တောင်ကုတ်မှာ NLD ပါတီ ဘာကြောင့် ရွေးကောက်ပွဲရှုံးသလဲ

Local News

နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲအပြီး ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရွေးကောက်ပွဲ ရလဒ်များတွင် ANP ပါတီမှ အနိုင်ရရှိခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ရှုံးနိမ့်ခဲ့သည်။

ထိုသို့ ရှုံးနိမ့်မှုသည် အောက်တိုဘာလ ၁၄ ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ ကိုယ်စား လှယ်လောင်း ၃ ဦးကို ရက္ခိုင့်စစ်တပ် (AA) က အကြမ်းဖက် ရိုက်နက် ဖမ်းဆီးသွားသည့် ဖြစ်စဉ်နှင့်လည်း ဆက်စပ်မှု ရှိနေသည်ဟု ဝေဖန်ကာ တရားမျှတမှုအပေါ် မေးခွန်းထုတ်နေကြသည်။

NLD ကိုယ်စားလှယ်လောင်း ၃ ဦးဖြစ်သည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမင်းအောင်၊ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်လောင်း ဒေါ်နီနီမေမြင့်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောတို့မှာ ဖောင်းခါးကျေးရွာအတွင်း မဲဆွယ် စည်းရုံးရေး သွားရောက်စဉ် AA တပ်ဖွဲ့ဝင်များက ဝင်ရောက် ရိုက်နက်ဖမ်းဆီးသွားခြင်း ဖြစ်ပြီး ယနေ့ချိန်ထိ ပြန်လွှတ်ခြင်းမရှိသေးပေ။

ဖမ်းဆီးထိန်းသိမ်းခံရသူ ဦးမင်းအောင်မှာ စည်ပင်ဝန်ကြီးဟောင်း ၁ ဦးဖြစ်သလို လက်ရှိပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁ ဦးဖြစ်ပြီး ဒေါ်နီနီမေမြင့်မှာလည်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ၁ ဦး ဖြစ်ကာ ဒေါ်ချစ်ချစ်ချောမှာ ပြည်နယ်အဆင့် ပါတီ လူငယ် ခေါင်းဆောင် ၁ ဦးလည်း ဖြစ်သည်။

ထိုသို့ဖမ်းဆီးခံလိုက်ရသည့်အတွက် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ အပြည့်အဝ မလုပ်နိုင်ခဲ့သလို ခြိမ်းခြောက်မှု တချို့လည်း ရှိခဲ့သည့်အတွက် ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်ကြောင်း ဦးမင်းအောင်၏ ရွေးကောက်ပွဲ အောင်နိုင်ရေး ကိုယ်စားလှယ် ကိုဖိုးထောင် (ခ) ဦး သက်ထွန်းက သုံးသပ်သည်။

ဦးသက်ထွန်းက “သူတို့ ၃ ဦး အဖမ်းခံရတဲ့အတွက် အခုလို မဲရှုံးရတာလို့ပဲ ယူဆတယ်။ သူတို့မရှိတော့တဲ့နောက် ကျနော်တို့ ပါတီဝင် တချို့ ခြိမ်းခြောက်မှုတွေ ခံရတယ်။ စာတွေဖြန့်တယ်။ ဒီလူတွေကို ၈ ရက်နေ့ မတိုင်မီ အပြတ်ရှင်းမယ်ဆိုတဲ့အခါ ကျနော်တို့ မဲဆွယ်စည်းရုံးဖို့ အချိန်ပြည့်မဆင်းရဘူး။

ကျနော်တို့ နောက်ကို ဝန်းရံဖို့ လိုက်တဲ့ လူငယ်တွေရဲ့ မိဘတွေ ကလည်း စိုးရိမ်ပြီးတော့ မလိုက်ခိုင်းတော့ဘူး။ အဲဒါတွေကြောင့် ရွေးကောက်ပွဲမှာ ရှုံးခဲ့ရတာဖြစ်တယ်လို့ပဲ ယူဆတယ်” ဟု ဆိုသည်။

