NUG နဲ့အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ကြားက ဆက်ဆံရေး အကြောင်း

Local News

NUG နဲ့အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ကြားက ဆက်ဆံရေး အကြောင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့NUG နဲ့အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ကြားက ဆက်ဆံရေး အကြောင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနရုံးကို အမေရိကန် ပြည်ထောင်စု၊ ဝါရှင်တန် ဒီစီ မြို့တော်မှာ ဖွင့်လှစ် ထားရှိလိုက်ပါတယ်။

အမေရိကန် အစိုးရနဲ့ ကွန်ဂရက်စ်လွှတ်တော် ရုံးစိုက်ရာ မြို့တော်လည်းဖြစ်၊ နိုင်ငံတကာ သံရုံးတွေ၊ သံအဖွဲ့တွေ ထားရှိရာ နေရာလည်း ဖြစ်တဲ့ ဝါရှင်တန်ဒီစီမှာ NUG အနေနဲ့ နိုင်ငံတကာ ဆက်ဆံရေးနဲ့ သံတမန် ဆက်ဆံရေးတွေ ထိထိရောက်ရောက် လုပ်ဆောင်နိုင်ဖို့ အတွက် အခုလို ရုံးဖွင့်တာ ဖြစ်တယ်လို့ NUG ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဦးမိုးဇော်ဦးက ဘီဘီစီကို ပြောပါတယ်။

အခုလို ရုံးဖွင့်နိုင်ဖို့ အတွက် အမေရိကန် နိုင်ငံခြားရေး ဌာနရဲ့ အားပေးကူညီမှုတွေ ရှိခဲ့တယ်လို့ ဦးမိုးဇော်ဦးက ပြောပါတယ်။

ရုံးမဖွင့်ခင် ကာလကရော၊ ဖွင့်ပြီးနောက်ပိုင်းမှာပါ NUG နဲ့ အမေရိကန် အစိုးရ နိုင်ငံခြားရေးဌာနတို့ကြား နီးကပ်တဲ့ ဆက်သွယ် ဆောင်ရွက်မှုတွေ အပြန်အလှန် ရှိနေတယ်လို့လည်း ဦးမိုးဇော်ဦးက ပြောပါတယ်။

မြန်မာ့ဒီမိုကရေစီ အရေးမှာ NUG ဟာ အဓိက ပါဝင် သက်ဆိုင်သူလို့ အမေရိကန်ပြော

NUG နဲ့ အမေရိကန်ကြား ဆက်ဆံရေးရဲ့ သဘောသဘာဝ
မြန်မာ့ဒီမိုကရေစီ အရေးမှာ NUG ဟာ အဓိက ပါဝင် သက်ဆိုင်သူလို့ အမေရိကန်ပြော

ဒီလို NUG နိုင်ငံခြားရေး ဝန်ကြီးဌာန ရုံး ဝါရှင်တန် ဒီစီ မြို့တော်မှာ ရှိလာတဲ့ အချက် ပေါ်မူတည်ပြီး NUG ရဲ့ အခန်းကဏ္ဍ အပေါ် ဘယ်လို သဘောထားလဲ၊ မြန်မာနိုင်ငံရဲ့ တရားဝင် အစိုးရ အဖြစ် အသိအမှတ်ပြုတဲ့ အဓိပ္ပာယ် သက်ရောက်လား၊ သမ္မတဘိုင်ဒင် အစိုးရနဲ့ NUG ကြား ဆက်ဆံရေး သဘောသဘာဝဟာ ဘာလဲ ဆိုတဲ့ မေးခွန်းတွေကို ဘီဘီစီက အမေရိကန် နိုင်ငံခြားရေး ဌာနထံ မေးမြန်းခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဗျူရို၊ သတင်းပြန်ကြားရေး အရာရှိ ဝါလစ်ဇာဖာက ဘီဘီစီရဲ့ အမေးတွေကို ဖြေဆိုခဲ့ပါတယ်။

အဲဒီ တုန့်ပြန် ဖြေဆိုချက်တွေဟာ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူရဲ့ ပြောဆိုခဲ့မှုတွေ၊ ထုတ်ပြန်ထားချက်တွေ အပေါ် မူတည် ကိုးကားထားတာလို့လည်း ဆိုပါတယ်။

