” ဂွေးတောက်ရွက်ရဲ့အာနိသင် “

Health Knowledge
” ဂွေးတောက်ရွက်ရဲ့အာနိသင် “

အစာလည်းဆေး ၊ဆေးလည်းအစာ ကဏ္ဍမှာတော့ ယခုရာသီဥတုနဲ့လည်း လိုက်ဖက်ညီမျှတဲ့ ဆေးဘက်ဝင် ဂွေးတောက်ရွက်အကြောင်းကို ဖော်ပြပေးချင် ပါတယ်။
ဂွေးတောက်ပင်ဟာ မြန်မာနိုင်ငံအနှံ့အပြားမှာ သဘာဝအလျောက်ပေါက်ရောက်တဲ့ နွယ်ပင်အမျိုးအစားဖြစ်ပြီး၊ ပင်စည်လုံး၍ အခေါက်တွင် အညိုရောင်အဖုအစက်များ၊ မြောင်းလေးများပါရှိပါတယ်။ အရွက်ကတော့ နှလုံးပုံရှိတဲ့ အကွက်များ ရွက်ဆိုင်ထွက်ပြီး၊ ရွက်ထိပ်ချွန်ပါတယ်။

သူ့အရွက်ဟာ ကျန်းမာရေးအတွက် အလွန်တရာမှပဲ အထောက်အကူပြုတယ်ဆိုတာ လူတိုင်းသိချင်မှာသိပါလိမ့်မယ်၊ သိခဲ့ရင် ဘာတွေအကျိုးဖြစ်ထွန်းစေတာကို ဂဃနဏ သိမှာမဟုတ်လောက်ပါဘူး၊ ဂွေးတောက်ရွက်ဟာ ဝမ်းမီးကို ကောင်းစေပြီး၊အစာကြေလွယ်ပါတယ်။ အမျိုးသားတွေအတွက် ဒူလာကောင်းပြီး၊ အမျိုးသမီးတွေအတွက်သွေးသားမှန်ကန်စေပါတယ်။

လေထိုးလေအောင့် ဆီးချုပ်ရောဂါတွေ ပျောက်ကင်းစေပါတယ်။ ဂွေးတောက်ရွက်ကို ဟင်းချိုချက်ပြီး အမြဲမပြတ်သောက်သုံးပေးခဲ့မယ်ဆိုရင် ကိုယ်အတွင်းမှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှား ပြေပျောက်စေပါတယ်။

အထူးသဖြင့် အရက်ကို စွဲမြဲစွာသောက်သုံးသူတွေအတွက် ဂွေးတောက်ရွက်ဟင်းချိုဟာ အင်မတန်အသုံးတည့်ပါတယ်။

ထန်းရည်၊ အရက်၊ ကြာရှည်စွာ သောက်သုံးသူများ တစ်နှစ်တစ်ခါ ဂွေး တောက်ရွက်ကို ကြက်သားနှင့် ချက်စားပေးရင် ကိုယ်ခန္ဓာအတွင်းမှာရှိတဲ့ အဆိပ် အတောက်တွေကိုပြေပျောက် စေတယ်လို့ ဆေးကျမ်းတွေမှာ ဖော်ပြထားပါတယ်။
ပြီးတော့အရွက်ကို တို့စရာအနေနဲ့ပဲဖြစ်ဖြစ်၊ အသုပ်လုပ်စားလို့ပဲဖြစ်ဖြစ် စားနိုင်သလို ကြော်လှော်ချက်ပြုတ်လို့လည်းစားနိုင်ပါတယ်။

သူ့ရဲ့ ခါးသက်သက်အရသာဟာ ခံတွင်းတွေ့စေမှာ အမှန်ပါ။ အခါးသက်သာစေချင်တယ်ဆိုရင်တော့ အရွက်ကို အရွယ်တော် လှီးပြီး ဆားနဲ့နယ်ကာ ရေဆေးညှစ်ပစ်နိုင်ပါတယ်။ ဒါဆို သိပ်မခါးတော့ပါဘူး၊ ဂွေးတောက်ရွက်ကို ဘဲဥနှင့်ကြော်စားပါက ခွန်အားကို တိုးပွားစေပါတယ်။