ကိုယ်စားလှယ်လောင်း ၃ ဦး ဖောင်းခါးကျေးရွာ၌ ဖမ်းဆီးခံခဲ့ရသည့် ဖြစ်စဉ်တွင်လည်း ဦးသက်ထွန်းကိုယ်တိုင် ပါဝင်ကာ ကြုံတွေ့ခဲ့ရပြီး AA တပ်ဖွဲ့ဝင်များ၏ ခြိမ်းခြောက် ကန်ကျောက်မှု တချို့ကိုလည်း ခံခဲ့ရကာ ကံကောင်းထောက်မစွာဖြင့် အဖမ်းမခံရဘဲ လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တောင်ကုတ်မဲဆန္ဒနယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ၊ ပြည်ခိုင်ဖြိုး ပါတီတို့ အဓိက ယှဉ်ပြိုင်ခဲ့ကြပြီး ရေပန်းစားနေသည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဒေါက်တာတင် မာအောင်နှင့် NLD ပါတီမှ ကိုယ်စားလှယ်လောင်းများ ရှုံးနိမ့်ခဲ့ပြီး ရခိုင်အမျိုးသားပါတီ (ANP) ပါတီမှ ကိုယ်စားလှယ် ၃ ဦး အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

ရခိုင်အမျိုးသားပါတီ (ANP) ပါတီမှ နိုင်ငံရေးမူဝါဒရေးရာ ကော်မတီအဖွဲ့ဝင် ဦးဖေသန်းကမူ တောင်ကုတ်မဲဆန္ဒနယ် အားလုံးတွင် NLD ပါတီမှ မဲရှုံးခြင်းမှာ ကိုယ်စားလှယ်လောင်းများ ဖမ်းဆီးခံရမှုနှင့်သက်ဆိုင်ခြင်းမရှိဟု တုံ့ပြန်သည်။

ANP ပါတီသည် ရွေးကောက်ပွဲမတိုင်မီ ကတည်းက ၎င်းမြို့နယ်များတွင် ခွန်အားစိုက်ပြီး စည်းလုံးမှု တည်ဆောက် ထား နိုင်ခဲ့သလို NLD သည် ၅ နှစ်တာ ပြည်နယ် အစိုးရအဖွဲ့၏ စွမ်းဆောင်ရည် အားနည်းချက်များကြောင့် လူထုထောက်ခံမှု ကျဆင်းရခြင်း ဖြစ်ကြောင်း သုံးသပ်သည်။

ဦးဖေသန်းက “တောင်ကုတ်မှာ ကိုယ်စားလှယ် ၃ ဦး ဖမ်းဆီးခံထားရလို့ မဲရှုံးတယ်ဆိုတာကတော့ လက်တွေ့ မဆန်ပါဘူး။ အဲဒီလိုပြောမယ်ဆိုရင် ရမ်းဗြဲတို့၊ မာန်အောင်တို့မှာလည်း NLD ရှုံးတာပဲ။ အဲဒီဘက်ခြမ်းနဲ့ ပြောမယ်ဆိုရင် သံတွဲတို့၊ ဂွတို့မှာဆိုရင် ကျနော်တို့ ရှုံးပြီး NLD နိုင်တာပဲ။ အဓိကတော့ လူထုထောက်ခံမှု ကျဆင်းလို့ ဖြစ်တာ။ တကယ်လို့ လူထု ထောက်ခံမယ်ဆိုရင် ဒီလိုဖမ်းဆီးတာကို လူထုက မကျေနပ်မှုတွေ ဖြစ်ပြီး NLD ပါတီက ကိုယ်စားလှယ်တွေကို ပိုလို့တောင် မဲပေးကြအုံးမှာ” ဟု သုံးသပ်သည်။

သို့သော်လည်း NLD ကိုယ်စားလှယ် ၃ ဦးကို AA လက်နက်ကိုင် အဖွဲ့က မဲဆွယ်စည်းရုံးရေး လုပ်ဆောင်နေစဉ် အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးမှုသည် မဲဆန္ဒရှင်များကို ခြိမ်းခြောက်မှုမျိုး သက်ရောက်သကဲ့သို့ ကိုယ်စားလှယ်လောင်းများ အဖမ်းခံထားရသဖြင့် မဲပေးသူများ လျော့နည်းသွားသည့် အခြေအနေများလည်း ဖြစ်နိုင်သည်။

တောင်ကုတ်မြို့နယ်အတွင်း ကျေးရွာအုပ်စု ၅၀ ကျော်မှာ လုံခြုံရေးအခြေအနေကြောင့်ဟုဆိုကာ UEC ၏ ရွေးကောက်ပွဲ ဖျက်သိမ်းသည့် စာရင်းတွင် ပါဝင်ခဲ့သည့်အတွက် မဲဆန္ဒနယ် အမှတ် ၁ မှာလည်း ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိတော့ ဘဲ မြို့ပေါ် ၄ ရပ်ကွက်သာ ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် တောင်ကုတ်မြို့နယ်တွင် ပြီးခဲ့သော ဧပြီလအတွင်းက ဆားပြင်ရွာသား ၅ ဦးမှာ ရက္ခိုင့် စစ်တပ် (AA) အဖွဲ့နှင့် ပတ်သက်ဆက်နွယ်မှုရှိသည်ဟုဆိုကာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် ဖမ်းဆီးခံခဲ့ရသည်။