ဘီဘီစီလက်ခံရရှိတဲ့ တုန့်ပြန်ချက်တွေကတော့ …

– မြန်မာနိုင်ငံတွင်း စစ်မှန်တဲ့ ပါတီစုံ ဒီမိုကရေစီ စနစ် ပေါ်ထွန်းရေးအတွက် ကြိုးစားအားထုတ် နေကြတဲ့ ဒီမိုကရေစီဘက်တော်သားတွေ၊ အရပ်ဘက် အဖွဲ့တွေကို အမေရိကန် ပြည်ထောင်စုက ခိုင်ခိုင်မာမာ အားပေးတယ်။

– မြန်မာနိုင်ငံတွင်း ဆိုးရွားနေတဲ့ အခြေအနေတွေ၊ အကျပ်အတည်း ပြဿနာတွေကို ငြိမ်းချမ်းစွာ အဖြေရှာရေးနဲ့ ပိုတည်ငြိမ်တဲ့ ဒီမိုကရက်တစ်နိုင်ငံအဖြစ် အသွင်ကူးပြောင်းရေးမှာ အမျိုးသား ညီညွတ်ရေး အစိုးရဟာ အဓိက ပါဝင်သက်ဆိုင်သူ၊ မရှိမဖြစ် အရေးပါတဲ့အသံ ဖြစ်တယ်။

– အမေရိကန်ပြည်ထောင်စုဟာ NUG နဲ့ကြား ပုံမှန် တွေ့ဆုံမှုတွေ ရှိနေသလို၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ အခြား နိုင်ငံရေး ပါတီတွေ၊ အရက်ဘက် အဖွဲ့တွေ၊ လူမျိုးစု အသီးသီးရဲ့ ကိုယ်စားလှယ်တွေနဲ့လည်း ပုံမှန် ထိတွေ့မှုတွေ ရှိတယ်။

– ရိုဟင်ဂျာတွေ အပါအဝင် ဘာသာရေးအရ ဖြစ်စေ၊ မျိုးနွယ်စု အရ ဖြစ်စေ လူနည်းစုဝင်တွေ အားလုံး အပေါ် အကာအကွယ် ပြုနိုင်ဖို့ရာ ၁၉၈၂ နိုင်ငံသား ဥပဒေကို ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်မယ် ဆိုပြီး NUCC နဲ့ NUG တို့ဘက်က ကတိပြု ထားတဲ့ အချက်နဲ့ အတူ၊ လူမျိုးစု အသီးသီး အားလုံးရဲ့ အရေးကို ထည့်သွင်းထားတဲ့ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ NUCC နဲ့ NUG တို့ရဲ့ မူဝါဒ လမ်းစဥ်ကို အမေရိကန် အစိုးရက ကြိုဆိုတယ်။

– NUG နဲ့ကြားမှာ အဓိပ္ပာယ် ပြည့်ဝတဲ့ ထိတွေ့ ဆက်ဆံမှုတွေ ပြုလုပ်နေတဲ့ တခြား မိတ်ဖက်နိုင်ငံတွေ၊ မဟာမိတ် နိုင်ငံတွေရဲ့ ကြိုးစား အားထုတ်မှုတွေ အပေါ်မှာလည်း အမေရိကန် အစိုးရက အားပေး ထောက်ခံတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ဘက်တော်သား အင်အားစု အသီးသီး၊ အရပ်ဘက်အဖွဲ့ အသီးသီးနဲ့ကြားမှာလည်း ပိုမို ကျယ်ပြန့်တဲ့ ထိတွေ့ ဆက်ဆံမှုတွေ တည်ဆောက်ဖို့လည်း မဟာမိတ်တွေကို အမေရိကန် ပြည်ထောင်စုက တိုက်တွန်းအားပေးတယ်။

အထက်မှာ ဖော်ပြခဲ့တဲ့ အချက် ၅ ချက်ပါ အမေရိကန် နိုင်ငံခြားရေး ဌာနရဲ့ တုန့်ပြန် ဖြေဆိုချက်ကို ဘီဘီစီ ရရှိခဲ့ပါတယ်။

