စစ်ကောင်စီ စီမံမှုအောက်တွင် လျှပ်စစ်မီး အခြေအနေ ပိုမိုဆိုးရွားလာ

Local News

စစ်ကောင်စီ စီမံမှုအောက်တွင် လျှပ်စစ်မီး အခြေအနေ ပိုမိုဆိုးရွားလာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့စစ်ကောင်စီ စီမံမှုအောက်တွင် လျှပ်စစ်မီး အခြေအနေ ပိုမိုဆိုးရွားလာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

စစ်ကောင်စီ စီမံမှုအောက်တွင် လျှပ်စစ်မီး အခြေအနေ ပိုမိုဆိုးရွားလာ
ဘောလုံးဝါသနာအိုးများ ကမ္ဘာ့ဖလားကြည့်ခွင့် ဆုံးရှုံးနေသလို စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး ဒုက္ခမျိုးစုံကြုံနေရသည်ဟု ရန်ကုန်မြို့ခံများက ညည်းတွားသည်။

စီးပွားရေးမြို့တော် ရန်ကုန်တွင် လွန်ခဲ့သည့် တစ်လခန့်မှစတင်ကာ လျှပ်စစ်မီးမကြာခဏ ပြတ်တောက်နေ၍ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး ဒုက္ခမျိုးစုံတွေ့နေရသည့်အပြင် တိုက်ရိုက်ထုတ်လွှင့်သော

ကမ္ဘာ့ဖလား ဘောလုံးပွဲ ပုံမှန်ကြည့်ခွင့်မရ၍ စိတ်ပျက်နေရကြောင်း မြို့ခံ အချို့က ပြောသည်။

အာဏာသိမ်း စစ်ကောင်စီက ရန်ကုန်မြို့ကို နံနက် ၉ နာရီ၊ မွန်းလွဲ ၁နာရီ၊ ညနေ ၅ နာရီ အချိန် သုံးမျိုးခွဲခြမ်း၍ အလှည့်ကျမီးပေးမည်ဟု ဆိုထားသော်လည်း မီးပေးချိန် မမှန်၊ မီးလာချိန် နည်းပါးလွန်းနေသည်။

ဓာတ်အားပေး စက်ရုံများသို့ ပို့လွှတ်နေသည့် ရတနာကမ်းလွန် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း ယိုစိမ့်၍ ဓာတ်အားထုတ်လုပ်မှု ၄၃၃ မီဂါဝက် လျော့နေသည်ဟု ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း(YESC)က နိုဝင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်ထားသည်။

မည်သည့်ကာလတွင် လျှပ်စစ်မီးပုံမှန်ပြန်ရမည်ဟု YESCက မပြောထားပေ။ သာကေတ၊ သင်္ဃန်းကျွန်း၊ တာမွေ၊ ဒေါပုံမြို့နယ်လျှပ်စစ်ရုံးများသို့ Myanmar Nowက တယ်လီဖုန်းဖြင့် မေး မြန်းသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပါ။

လျှပ်စစ်ဓာတ်အား ပုံမှန်မရသဖြင့် အသေးစား စီးပွားရေးလုပ်ငန်းများ အကြီးအကျယ် ထိခိုက်နေသည်ဟု ရေခဲမုန့်ရောင်းချသည့် အမျိုးသားတစ်ဦးက ပြောသည်။

“ရေခဲမုန့်ရောင်းတယ်ဆိုတာက ဒီအတိုင်းရောင်းလို့မရဘူး။ သူ့ကိုအေးခဲနေအောင်လုပ်ဖို့က လျှပ်စစ်မီးကလိုတယ်။ အခုဟာက တစ်နေ့ကုန်မှ ၅ နာရီ ၆ နာရီလောက်ပဲ (လျှပ်စစ်) ရနေတဲ့ဟာတောင် ပုံမှန်မလာဘူးဆိုတော့ ဘယ်လိုလုပ်စားကြမလဲ” ဟု သင်္ဃန်းကျွန်းမြို့နယ်နေ အသက် ၄၀ အရွယ် အထက်ပါ အမျိုးသားက ပြောသည်။

လျှပ်စစ်မီးရရှိမှု အခြေအနေမှာ လွန်ခဲ့သည့် ၁၀ နှစ်ကျော် စစ်အာဏာရှင်ဟောင်း လက်ထက်ကဲ့သို့ ပြန်ဖြစ်နေကြောင်း၊ ချက်ရေးပြုတ်ရေးအတွက် မီးသွေး၊ ထင်း လောင်စာများ ပြန်လည် သုံးစွဲနေရကြောင်း အိမ်ရှင်မအချို့က ပြောသည်။

“မနက်ထလို့ မီးလာနေရင်တောင် မယုံရဲလို့ မီးသွေးမီးဖိုပြီးချက်တယ်။ လျှပ်စစ်မီးက စိတ်ချရတာမဟုတ်ဘူး။ တခါတလေ (လျှပ်စစ်နဲ့ချက်နေရင်း မီးပြတ်သွားလို့) ထမင်းအိုးက တန်းလန်းကြီးကျန်ခဲ့တာ” ဟု သာကေတမြို့နယ်နေ အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။

လျှပ်စစ်မီး နပ်မမှန်၍ စိတ်ပျက်နေကြသူများထဲတွင် ကာတာနိုင်ငံတွင် ကျင်းပနေသည့် ကမ္ဘာ့ဖလား ပွဲစဉ်များကို ကြည့်လိုသည့် ဘောလုံးဝါသနာအိုးများလည်း ပါဝင်သည်။

“တစ်ခါတလေ ညနေ ၅ နာရီထဲက ပျက်သွားလိုက်တာ တစ်ညလုံးပြန်မလာဘူး။ ကိုယ်ကြိုက်တဲ့ ပွဲတွေဆို အကုန်လွတ်တယ်။ အရင်လို လက်ဘက်ရည်ဆိုင်သွားကြည့်ရအောင်လည်း ၁၀ နာရီဆိုရင် ဆိုင်တွေအကုန်ပိတ်၊ လမ်းပေါ်မှာလူတောင်မရှိတော့ဘူး” ဟု သာကေတမြို့နယ်နေ အသက် ၃၀ အရွယ်အမျိုးသားက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီး နှစ်နီးနီးပါးအတွင်း ရန်ကုန်မြို့လယ်၌ပင် နေ့ခင်းကြောင်တောင် လုယက်မှုများ ဆက်တိုက်ဖြစ်နေသည်အထိ နိုင်ငံတွင်း တရားဥပဒေစိုးမိုးမှု ပျက်သုဉ်းနေသည်။

လျှပ်စစ်မီး အခြေအနေမှာ ပုံမှန်နီးပါးရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အစိုးရ လက်ထက် လွန်ခဲ့သည့် ငါးနှစ်နှင့်နှိုင်းယှဉ်လျှင် လွန်စွာဆိုးရွားနေသော်လည်း စစ်ကောင်စီက လျှပ်စစ်ရထား၊ လျှပ်စစ်ကားများသုံးစွဲရန် စီစဉ်မည်ဟု ကြွေးကြော်ထားသည်။

ရေးသားသူ – Myanmar Now

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။