ယင်းအပြင် မေလ အတွင်းကလည်း တောင်ကုတ် စည်ပင်ကော်မတီဥက္ကဋ္ဌ ဦးဇေယျကျော်၊ ရခိုင်အမျိုးသားပါတီမှ မြို့နယ် အလုပ် အမှုဆောင်ကော်မတီဝင် ဦးဝေသောင်း နှင့် မြို့နယ်စည်ပင်ကော်မတီဥက္ကဋ္ဌ (ဟောင်း) ဦးစန်းငွေတို့နှင့် ကိုဇေယျ ကျော်၏ ညီဖြစ်သူ ကိုမိုင်ကယ် (ခ) စည်သူ၊ ကျော်ဇံ တို့မှာလည်း အကြမ်းဖက်မှုဥပဒေဖြင့် ဖမ်းဆီးခံရပြီး လက်ရှိအချိန် အထိ တရားရင်ဆိုင်နေရသည်။

ထိုတောင်ကုတ်မြို့ခံများ ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်ပြီး NLD ပါတီဝင်များ အပေါ်တွင်လည်း အမြင်မကြည်လင်မှုများ ရှိနေခဲ့ပြီး မြို့ခံများ အကြားတွင် အုပ်စုကွဲမှု ဖြစ်ပွားခဲ့သလို လက်ရှိအုပ်ချုပ်နေသော ပြည်နယ်အစိုးရအပေါ်တွင်လည်း ပြစ်တင် ဝေဖန်မှုများ ရှိခဲ့ကြသည်။

တောင်ကုတ်မြို့ခံ ဒေါ်သိင်္ဂီမောင်က “၂၀၁၅ ခုနှစ်ကတော့ NLD ပါတီ အနိုင်ရတယ်ဆိုတာမှန်တယ်။ ၂၀၁၅ ခုနှစ် အလွန် မှာ သူတို့ ပြည်သူအပေါ်မှာ ဆက်ဆံတာ။ သူတို့ရဲ့ အပြုအမူတွေကြောင့် ဒီလိုတွေ အဆုံးအဖြတ် ဖြစ်သွားတယ်လို့ မြင် တယ်။ ကိုယ်စားလှယ် ၃ ယောက် အဖမ်းခံရတဲ့ ကိစ္စနဲ့ မဆိုင်ဘူးလို့တော့ ထင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

NLD ပါတီဗဟိုမှ ထိပ်ပိုင်းခေါင်းဆောင် ၁ ဦးဖြစ်သူ မုံရွာအောင်ရှင်ကမူ တောင်ကုတ် မဲဆန္ဒနယ်တွင် ရွေးကောက်ပွဲ အနိုင်မရရှိခြင်းမှာ ကိုယ်စားလှယ်လောင်း ၃ ဦး ဖမ်းဆီးခံရသည့် ကိစ္စနှင့် တိုက်ရိုက်သက်ဆိုင်သလို ကိုဗစ်ကာလ မဲဆွယ်စည်းရုံးမှု အပြည့်အဝ လုပ်ဆောင်နိုင်ခြင်း မရှိမှုတို့ကြောင့် ယခုကဲ့သို့ မဲရလဒ် ထွက်ပေါ်လာခြင်း ဖြစ်သည်ဟု သုံးသပ်သည်။