သမ္မတဘိုင်ဒင် အစိုးရရပ်တည်ချက်ကို ဘယ်လို သုံးသပ်နိုင်လဲ

အဲဒီတုန့်ပြန်ချက်တွေ အပေါ် ဘယ်လို သုံးသပ်မိသလဲ ဆိုပြီး ဝါရှင်တန်ဒီစီ မြို့တော် အခြေစိုက် မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေးဌာန CSIS မှာ သုတေသီ အဖြစ် လုပ်ကိုင်နေတဲ့ ဒေါက်တာ မိုက်ကယ်မာတင်ကို ဘီဘီစီက မေးမြန်းတဲ့ အခါမှာတော့ စိတ်ဝင်စားဖွယ်ရာ အသေးစိတ် အချက်တချို့၊ မေးခွန်းထုတ်ဖွယ်ရာ အချက်တချို့ကို သူ သတိထားမိတယ်လို့ ဒေါက်တာ မာတင်က ပြောပါတယ်။

အမေရိကန် ကွန်ဂရက်စ် လွှတ်တော် သုတေသန ဌာနမှာ အာရှအရေး ကျွမ်းကျင်သူ အဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းခဲ့သူ တစ်​ဦးလည်း ဖြစ်တဲ့ ဒေါက်တာ မိုက်ကယ်မာတင် ထောက်ပြတဲ့ အချက်တွေကတော့ …

၁။ CRPH ကို NUG နဲ့ ခွဲပြီး သီးခြား အင်အားစု သဖွယ် ပြောဆိုထားတာ တွေ့ရတယ်

၂။ ဒီမိုကရေစီဘက်တော်သားတွေ၊ အရပ်ဘက် အဖွဲ့တွေလို့ ထပ်ကျော့ သုံးနှုံး ပေမယ့် ဘယ်အဖွဲ့တွေလဲ၊ ဘယ်သူဘယ်ဝါတွေလဲ ဆိုတာ နာမည်တပ်ပြောတာမျိုး မရှိဘူး

၃။ ထို့ အတူပဲ လူမျိုးစု lat natကိုင် အဖွဲ့ EAO တွေနဲ့ ပတ်သက်ပြီးတော့လည်း ယေဘူယျ သဘောမျိုးတောင် ရည်ညွှန်းပြောဆိုခြင်း မရှိဘူး

၄။ ၁၉၈၂ နိုင်ငံသား ဥပဒေနဲ့ ရိုဟင်ဂျာ အရေးကို အသေအချာ နာမည်တပ် ပြောဆိုတယ်

၅။ ၂၀၂၁ စစ်အာဏာသိမ်းမှု ဆိုတာကို တိုက်ရိုက် ထည့်သွင်း ရည်ညွှန်းတာမျိုး မလုပ်ထားဘူး … ဆိုပြီး ဒေါက်တာ မာတင်က သုံးသပ်ပါတယ်။

ဒေါက်တာမိုက်ကယ်မာတင်ဟာ အိန္ဒိယနဲ့ ထိုင်းနိုင်ငံတွေကိုလည်း မကြာခင်ကမှ သွားရောက်ထားသူ ဖြစ်ပြီး၊ အဲဒီနိုင်ငံတွေမှာ EAO အဖွဲ့တချို့က ကိုယ်စားလှယ်တွေ အပါအဝင် ဒီမိုကရက်တစ် အင်အားစုတွေထဲက သူတွေနဲ့ တွေ့ဆုံ ခဲ့သူ ဖြစ်ပါတယ်။

အမေရိကန် အစိုးရ အဆက်ဆက်ရဲ့ မြန်မာ့အရေး မူဝါဒတွေနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူ ဖြစ်တဲ့ ဒေါက်တာမာတင့်နဲ့ ဘီဘီစီ မြန်မာပိုင်းက သတင်းထောက် ကိုဝေဖြိုးတို့ရဲ့ သီးသန့် မေးမြန်းခန်းမှာ လက်ရှိ သမ္မတ ဘိုင်ဒင် အစိုးရရဲ့ မြန်မာ့အရေး မူဝါဒ အကြောင်း၊ NUG နဲ့ အိမ်ဖြူတော်ကြား ဆက်ဆံရေး၊ NUG ရဲ့ အခန်းကဏ္ဍ စတာတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးထားပါတယ်။

အမေရိကန် မူဝါဒပိုင်း ကျွမ်းကျင်သူ ဒေါက်တာမိုက်ကယ်မာတင်နဲ့ မေးမြန်းခန်း
ဝါရှင်တန်ရုံးမှာ တွေ့ရတဲ့ NUG ဝန်ကြီး ၃ ဦး
ဝါရှင်တန်ရုံးမှာ တွေ့ရတဲ့ NUG ဝန်ကြီး ၃ ဦး

