“COVID 19ကိုအဆုံးသတ်မည့် နိဒါန်းကိုအစပျိုးသူများ” (တူရကီ-ဂျာမန်နွယ်ဖွား Dr. Ugur Sahin နှင့် Dr. Özlem Türeci)

Local News

“COVID 19ကိုအဆုံးသတ်မည့် နိဒါန်းကိုအစပျိုးသူများ” (တူရကီ-ဂျာမန်နွယ်ဖွား Dr. Ugur Sahin နှင့် Dr. Özlem Türeci)

ဂျာမန်ကုမ္ပဏီBioNTechကို တည်ထောင်သူ သိပ္ပံပညာရှင်နှစ်ဦးဖြစ်သော တူရကီ-ဂျာမန် နွယ်ဖွား ဇနီးမောင်နှံ Dr.Ugur Sahin နှင့် ဇနီးDr.Özlem Türeciတို့က

Pfizer Pharmaceutical ဆေးဝါးဖော်စပ်၊ထုတ်လုပ်ဖြန့်ချိရေး ကုမ္ပဏီနှင့် ပူးပေါင်းပြီး ဖော်ထုတ်ထားသောကာကွယ်ဆေးသည် ကမ္ဘာ့ကပ်ရောဂါဆိုးကြီး ဖြစ်သော COVID-19 ကာကွယ်ရာတွင် ၉၀ရာခိုင်နှုန်း ထိရောက်မှု ရှိကြောင်း ကြေညာခဲ့ကြပါသည်။

အဆိုပါ အံ့မခန်းရှာဖွေတွေ့ရှိမှုကြီးသည် သုတေသနနှင့် ဆေးကုမ္ပဏီနှစ်ခုအား ကမ္ဘာတဝှမ်းတွင် လူ ၁.၂သန်းကျော်ကိုသေစေခဲ့သည့် ကပ်ရောဂါဆိုးကြီးကိုကုသမည့် ကာကွယ်ဆေးဖော်ထုတ်ရန် ပေါင်းကူးတစ်ခုပင်ဖြစ်သည်။
အဆိုပါကာကွယ်ဆေးအားဖေါ်ထုတ်နိုင်မှုသည် ကပ်ရောဂါဆိုးကြီးအား နိဂုံးချုပ်စေမည့် နိဒါန်းဟုလည်း အင်တာဗျူးတွင် ဒေါက်တာSahin က ဆိုခဲ့သည်။
ဥရောပရှိဇီဝနည်းပညာဆိုင်ရာကုမ္ပဏီတစ်ခုဖြစ်သောဒေါက်တာSahin၏ BioNTechသည် လူသိနည်းသော ကုမ္ပဏီဖြစ်ခဲ့ပြီး COVID-19

ရောဂါမဖြစ်ပွားခင်အချိန်အထိဒေါက်တာUgur Sahinနှင့် ဒေါက်တာ Özlem Türeciတို့သည် ကင်ဆာရောဂါကုသမှု အပေါ်တွင်သာ အာရုံစိုက်ပြီးလေ့လာခဲ့ပါသည်။
“The Lancet” ဆေးပညာဂျာနယ်တွင်ရေးသားထားသော သတင်းတစ်ပုဒ်ကိုဖတ်ပြီးသည့်နောက်တရုတ်နိုင်ငံနေရာတော်တော်များများတွင်ဖြစ်ပွားနေသော ကူးစက်မြန် Coronavirus ရောဂါသည် ကပ်ရောဂါဆိုးကြီးအဖြစ်ပျံ့နှံ့လိမ့်မည်ဟု ဒေါက်တာSahin ယုံကြည်ခဲ့ပြီး BioNTechကုမ္ပဏီသည် ဇန်နဝါရီလမှစတင်ပြီး ကာကွယ်ဆေးရှာဖွေမှုအပေါ်တွင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။၂၀၁၈ခုနှစ်ကတည်းကBioNTechနှင့် Pfizer ကုမ္ပဏီတို့သည် တုပ်ကွေးရောဂါကာကွယ်ဆေးနှင့်ပတ်သက်ပြီး လက်တွဲလုပ်ခဲ့ကြသလို ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးအတွက် သုတေသနပြုမည့်လုပ်ငန်းစဉ် တွင်လည်း ပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့ကြသည်။ အသက် (၅၅) နှစ်ရှိပြီဖြစ်သောဒေါက်တာUgur Sahinသည် တူရကီနိုင်ငံ Iskenderumမြို့တွင်မွေးဖွားခဲ့ပြီး၊ အသက် (၄) နှစ် အရွယ်တွင်မိဘများအလုပ်လုပ်သော Ford မော်တော်ကားစက်ရုံရှိရာ ဂျာမနီနိုင်ငံ၊ Cologne မြို့သို့ပြောင်းရွှေ့နေထိုင်ခဲ့ပါသည်။

