အီရန်တွင် အယ်ကေဒါအဖွဲ့၏ နံပါတ် နှစ် ခေါင်းဆောင် လျှို့ဝှက်သတ်ဖြတ်ခံရ

Local News

၁၉၉၈ ခုနှစ်က တန်ဇန်းနီးယားနှင့် ကင်ညာနိုင်ငံတို့ရှိ အမေရိကန်သံရုံးများ ဗုံးခွဲတိုက်ခိုက်မှုများနှင့် ပတ်သက်ပြီး အမေရိကန်တွင် စွဲချက်တင်ခံခဲ့ရသည့် အယ်ကေဒါအဖွဲ့၏ ဒုတိယအကြီးအကဲသည် သြဂုတ်လအတွင်းက အီရန်တွင် လျှို့ဝှက်စွာသတ်ဖြတ်ခံခဲ့ရကြောင်း နယူးယောက်တိုင်းမ်စ်က နိုဝင်ဘာ ၁၃ ရက်တွင် ဖော်ပြခဲ့သည်။

အမေရိကန် ဖက်ဒရယ် ထောက်လှမ်းရေးဗျူရို (FBI) ၏ အလိုအရှိဆုံးအကြမ်းဖက်သမားများ စာရင်းတွင်ပါဝင်သည့် အဗ္ဗဒူလာ အာမက် အဗ္ဗဒူလာကို တီဟီရန်မြို့တော်တွင် အစ္စရေးအေးဂျင့်နှစ်ဦးက မော်တော်ဆိုင်ကယ်ပေါ်မှ ပစ်ခတ်သတ်ဖြစ်ခဲ့ခြင်းဖြစ်ပြီး အမေရိကန်၏တောင်းဆိုချက်အရ အစ္စရေးအေးဂျင့်များက ယင်းသို့လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထောက်လှမ်းရေးအရာရှိများက တိုင်းမ်စ် သတင်းစာသို့ အတည်ပြုခဲ့သည်။

အာဖရိကတွင် သံရုံးများဗုံးခွဲခံရသည့် နှစ်ပတ်လည်နေ့ဖြစ်သည့် သြဂုတ်လ ၇ ရက်တွင် အဗ္ဗဒူလာကို နှိမ်နှင်းခဲ့ခြင်းဖြစ်ပြီး ယင်းဖြစ်စဉ်ကို အမေရိကန်၊ အီရန်၊ အစ္စရေးနှင့် အယ်ကေဒါအဖွဲ့တို့က လူသိထင်ရှား ထုတ်ပြန်ခြင်းမရှိခဲ့ပေ။

ရှီးအိုက်အများစုနေထိုင်သည့် အီရန်နိုင်ငံနှင့် ဆွန်နီစစ်သွေးကြွအဖွဲ့ဖြစ်သည့် အယ်ကေဒါအဖွဲ့တို့သည် ရန်ဘက်များ ဖြစ်ခဲ့သည်။

အကြီးတန်း အယ်ကေဒါခေါင်းဆောင်ဖြစ်သည့် အဗ္ဗဒူလာသည် ၎င်း၏ သမီးဖြစ်သည့် မီရီအမ်နှင့်အတူ သေဆုံးခဲ့ခြင်းဖြစ်ပြီး မီရီအမ်သည် ကွယ်လွန်ခဲ့ပြီဖြစ်ကြသည့် အိုစမာဘင်လာဒင်၏ သားဖြစ်သူ ဟမ်ဇာဘင်လာဒင်၏ ကျန်ရစ်သူ မုဆိုးမဖြစ်ကြောင်း တိုင်းမ်စ်တွင် ဖော်ပြထားသည်။

အမေရိကန် ဖက်ဒရယ် အာဏာပိုင်များကမူ အဗ္ဗဒူလာ အားဖမ်းဆီးရမိရန် သတင်းပေးသည့်မည်သူ့ကိုမဆို ဒေါ်လာ ၁၀ သန်းချီးမြှင့်မည်ဟု ဆုငွေထုတ်ခဲ့သည်။

အဗ္ဗဒူလာသည် အမေရိကန်နှင့် မဟာမိတ်နိုင်ငံများတွင် ဖမ်းဆီးမခံခဲ့ရဘဲ လွတ်မြောက်ခဲ့သည့် အတွေ့အကြုံရင့်သည့် စစ်ဆင်ရေးစီမံကိန်းရေးဆွဲသူတစ်ဦး ဖြစ်ခဲ့သည်။

အဗ္ဗဒူလာသည် ၂၀၀၃ ခုနှစ်က အီရန်တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသော်လည်း ၂၀၁၅ ခုနှစ်ကတည်းက တီဟီရန်မြို့တော်ရှိ ဆင်ခြေဖုံးတစ်နေရာတွင် လွတ်လပ်စွာ လှုပ်ရှားနေထိုင်ခဲ့ကြောင်း အမည်မဖော်လိုသည့် အမေရိကန် ထောက်လှမ်းရေးအရာရှိတစ်ဦး ကပြောကြားခဲ့သည်။

၎င်းသေဆုံးသွားကြောင်း သတင်းထွက်ပေါ်မလာမီက အဗ္ဗဒူလာအား လက်ရှိအယ်ကေဒါခေါင်းဆောင် အေမန် အယ်ဇဝါရီ၏ နေရာအားဆက်ခံမည့်သူအဖြစ် ရှုမြင်ခဲ့ကြသည်။

အီဂျစ်နိုင်ငံဖွား စစ်သွေးကြွဖြစ်သည့် အဗ္ဗဒူလာအား သတ်ဖြတ်မှုတွင် အမေရိကန်အနေနှင့် မည်သည့်အခန်းကဏ္ဍက ပါဝင်ခဲ့သည်ဆိုခြင်းကို ရှင်းလင်းစွာမသိရကြောင်း တိုင်းမ်စ်က ဆိုသည်။

အမေရိကန်အာဏာပိုင်များကမူ အီရန်တွင် အဗ္ဗဒူလာနှင့် အခြားအယ်ကေဒါအဖွဲ့ဝင်များကို နှစ်ပေါင်းများစွာ ခြေရာခံခဲ့ကြကြောင်း တိုင်းမ်စ်တွင် ဖော်ပြခဲ့သည်။

၁၉၉၈ ခုနှစ်က ကင်ညာနှင့် တန်ဇန်းနီးယားနိုင်ငံများရှိ အမေရိကန်သံရုံးများတွင် ဗုံးပေါက်ကွဲမှုများကြောင့် လူပေါင်း ၂၂၄ ဦး သေဆုံးခဲ့ပြီး လူပေါင်း ၅,၀၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

ယင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် တစ်နှစ်အကြာတွင် အမေရိကန် ဖက်ဒရယ်ခုံအဖွဲ့က အဗ္ဗဒူလာအား စွဲချက်တင်ခဲ့သည်။

Leave a Reply