ဘီဘီစီ။ ။ NUG က သူတို့ နိုင်ငံခြားရေး ဝန်ကြီးဌာနရုံးကို ဝါရှင်တန် ဒီစီ မြို့တော်ရုံးမှာ ဖွင့်လှစ်လိုက်ပြီလို့ အခု ရက်ပိုင်းမှာပဲ ကြေညာပါတယ်။ ဒီ ခြေလှမ်းကနေရော အမေရိကန် အစိုးရနဲ့ NUG တို့ကြား ဆက်ဆံရေး အပေါ် ဘယ်လို သုံးသပ်နိုင်ပါလဲ ခင်ဗျ။

ဒေါက်တာမိုက်ကယ်မာတင်။ ။ ရုံးခန်းဖွင့်လှစ်ထားရှိလိုက်ပြီး … နိုင်ငံခြားရေး ဌာနရုံး အဖြစ် NUG ဘက်က ရည်ညွှန်း သုံးစွဲတာမျိုး လုပ်နိုင်ပါတယ်။ ဒါပေမယ့် ရုံးခန်းဖွင့်လှစ် ထားရှိခြင်းသက်သက်က အမေရိကန် အစိုးရနဲ့ကြား သံတမန် ဆက်ဆံရေး ဆိုင်ရာ တရားဝင် အဆင့်အတန်း တစ်ခုခု ရထားပြီ ဆိုတဲ့ အဓိပ္ပာယ်မျိုး အလိုအလျောက် မသက်ရောက်နိုင်ပါဘူး။

အမေရိကန် အစိုးရနဲ့ကြား သံတမန်ရေး ဆိုင်ရာ အသိအမှတ်ပြု တရားဝင် စာရွက် စာတမ်းတွေ အပြန်အလှန် ပေးအပ်တာမျိုး လုပ်လာပြီး၊ အမေရိကန် အစိုးရကလည်း တရားဝင် ကြေညာချက် ထုတ်ပြန်ဖို့ လိုပါတယ်။ အခုထက်ထိတော့ ကျွန်တော် မတွေ့ရသေးပါဘူး။

အိမ်ဖြူတော်နဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်က အရင် ပြောထားနှင့်ပြီး စကားတွေ အရတော့ … NUG ကသာ ဥပဒေနဲ့ ညီညွတ်တဲ့ မြန်မာနိုင်ငံ အစိုးရ ဖြစ်တယ် ဆိုတဲ့ အချက်ကို အသိအမှတ်ပြုရေး လမ်းကြောင်းပေါ်မှာ အမေရိကန် အစိုးရ ရှိနေပါတယ်။ ဒါပေမယ့် တရားဝင် ပြောဆိုတာမျိုး၊ ထုတ်ပြန်တာမျိုးတွေ အခုထက်ထိ ဖြစ်မလာ သေးပါဘူး။

မြန်မာ နိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်ရေး အမေရိကန်ရဲ့ ပြောဆိုမှုတွေ၊ တွေ့ဆုံမှုတွေတိုင်းမှာတော့ NUG ဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ အမြဲ ရှိနေတာတော့ ထင်ရှားပါတယ်။ ဒါပေမယ့် သံတမန် ဆက်ဆံရေးမှာ တရားဝင် အဆင့်အတန်း တစုံတရာ ရပြီလား ဆိုတာကတော့ အမေရိကန် အစိုးရဘက်က တရားဝင် ကြေညာချက် ထုတ်ပြန် ပေးဖို့ လိုပါတယ်။

ဘီဘီစီ ။ ။ အာဆီယံနဲ့ ပတ်သက်ပြီး ဘက်ပေါင်းစုံ ကျယ်ပြန့်တဲ့ ဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပြုလုပ်မယ် ဆိုပြီး သမ္မတဘိုင်ဒင်က ပြောခဲ့ပြီး၊ မြန်မာ့အရေး ဘုံသဘောတူ ၅ ချက် မှာ အထမြောက်လာဖို့လည်း ကူညီမယ်လို့ ဆိုပါတယ်။ ဒါဟာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အမေရိကန် သမ္မတဆီကနေ လတ်တလော အကျဆုံး တိုက်ရိုက် ကြားရတာ ဖြစ်ပါတယ်။ ဒီအပေါ်မှာ ဘယ်လို အဓိပ္ပာယ်မျိုး ဖွင့်နိုင်တယ်လို့ မိုက်ခ်အနေနဲ့ ယူဆပါသလဲ။