ငယ်စဉ်ကတည်းကဆရာဝန်တစ်ယောက်ဖြစ်ချင်ခဲ့ပြီး Cologne တက္ကသိုလ်တွင်ရူပဗေဒပညာရှင်ဖြစ်လာခဲ့ပါသည်။၁၉၉၃ခုနှစ်တွင်ကင်ဆာဆဲလ်များကိုကုသရန် ကိုယ်ခံစွမ်းအား ကုထုံးဆိုင်ရာသူ၏လုပ်ဆောင်ချက်များနှင့်ပတ်သက်ပြီးတက္ကသိုလ်မှ ပါရဂူဘွဲ့ရရှိခဲ့သည်။
အသက်မွေးဝမ်းကြောင်းအလုပ်ကိုလုပ်နေစဉ်မှာပင် နောင်တစ်ချိန်သူ့ဇနီးဖြစ်လာမည့် ဒေါက်တာ Türeciနှင့် တွေ့ဆုံခဲ့ပါသည်။

အစောပိုင်းတွင် သီလရှင်တစ်ဦးဖြစ်ရန်မျှော်လင့်ထားခဲ့သူTüreciသည် ဆေးပညာကိုသာ အစွမ်းကုန် လေ့လာဖြစ်သွားခဲ့ပါသည်။ ဂျာမနီနိုင်ငံသူအသက် (၅၃) နှစ်ရှိပြီဖြစ်သော ဒေါက်တာTüreciသည် လက်ရှိBioNTechကုမ္ပဏီ၏ chief medical officer ဖြစ်သည်။လက်ထပ်ပြီး နောက်တစ်နေ့မှာပင် သူတို့ဇနီးမောင်နှံသည် ဓာတ်ခွဲခန်းသို့ပြန်လည် ရောက်ရှိကာ စမ်းသပ်မှုများကို ဆက်လက်လုပ်ဆောင်ခဲ့ကြသည်။ အစပိုင်းတွင်ဇနီးမောင်နှံနှစ်ယောက်သည်သုတေသနနှင့်သင်ကြားရေးပိုင်းကိုသာအလေးထားခဲ့ကြသည်။

၂၀၀၁ခုနှစ်တွင်ဒေါက်တာSahinနှင့်ဇနီးဒေါက်တာTüreciတို့သည် monoclonal သီးသန့် ရောဂါတစ်မျိုးတည်းကိုသာ ပျောက်နိုင်သည့် ပဋိပစ္စည်းများနှင့် ဖော်စပ်ထားသောဆေးကို သုံးပြီးကင်ဆာရောဂါကိုကုသနိုင်မည့် ဆေးဝါးများကိုဖော်ထုတ်မည့် Ganymedဆေးဝါးကုမ္ပဏီကိုတည်ထောင်ခဲ့ပါသည်။
Messenger RNA ခေါ် ကိုယ်ခံစွမ်းအားထုတ်ပေးသည့် ကာကွယ်ဆေးအသစ်တစ်မျိုးအပါအဝင် နည်းပညာများစွာကို အသုံးပြုပြီးကင်ဆာရောဂါကိုကုသရန် ကြံရွယ်လျက်သူတို့နှစ်ဦးသည် နှစ်အနည်းငယ်ကြာတွင် BioNTechကုမ္ပဏီကိုပါ တည်ထောင်ခဲ့ကြသည်။

