတာ အမေရိကန်သမ္မတ ဘိုင်ဒန် အစ္စရေးကို ပြီးခဲ့တဲ့ သီတင်းပတ် လာတုန်းက ပြောတဲ့ မိန့်ခွန်းမှာ ပြောခဲ့တာပါ။

အနောက်နိုင်ငံ ခေါင်းဆောင်တွေ အားလုံးက အစ္စရေးကို နိုင်ငံတကာ လူသားချင်း စာနာမှု ဥပဒေတွေ မချိုးဖောက်ဖို့ ပြောထားကြပါတယ်။ ဒါပေမဲ့ အခုတော့ အစ္စရေးက လူထူထပ်တဲ့နေရာတွေကို ဗုံးတွေကြဲနေပါတယ်၊ အစ္စရေးတပ်ဖွဲ့တွေက ဂါဇာက လူတစ်သန်းကျော်ကို နေအိမ်တွေကနေ အတင်းနှင်ထုတ်နေပါတယ်လို့ ကုလ အဖွဲ့တွေက စွပ်စွဲနေပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။