ဒေါက်တာမိုက်ကယ်မာတင်။ ။ အာဆီယံနဲ့ ပတ်သက်ပြီး သမ္မတဘိုင်ဒင်ရဲ့ ကြေညာချက်၊ ဒုတိယ သမ္မတ ကာမာလာ ဟဲရစ်ရဲ့ ထုတ်ပြန်ချက်တွေနဲ့ ပတ်သက်လို့ ကျွန်တော် ဘယ်လို နားလည်ထားသလဲ ဆိုတာကနေ စပြီး ရှင်းပြ ချင်ပါတယ်။

လက်ရှိ ဘိုင်ဒင် အစိုးရရဲ့ အာဆီယံအရေး မူဝါဒဟာ အခြေခံ အားဖြင့်တော့ သမ္မတ အိုဘားမားရဲ့ မူဝါဒကို ဆက်ခံတာပဲ ဖြစ်ပါတယ်။ အဲဒါကတော့ အာရှ အပါအဝင် အင်ဒို-ပစိဖိတ် ဒေသတခွင်မှာ အာဆီယံရဲ့ အရေးပါမှုကို ဗဟိုပြု စဥ်းစားတဲ့ မူဝါဒ ဖြစ်ပါတယ်။

အခု နောက်ဆုံး အာဆီယံ ထိပ်သီး ညီလာခံမှာ သမ္မတဘိုင်ဒင် ပြောလာခဲ့တဲ့ “ဘက်ပေါင်းစုံ ဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေး အစီအစဥ်” ဆိုတာကလည်း အဲဒီ မူဝါဒ ကို ထင်ဟပ်တာပဲ ဖြစ်ပါတယ်။ အတိုချူပ်ကတော့ အာဆီယံ ဒေသဟာ အမေရိကန် အတွက် မဟာဗျူဟာမြောက် အရေးပါတယ်လို့ သတ်မှတ်တာ ဖြစ်ပါတယ်။

ဒီမူဝါဒကို အကောင်အထည် ဖော်ဖို့ရာ အာဆီယံ ဒေသတွင်း ဖြစ်နေတဲ့ အကျပ်အတည်းတွေကိုလည်း ကူညီ ဖြေရှင်း ပါ့မယ်၊ လိုအပ်တာတွေ ပံ့ပိုးပါ့မယ် ဆိုပြီး အမေရိကန် အစိုးရက ကတိပြုပါတယ်။

အဲဒီ အာဆီယံရဲ့ အကျပ်အတည်းတွေလို့ ဆိုရာမှာ မြန်မာ့အရေးလည်း ဦးစားပေးပါဝင်တာ ထင်ရှားပါတယ်။ ဒီတော့ မြန်မာ့ အရေး ဘယ်လို ဖြေရှင်းကြမလဲ ဆိုရာမှာတော့ အာဆီယံ ဘုံ သဘောတူမှု ၅ ချက် အထမြောက်လာရေး အပေါ်မှာပဲ အမေရိကန်ရော၊ အာဆီယံပါ ရပ်တည်နေပြီး၊ မြန်မာ အာဏာသိမ်း စစ်တပ်ဘက်က လိုက်နာ အကောင်အထည် ဖော်ဖို့ ပျက်ကွက်နေတယ်လို့ သတ်မှတ်ထားပါတယ်။

ဒီတော့ … အာဆီယံ မျက်နှာစာမှာ မြန်မာ့အရေး ဆိုင်ရာ မူဝါဒ အပြောင်းအလဲမျိုး၊ စိတ်လှုပ်ရှားဖွယ် ကောင်းလောက်အောင် ရှိခဲ့တယ်လို့ ကျွန်တော် မယူဆပါဘူး။

အင်ဒို-ပစိဖိတ်မှာ အာဆီယံဟာ အမေရိကန်အတွက် အရေးအပါဆုံးလို့ သမ္မတဘိုင်ဒင်ပြော

အင်ဒို-ပစိဖိတ်မှာ အာဆီယံဟာ အမေရိကန်အတွက် အရေးအပါဆုံးလို့ သမ္မတဘိုင်ဒင်ပြော

ဘီဘီစီ။ ။ မြန်မာ အာဏာသိမ်း စစ်တပ်ဟာ အခုဆိုရင် တရုတ်နဲ့ ရုရှားတို့ရဲ့ ကျောထောက်နောက်ခံပြုမှု အခိုင်အမာ ရရှိနေတယ်လို့ ဒေသတွင်းက ကျွမ်းကျင်သူတချို့၊ သံတမန် အသိုင်းအဝိုင်းက သူတချို့ ထောက်ပြ နေကြပါတယ်။ ဒီတော့ အမေရိကန် အနေနဲ့ အာဆီယံ ဒေသမှာ ဗျူဟာမြောက် မူဝါဒကို တကယ်တမ်း အကောင်အထည် ဖော်နိုင်ဖို့ ဆိုရင် မြန်မာ့အရေးကို ဘယ်လောက် အတိုင်းအတာထိ အလေးအနက်ထား ကိုင်တွယ် လာနိုင်သလဲ ခင်ဗျ … ။