ဒါ့အပြင် အရွက်ကို မီးကင်ပြီး ကပ်ပေးရင် အနာစိမ်း၊ သွေးစုနာတွေ နုသေးရင် ပိန်၍ ရင့်ခဲ့ရင် ပြည်ပေါက်၍ ပျောက်ကင်းစေပါတယ်။
အရွက်ကိုကြိတ်၍ရသော အရည်နဲ့ ရေယုန်နာကို ဆွတ်ပေးခဲ့ရင်လည်း ရေယုန်ပျောက်စေပါတယ်။

အရွက်ကိုကြိတ်၍ အနာပေါ်မှာ အုံစည်းပေးခြင်းဖြင့်လည်း အဖု အကြိတ်တွေပျောက်ပါတယ်။ နောက်ပြီး သူ့အရွက်ကို သကြားနှင့် ထောင်း၍ အုံပေးပါကလည်း အကြောဆစ်လွဲတာတွေ သက်သာပျောက်ကင်းစေမှာပါ။

အရွက်သာမက သူ့ရဲ့အမြစ်ကလည်း ဆေးဘက်ဝင်ပါတယ်။
အမြစ်ဟာ ခွေးရူးမပြန်၊ အနာမရင်း၊ အမြန်ကျက်တဲ့အတွက်ကြောင့် အမြစ်ကို ခွေးရူးပြန်ဆေး၊ အန်ဆေးနဲ့ သလိပ်ရွှင်ဆေးများတွင် ထည့်သွင်းအသုံးပြုကြပါတယ်။
ဒဏ်ဖြစ်ပြီး မကြာခဏ ခါးနာနေသူတွေအတွက်တော့ ကြက်ခြေထောက် သုံးချောင်းလောက်ကို နူးအိသည်ထိ ပြုတ်ပြီး၊ အသင့်ပြင်ထားတဲ့ ဂွေးတောက်ရွက်လက်တစ်ဆုပ်စာကို ပြုတ်အိုးထဲထည့်ကာ သုံးလေးကြိမ်လောက် သောက်သုံးပေးရင် ခါးနာတာတွေပျောက်ပါတယ်။

နောက်တစ်နည်းကတော့ အမျိုးသမီးတွေ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဒူးနာ၊ ခါးနာ၊ ခြေလက်တွေ နာကျင်ကိုက်ခဲ့မှုတွေဖြစ်ခဲ့ရင် ဂွေးတောက်ကို အနည်းငယ်ကိုထောင်းပြီး ထွက်လာတဲ့အရည်ကို အသင့်သွေးထားတဲ့ သနပ်ခါးရည်နဲ့ ရောစပ်ပြီး ခါးနာခဲ့ရင် ခါးရိုးတစ်လျှောက်၊ အပေါ်ကနေ တင်ပဆုံအရိုးအထိလိမ်းပေးပါ။

လက်နာခဲ့ရင် လက်မောင်းရင်းကနေ လက်ဖမိုးအထိ သနပ်ခါးလိမ်းသလို လိမ်းပေးပါ။
ပြီးတော့ ဒူးနာခဲ့ရင် ဒူးကနေ ခြေဖဝါးအထိ တစ်နေ့ကိုနှစ်ကြိမ်လောက် လိမ်းပေးခဲ့မယ်ဆိုရင် ခုနကပြောခဲ့တဲ့ ရောဂါတွေဟာ သိသိသာသာ ပျောက်ကင်းသွားစေမှာ အမှန်ပါ။
ဒါကြောင့်မို့ ဂွေးတောက်ရွက်ရဲ့ အကျိုးတရား ဖြစ်ထွန်းများပြားပုံကို ဟင်္သာပရိသတ်တွေအနေနဲ့ သိရှိသွားပြီဖြစ်တဲ့အတွက် ယနေ့မှစ၍ ဟင်းချက်စရာအနေနဲ့ပဲဖြစ်ဖြစ်၊ ဆေးဝါးအနေနဲ့ပဲသုံးသုံး ဆောင်ထား စားသုံးသင့်စေကြောင်း တိုက်တွန်းလိုက်ရပါတယ်။ ။

Written by ဖိုးဝဇီ

ရေးသားသူ –Crd

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။