သိန္နီမြို့တွင် ဒုတိယ ကမ္ဘာစစ်အတွင်း ဗုံးဒဏ် ထိမှန်ခဲ့သော သိန္နီဟော်နန်းကို အသစ်ပြန်လည် တည်ဆောက်မည်

Local News

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့တွင်  ဒုတိယကမ္ဘာစစ်အတွင်း ဗုံးဒဏ်ထိမှန်ခဲ့သော စော်ဘွားကြီး ခွန်ဆန်တုန်ဟုန်းလက်ထက်က ဆောက်လုပ်ခဲ့သည့် ဟော်ခမ်းသျှမ်းဝီ သိန္နီဟော်နန်း ပြန်လည်တည်ဆောက်‌‌ရေးအတွက် ပန္နက်တော်တင်အခမ်းအနားကို ဒီဇင်ဘာ  ၅ ရက် မွန်းလွဲ ၁ နာရီခန့်က ပြုလုပ်ခဲ့ရာ အဆိုပါ မူလဟော်နန်းဆောက်လုပ်မည့် နေရာသို့ တပ်မ‌တော်ကာကွယ်‌ရေးဦးစီးချုပ် တက် ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ  သိန္နီစော်ဘွားကြီး ခွန်ဆန်တုန်ဟုန်း၏ ဟော်နန်းတော် ဟော်ခမ်းသျှမ်းဝီ  သိန္နီဟော်နန်း ပြန်လည်တည်ဆောက်ရေး လုပ်ငန်း၊ ပန္နက်တော်တင်နှင့် အလှူငွေပေးအပ်ပွဲ အခမ်းအနားကျင်းပရာနေရာသို့  သိန္နီမြို့ မြို့လယ်ကျောင်းဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိဇေယျအမှူးပြုသည့် ဆရာတော်သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊  ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့် ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ ကာကွယ်ရေးဦး စီးချုပ်(လေ) နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီးများ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်အေး၊ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များဖြစ်သော သိန္နီမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ဒေါ်နန်းခင်ထားရီ၊ သိန္နီမြို့နယ်မဲဆန္ဒနယ်အမှတ် (၂) မှ ဦးစိုင်းစိန် လူ၊ သိန္နီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးနှင့် ဌာနဆိုင်ရာများ၊ သိန္နီမြို့နယ်ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးစိုင်းမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ သိန္နီမြို့မှ မြို့မိမြို့ဖများနှင့် ဌာန ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့‌ကြကြောင်း သိရသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရတနာပန္နက်တော်စိုက်ထူမည့် သက်ဆိုင်ရာနေရာအသီးသီး၌ နေရာယူကြပြီး မင်္ဂလာအချိန်ရောက်ရှိသည်နှင့် တစ်ပြိုင်နက် ဗဟို၊ အရှေ့၊ အနောက်၊ တောင်၊ မြောက်ပန္နက်တော် ငါးဌာနတို့တွင် ရတနာ ပန္နက်တော်ကိုးချက်စီစိုက်ထူ၍ ပရိတ်နံ့သာ ရေပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။

ထို့နောက် အလှူငွေပေးအပ်ပွဲအခမ်းအနားကို ဆက်လက်ဆောင်ရွက်ရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သိန္နီဟော်နန်း ပြန်လည်တည်ဆောက်ရေးလုပ်ငန်းအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကျပ်သိန်း ၃၀၀၀၊ မြန်မာ့ စီးပွားရေးဦးပိုင်အများနှင့်သက်ဆိုင်သော ကုမ္ပဏီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးက ကျပ်သိန်း ၆၅၀၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောက ကျပ်သိန်း ၃၅၀ အသီးသီးပေးအပ်ခဲ့ရာ ဟော်နန်းပြန်လည်တည်ဆောက်မှု ပူးပေါင်းဆောင် ရွက်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုင်းမျိုးညွန့်က လက်ခံရယူခဲ့ပြီး ရှမ်းစာပေနှင့် ယဉ်ကျေးမှု အသင်းဥက္ကဋ္ဌ ဦးဝင်းမြင့်ထွန်းက ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရ သည်။

အဆိုပါ ဟော်ခမ်းသျှမ်းဝီ သိန္နီဟော်နန်းကို သိန္နီမြို့နယ် ရှမ်းစာပေနှင့် ယဉ်ကျေးမှု အသင်းမှ ထိန်းသိမ်းထားခြင်းဖြစ်ကာ ၁၂၇၃ ခုနှစ် (ခရစ်နှစ် ၁၉၁၁ ခုနှစ်) စော်ဘွားကြီး ခွန်ဆန်တုန်ဟုန်းလက်ထက်က ဆောက်လုပ် ခဲ့ခြင်းဖြစ်ပြီး ဒုတိယကမ္ဘာစစ်အတွင်းက ဗုံးထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

Leave a Reply