ဒေါက်တာမိုက်ကယ်မာတင်။ ။ စစ်ကောင်စီနဲ့ကြား ဆက်ဆံရေးမှာ၊ တရုတ်နဲ့ ရုရှားကို ထပ်တူပြုပြီး သဘောထားလို့ မရဘူး၊ ကွဲပြားမှုတွေ ရှိနေတယ် ဆိုတဲ့ အချက်ကို ကျွန်တော် စပြီး ပြောချင်ပါတယ်။

လက်ရှိမှာတော့ ရုရှားဟာ စစ်ကောင်စီ အပေါ်မှာ အပြည့်အဝ ထောက်ခံ အားပေးမှုတွေ ပြုလုပ်နေတာကို တွေ့ရပါတယ်။ တရုတ်အနေနဲ့ ကတော့ မြန်မာပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံမှုတွေ ဆက်ရှိနေတယ်၊ စစ်ကောင်စီနဲ့ကြား ဆက်ဆံရေး ရှိနေတယ်လို့ ဆိုပေမယ့် သူတို့ဟာ တစ်ဘက်မှာ အပြတ် ရပ်တည်တယ် ဆိုတဲ့ ပုံစံမျိုး ဘယ်တော့မှ မပြသပါဘူး။ ပဋိပက္ခရဲ့ နှစ်ဘက်စလုံးက သူတွေနဲ့ကြား အပြုသဘော ဆက်ဆံရေးကိုသာ ကြိုးစား ထားရှိမယ် ဆိုပြီး ပုံဖော်ပါတယ်။

တခါ၊ အမေရိကန် အစိုးရဘက်ကို ကြည့်ပြန်ရင်လည်း အစိုးရ အဖွဲ့တွင်းက တချို့သူတွေနဲ့ ကျွန်တော် လတ်တလော စကားပြောထားသမျှ အပေါ် မူတည်ပြီး နားလည်ရတာကတော့ … သူတို့ အနေနဲ့ မြန်မာနိုင်ငံတွင်း ပေါ်ပေါက်နေတဲ့ ပဋိပက္ခထဲကို လက်နက်တွေ စီးမဝင်ရေး ဆက်လက် ဆော်ဩသွားမယ်လို့ ဆိုပါတယ်။ ပဋိပက္ခ အဆုံးသတ်ကြပြီး၊ အာဆီယံ ဘုံ သဘောတူမှု ၅ ချက် လက်တွေ့ အကောင်အထည် ဖော်နိုင်ရေး ဆိုတဲ့ မူအပေါ်မှာ ဆက်လက် ရပ်တည် နေပါတယ်။

ဆိုတော့ကား ….. NUG အတွက် ဖြစ်စေ၊ တခြား စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဒီမိုကရက်တစ် အင်အားစုတွေ …. တိုင်းရင်းသား lat natကိုင် အင်အားစုတွေ အတွက် ဖြစ်စေ ထောက်ပံ့မှုတွေ၊ အကူအညီ ပေးမှုတွေကို အတိုင်းအတာ ပမာဏ အရဖြစ်စေ၊ အမျိုးအစား ပုံစံအရ ဖြစ်စေ အပြောင်းအလဲ ကြီးကြီးမားမား လုပ်လာမယ့် အရိပ်အယောင်မျိုး ရှိမနေပါဘူး။

ဘီဘီစီ။ ။ ဒီတော့ အခြေအနေတွေ သိပ်ပြီး နောက်ကျ မသွားခင်မှာ …. အဓိပ္ပာယ် ပြည့်ဝတဲ့ နိုင်ငံရေး ဆွေးနွေးမှုတွေကို တကယ်တမ်း ဖော်ဆောင် ပေးချင်တယ် ဆိုရင် အမေရိကန် အစိုးရ အနေနဲ့ ဘယ် အချက်တွေကို စတင် ကိုင်တွယ် လုပ်ဆောင်ဖို့လိုတယ်လို့ မိုက်ခ် အနေနဲ့ သုံးသပ်မိလဲ ခင်ဗျ … ။