ကမ္ဘာ့ကပ်ရောဂါဆိုးကြီး မဖြစ်ခင်ကတည်းကပင် BioNTech ကုမ္ပဏီသည် တိုးတက်အောင်မြင်ဖို့အရှိန်စတင်နေခဲ့ပြီဖြစ်သည်။ BioNTech ကုမ္ပဏီသည် ဒေါ်လာသန်းပေါင်းရာနှင့်ချီ၍ မတည်ခဲ့ပြီး ယခုအခါမှာတော့ ဘာလင်မြို့ ၊ အခြား ဂျာမန်မြို့များနှင့် Cambridge, Mass အစရှိသော မြို့များတွင် ရုံးစိုက်ခဲ့ပြီး ဝန်ထမ်းပေါင်း ၁၈၀၀ ကျော် ခန့်ထားပြီးဖြစ်ပါသည်။၂၀၁၈ ခုနှစ်တွင် Pfizer ဆေးဝါးဖော်စပ်၊ထုတ်လုပ်၊ဖြန့်ချီရေးကုမ္ပဏီနှင့် စတင်ပူးပေါင်းခဲ့ပါသည်။ The Bill & Melinda Gates Foundation ကလည်း HIV ရောဂါနှင့် TB ရောဂါကို ကုသမည့် လုပ်ငန်းစဉ်တွင် ဒေါ်လာ ၅၅ သန်း ရင်းနှီးမြှပ်နှံခဲ့ပါသည်။ ၂၀၁၉ ခုနှစ်တွင် Dr. Sahin သည် နှစ်နှစ်တစ်ကြိမ်ပြုလုပ်သော သိပ္ပံနှင့် နည်းပညာတွင် ထူးချွန်သော မူဆလင်များကို ပေးအပ်ချီးမြှင့်သည့် Mustafa Prize ဆုကိုချီးမြှင့်ခြင်းခံခဲ့ရပါသည်။
၂၀၁၆ ခုနှစ်တွင် Dr. Sahin နှင့် ဇနီး Dr. Türeci တို့သည် Ganymed ဆေးဝါးကုမ္ပဏီကို ဒေါ်လာ ၁.၄ ဘီလီယံဖြင့် ရောင်းချခဲ့ပါသည်။ BioNTech ကုမ္ပဏီကလည်း ရှယ်ယာများကို အများပြည်သူသို့ ရောင်းချခဲ့ပြီး ကုမ္ပဏီ ဈေးကွက်တန်ဖိုးသည် ၂၁ ဘီလီယံကျော်ထိ တစ်ဟုန်ထိုးမြင့်တက်လာသည့်အတွက် ဂျာမနီနိုင်ငံရှိ အချမ်းသာဆုံးသူဌေးစာရင်းများထဲတွင် Dr. Sahin နှင့် ဇနီး Dr. Türeci ပါဝင်လာခဲ့သည်။ ဘီလီယံနာစုံတွဲဖြစ်သော်လည်း သူတို့ဇနီးမောင်နှံသည် ဆယ်ကျော်သက် သမီးဖြစ်သူနှင့်အတူ ရုံးနှင့် နီးသော တော်သင့်ရုံ တိုက်ခန်းလေးမှာပင် နေထိုင်ကြပါသည်။ ကိုယ်ပိုင်ကား မဝယ်ဘဲ အလုပ်ကို စက်ဘီးစီးသွားကြပြီး ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းနေသော စံတင်ထိုက်သည့် ဇနီးမောင်နှံဖြစ်ပါသည်။
*”The New York Times” တွင် ရေးသားထားသော ဆောင်းပါးတစ်ပုဒ်ကို သင့်တော်သလို ဆီလျော်အောင်ဘာသာပြန်ထားခြင်းဖြစ်ပါသည်။*

Leave a Reply