၎င်းက “အရင် ၂၀၁၅ တုန်းကတော့ အဲဒီဘက်မှာ ဘာမှ မဖြစ်ခဲ့ဘူး။ အခု ရွေးကောက်ပွဲ နီးပြီးမှ ကိုယ်စားလှယ် ၃ ဦး လည်း အဖမ်းခံရတယ်။ နောက်တခုက အဲဒီဘက်မှာ ရှိတဲ့ NLD ပါတီဝင်တချို့လည်း ခြိမ်းခြောက်ခံရတယ်။ နောက်ကို ဗစ်ကာလ ဖြစ်တော့ မဲဆွယ်စည်းရုံးမှုလည်း စိတ်ကြိုက်မလုပ်နိုင်ကြဘူး။ အဲဒီအတွက်ကြောင့် ဒီလိုဖြစ်တာပဲ။ အဲဒီ အပေါ်မှာ ANP ပါတီက အခွင့်ကောင်း တခုအနေနဲ့ အသုံးချ နိုင်ခဲ့တာပဲ” ဟု ဧရာဝတီသို့ ပြောသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ အစိုးရ သက်တမ်း ၅ နှစ်တာ ကာလအတွင်း ဆောင်ရွက်လုပ်ကိုင်ခဲ့သည့် စွမ်းဆောင် ရည်များ အပေါ် ဝေဖန်မှုများနှင့် ပတ်သက်၍ မုံရွာအောင်ရှင်က ဒါလည်း တခုအပါအဝင် ဖြစ်နိုင်ပါတယ်။ ကျနော် မငြင်းချင်ပါဘူး။ ပြည်သူလူထုကတော့ ဘာပဲဖြစ်ဖြစ် မျှော်လင့်ချက်တွေ အများကြီး ရှိခဲ့တာပေါ့။ အဲဒီအတိုင်း မစွမ်း ဆောင်နိုင်တဲ့အခါမှာ ဒီမျှော်လင့်ချက်တွေ ပျက်ပြီးတော့ စိတ်ပျက်တာတွေလည်း ရှိနိုင်ပါတယ်။ ဒါလည်း ဖြစ်နိုင်ခြေ ရှိပါတယ်။” ဟု ရှင်းပြသည်။

လက်ရှိအခြေအတွင် အာဏာရ အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်က သံတွဲနှင့် ဂွတွင် ပြည်နယ်လွှတ်တော် ၄ နေရာနှင့် အမျိုးသား လွှတ်တော် ၁ နေရာ၊ ပြည်သူ့လွှတ်တော် ၂ နေ ရာနှင့် ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ၁ နေရာ စုစုပေါင်း ၈ နေရာ အနိုင်ရရှိခဲ့ကြောင်းလည်း ပါတီခေါင်းဆောင်များက ပြောသည်။

ရခိုင်အမျိုးသားပါတီက စစ်တွေ၊ တောင်ကုတ်၊ ရမ်းဗြဲ၊ မာန်အောင် ပြည်နယ်လွှွတ်တော်တွင် ၇ နေရာ အနိုင်ရရှိခဲ့ပြီး အမျိုးသားလွှွတ်တော် ၄ နေရာနှင့် ပြည်သူ့လွှတ်တော် ၄ နေရာ စုစုပေါင်း ၁၅ နေရာ အနိုင်ရရှိခဲ့ကာ ရခိုင့်ဦးဆောင်ပါ တီက ကျောက်ဖြူမဲဆန္ဒနယ်တွင် ပြည်နယ်လွှတ်တော် ၂ နေရာ နှင့် ပြည်သူ့လွှတ်တော် ၁ နေရာ စုစုပေါင်း ၃ နေရာ အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အမ်းမဲဆန္ဒနယ်တွင် ပြည်နယ်လွှတ်တော် ၁ နေရာနှင့် ပြည်သူ့လွှတ်တော် ၁ နေရာ အနိုင်ရရှိခဲ့ပြီး စုစုပေါင်း ကိုယ်စားလှယ် ၂ နေရာနှင့် အနိုင်ရရှိခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲကာလက ရခိုင်ပြည်နယ်တောင်ပိုင်းက သံတွဲ၊ တောင်ကုတ်၊ ရမ်းဗြဲ၊ မာန်အောင် စသည့် မြို့နယ်များတွင် NLD ပါတီက နေရာ အားလုံး အနိုင် ရရှိခဲ့ကာ ရခိုင်ဒေသတွင်း ပါတီများက တဦးတယောက်မျှ အနိုင် ရရှိခဲ့ခြင်း မရှိပေ။

ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်၏ စာရင်းအရ ပြည်နယ်တခုလုံးတွင် ဆန္ဒမဲ ပေးခွင့်ရှိသူ ၁၆ သိန်းကျော် ရှိခဲ့ရာ ယခုရွေးကောက်ပွဲတွင် လူ ၄ သိန်းကျော်သာ မဲပေးခွင့်ရရှိခဲ့သဖြင့် လူပေါင်း ၁၂ သိန်းကျော် မဲပေးခွင့် ဆုံးရှုံးခဲ့ရသည်။

Leave a Reply