ဒေါက်တာမိုက်ကယ်မာတင်။ ။ ပြဿနာက … မြန်မာ့အရေးနဲ့ ပတ်သက်ရင် နောက်ကျလွန်း နေပြီဆိုတဲ့ စိုးရိမ်မှုမျိုး ရှိနှင့် နေပြီ ဖြစ်ပါတယ်။ ကျွန်တော် လောလောလတ်လတ်ပဲ အဲဒီ ဒေသတွင်းက ပြန်လာတာ ဖြစ်ပါတယ်။ ကျွန်တော် အိန္ဒိယနဲ့ ထိုင်းနိုင်ငံကို ပြီးခဲ့တဲ့ အောက်တိုဘာ လလယ်တုန်းက သွားခဲ့ပါတယ်။ လူမျိုးစု lat natကိုင် အဖွဲ့ တချို့က ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံ ခဲ့ပါတယ်။

လက်ရှိ lat natကိုင် ပဋိပက္ခတွေ အပေါ် သူတို့ ဘယ်လို ခံယူထားလဲ .. ဒီကနေတဆင့် အနာဂတ် နိုင်ငံကို ဘယ်လို ပုံဖော် တည်ဆောက်လိုလဲ ဆိုတာတွေနဲ့ အတူ အမေရိကန် အစိုးရ ဆီက သူတို့ ဘာတွေ မျှော်လင့် နေကြသလဲ ဆိုတာကိုပါ ကျွန်တော် သိမြင် နားလည်ခွင့် ရခဲ့ပါတယ်။

စစ်တပ်နဲ့ကြား အပေးအယူလုပ်ပြီး သဘောတူမှု တစုံတရာ ရယူမယ်ဆိုတဲ့ လမ်းကြောင်းကို သူတို့ မယုံကြည်ကြပါဘူး။ တိုင်းရင်းသား lat natကိုင်တွေရော၊ NUG က သူတွေထံမှာပါ ဒီလို ခိုင်မာမှု ရှိနေတာ ဖြစ်ပါတယ်။ လက်ရှိ စစ်ကောင်စီကိုရော၊ စစ်အာဏာရှင် စနစ်ကိုပါ အပြီးတိုင် ဖယ်ရှားမယ် ဆိုပြီး သူတို့ ပိုင်းဖြတ်ထားပါတယ်။

အဲဒီလို ဖယ်ရှားပြီးတဲ့ အခါ ဘယ်အရာနဲ့ အစားထိုးကြမလဲ ဆိုတဲ့ အပေါ်မှာတော့ … အခုအချိန်ထိအောင် တညီတညာတည်း သဘောတူမှု ၊ ဘုံသဘောထား ဆိုတာ သူတို့ကြားထဲမှာ မရှိသေးဘူး ဆိုတဲ့ အချက်ကိုလည်း ကျွန်တော် သိမြင် ခဲ့ရပါတယ်။

လက်ရှိမှာတော့ … စစ်ကောင်စီဘက်ကရော … စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး အင်အားစုတွေ ထံမှာရော ဆွေးနွေးရေးလမ်း ဆိုတာကို တံခါးဖွင့် မထားကြပါဘူး။ ဒီတော့ ညှိနှိုင်း ဆွေးနွေး အဖြေရှာမှု ဖြစ်မြောက်လာရေး ဆိုတဲ့ အပေါ် အာရုံစိုက် ချည်းကပ်နေပုံရတဲ့ ဘိုင်ဒင် အစိုးရရဲ့ လက်ရှိ မူဝါဒဟာ အခုအချိန်မှာ တကယ်တမ်း အလုပ်ဖြစ်လာ နိုင်မယ်လို့ ကျွန်တော် မထင်ပါဘူး။

ဒုသမ္မဟဲရစ်ရဲ့ ထိုင်းနဲ့ဖိလစ်ပိုင်တို့ကို တိုက်တွန်းမှု
ဗိုလ်ချုပ်ကြီးဟောင်း ပရာယွတ်က နေပြည်တော်ကို ဖျောင်းဖျနိုင်မလား

ဘီဘီစီ။ ။ အမေရိကန် အစိုးရမှာ မြန်မာ့အရေးနဲ့ ပတ်သက်ရင် ဘာတွေ လုပ်ဆောင်သွားမယ် ဆိုတဲ့ အတိတကျ နည်းနာမျိုးရော တကယ်တမ်း ရှိနေတယ်လို့ မိုက်ခ် အနေနဲ့ ယူဆလား။ ဆွေးနွေးရေးလမ်းလိုက်ဖို့ တွန်းအားပေးတာမျိုး ဖြစ်ဖြစ်၊ စစ်ကောင်စီကို အပြီးတိုင်ဖယ်ရှားရေး ဆိုတဲ့ လမ်းစဥ်အပေါ်မှာ ဖြစ်ဖြစ် အမေရိကန် အစိုးရထံမှာ ဗျူဟာမြောက် အစီအစဥ် ရှိနေလား။

ဒေါက်တာမိုက်ကယ်မာတင်။ ။ ဒါနဲ့ပတ်သက်ပြီး ထိုင်းနဲ့ ဖိလစ်ပိုင် အစိုးရ ခေါင်းဆောင်တွေနဲ့ ဒုသမ္မတ ဟဲရစ် တွေ့ဆုံမှု အကြောင်း အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်ထဲမှာ စိတ်ဝင်စားစရာ ကောင်းတာတွေ ပါဝင်ပါတယ်။

အဲဒီမှာ အသေးစိတ်တွေ ထည့်သွင်းမထားပေမယ့်၊ အဓိကကတော့ မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင်ဘက်က အသွင်ကူးပြောင်းရေး လုပ်ဆောင်လာဖို့ရာ ချည်းကပ်ကြည့်ကြဖို့ ထိုင်း ဝန်ကြီးချုပ် ဖြစ်တဲ့ စစ်ဗိုလ်ချုပ်ဟောင်း ပရာယွတ်ကိုရော၊ ဖိလစ်ပိုင် သမ္မတ မားကို့စ်ကိုပါ အမေရိကန်ဘက်က တိုက်တွန်း အကြံပြုခဲ့တယ်လို့ နားလည် နိုင်ပါတယ်။

ထိုင်းနိုင်ငံထဲမှာ ကျွန်တော်တွေ့ခဲ့ရတဲ့ သတင်းရင်းမြစ်တွေရဲ့ အဆိုအရတော့ … မြန်မာစစ်ကောင်စီနားပေါက်အောင် ပြောနိုင်မယ်လို့ မျှော်လင့်ရတဲ့ သူတွေထဲမှာ ထိုင်း ဝန်ကြီးချူပ် ပရာယွတ်ဟာ ထိပ်ဆုံးက ရှိနေပါတယ်။

တခါ၊ တစ်ဘက်ကို ကြည့်ပြန်ရင်လည်း NUG ရဲ့ အသံဟာ အတိုက်အခံ အားလုံးကို ကိုယ်စားပြု လွှမ်းခြုံတယ် ဆိုပြီး အခုအချိန်မှာ ယတိပြတ် မပြောနိုင် ဖြစ်နေတဲ့ အခြေအနေကိုလည်း ကျွန်တော် မြင်တွေ့ ကြားသိ ခဲ့ရပါတယ်။

“NUG ဟာ အတိုက်အခံအားလုံးကို ကိုယ်စားပြုတဲ့ ဦးဆောင် အသံ မဟုတ်ဘူး၊ ဗမာလူမျိုးစုကို ကိုယ်စားပြုတာတော့ ဟုတ်ကောင်း ဟုတ်မယ်၊ သူတို့ဟာ အသံတွေ အများကြီးထဲကမှ အသံတစ်ခုပဲ” ဆိုပြီး ကျွန်တော့်ကို တိုက်ရိုက်ပြောတဲ့ အဖွဲ့တွေ ရှိပါတယ်။

ဒီတော့ နိုင်ငံရေး ဆွေးနွေးမှု ဖြစ်စဥ်တွေ စတင် ပေါ်ပေါက် လာခဲ့ရင်တောင် …. အခု လက်ရှိ အချိန်ထိတော့ … NUG အနေနဲ့ ကျန် အဓိက တိုင်းရင်းသား lat nat ကိုင် အဖွဲ့တွေ အားလုံးရဲ့ ကိုယ်စား တာဝန်ခံပြီး ပြောဆို နိုင်တဲ့ အနေအထားမှာ မရှိသေးဘူးလို့ ကျွန်တော် ဆန်းစစ်မိပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။