တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်အကြောင်း (ယုန်နှစ်)

International News Knowledge

တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်အကြောင်း (ယုန်နှစ်)

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်အကြောင်း (ယုန်နှစ်) ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

[ယခုနှစ် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့သည် ကျားနှစ်မှ ယုန်နှစ်သို့ ကူးပြောင်းသွားသည့် တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်နေ့ပဲ ဖြစ်ပါသည်]

တရုတ်နှစ်ကူးပုံပြင်

တရုတ်ပြည်မှာ ရှေးကျတဲ့ ချွမ်းကျယ်ဆိုတဲ့ နွေဦးပွဲတော်တစ်ခုရှိပါတယ်။ ဒီပွဲတော် ဆင်နွဲတာကို (ကော့နရန်) လို့ ခေါ်ပါတယ်။ ရှေးအခါက တောနက်ထဲမှာ 年 (နရန်) ဆိုတဲ့ ရက်စက်ကြမ်းတမ်းတဲ့ ဘီလူးတစ်ကောင်ရှိတယ်။ သူက လူသားကြိုက်တယ်။ လူတွေကို အနှောင့်အယှက် ပေးတဲ့အတွက် မိုးနတ်မင်းက သူ့ကို ပြစ်ဒဏ်ခက်တဲ့ အနေနဲ့ ဒီဘီလူးကြီး (နရန်) ကို ၃၆၅ ရက်မှာ ၁ ကြိမ်သာ တောထဲက ထွက်ခွင့်ပေးပါတယ်။ ဒီလိုနဲ့ နှစ်တိုင်း ဆောင်းအကုန် နွေအကူး ကာလမှာ (နရန်) ဟာ လူတွေကို ရန်ရှာဖို့ ထွက်လာပါတော့တယ်။ လူတွေဟာ (နရန်) ကို ကြောက်လန့်တဲ့ အတွက် သူလာမယ့် ကာလရောက်ရင် အစားအစာတွေ စုဆောင်းထားကြတယ်။ တရုတ်ရိုးရာ နှစ်ကုန်ခါနီး နောက်ဆုံးရက် (ချူးရှီ) ဆိုရင် အိမ်တိုင်း တံခါးပိတ်ပြီး (နရန်) ကို စောင့်ကြတယ်။ တရုတ်နှစ်ဆန်းတစ်ရက် (ချူးယိ) ကျမှ (နရန်) ဟာ ပြန်သွားပါတယ်။ ဒီတော့မှ လူတွေဟာ တံခါးဖွင့်ပြီး အိမ်နီးချင်း ဆွေမျိုးတွေကို အချင်းချင်း အပြန်အလှန် ဂုဏ်ပြုကြတယ်။ (နရန်) ရဲ့ အစားမခံရတဲ့အတွက်ကြောင့်ပေါ့။ နောက်တော့ လူတွေဟာ (နရန်) ရဲ့ အားနည်းချက်ကို တွေ့သွားပါတော့တယ်။

တစ်ကြိမ်မှာတော့ (နရန်) ဟာ ရွာတစ်ရွာမှာ ကလေးတွေ ဗျောက်အိုးဖောက်နေတာနဲ့ ကြုံပါတယ်။ သူဟာ ဗျောက်ဆူညံသံကြောင့် လန့်ပြေးပါတော့တယ်။ နောက်တစ်ရွာ ရောက်တော့ အိမ်တစ်အိမ်မှာ အဝတ်နီနီတွေ လှန်းထားတာ တွေ့ပါတယ်။ သူဟာ နီမြန်းတဲ့ အရောင်ကိုလဲ ကြောက်လန့်ပြီး ထွက်ပြေးပါတယ်။ နောက်တစ်ရွာ ရောက်ပြန်တော့ လူတွေ မီးပုံနားမှာ စုနေတာတွေ့ပါတယ်။

(နရန်) ဟာ စူးရှတဲ့ မီးရောင်ကိုလဲ မခံနိုင်ပဲ ရှောင်ခဲ့ရပြန်တယ်။ လူတွေဟာ ဒီကောင်ကို မောင်းထုတ်တဲ့ နည်းလမ်းရသွားခဲ့ပါတယ်။ လူတွေဟာ နောက်တစ်နှစ် နှစ်ကုန် နောက်ဆုံးရက်မှာ အိမ်တိုင်းရဲ့ တံခါးမကြီးတွေမှာ စာတန်းအနီရောင်တွေ ကပ်ပါတယ်။ မီးပုံးနီတွေ ချိတ်ဆွဲပြီး အိုးစည်ဗုံမောင်း ဗျောက်အိုးတွေ ဖောက်ကြပါတယ်။ ညအခါ (နရန်) ထွက်လာတော့ အိမ်တိုင်းအိမ်တိုင်း ထိန်လင်းပြီး နေရာတိုင်း ဗျောက်သံတွေနဲ့ ဆူညံနေတာ တွေ့ရတော့ တောနက်ထဲ ပြန်ပြေးဝင်သွားပါတယ်။ ယနေ့ထိ နောက်ထပ် မထွက်လာရဲတော့ပါဘူး။

ဒီလိုနဲ့ နောက်ရက် မနက်ကျ လူတွေဟာ သိမ်းထားတဲ့ စားကောင်းသောက်ဖွယ်တွေ ထုတ်လာပြီး တည်ခင်းဂုဏ်ပြု စားသောက်ကြပါတယ်။ အဲဒါကို ပွဲတော်တစ်ရက်အနေနဲ့ ပျော်ပျော်ရွှင်ရွှင် ဆင်နွဲကြပါတယ်။ (ကော့နရန်) သို့ (ချွမ်းကျယ်) နွေဦးပွဲတော်လို့ ခေါ်ပါတယ်။ တံခါးမှာ နှစ်သစ်မင်္ဂလာ စာနီကပ်ခြင်း၊ မီးပုံးနီချိတ်ခြင်း၊ ဗျောက်ဖောက်ခြင်း စတာတွေဟာလဲ တရုတ်နှစ်ကူးရဲ့အလေ့အထတွေ ဖြစ်လာခဲ့ကြပါတယ်။

  နှစ်သစ်ကြိုအိမ်သန့်ရှင်းခြင်း

တရုတ်ရိုးရာမှာ နှစ်သစ်မကူးမှီ အိမ်သန့်ရှင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ခြင်းကိုDàsǎochú လို့ခေါ်ပါတယ်။ ရိုးရိုး နေ့စဉ်တံမြတ်လှည်း၊ သန့်ရှင်းရေးလုပ်တာကို Dǎsǎo လို့ခေါ်ပါတယ်။ ဒီတခါကျတော့ အကြီးအကျယ် သန့်ရှင်းရေးလုပ်တာမလို့ Dà ကြီးသောလို့ ရေးပြီး၊ sǎo လှည်းသည်၊ chú ကျတော့ ရှင်းထုတ်သည်ဆိုတဲ့ အဓိပ္ပါယ် ၃ မျိုးလုံးပါတဲ့ နှစ်သစ်ကို ကြိုဆိုတဲ့ အိမ်သန့်ရှင်းခြင်းပေါ့။ အခုချိန် ထိုင်ဝမ်မှာ လမ်းထောင့်တို့ သတ်မှတ်နေရာတွေမှာ အိမ်တွေက မလိုတဲ့ ပရိဘောဂတွေ၊ တီဗီရေခဲသေတ္တာ၊ အဲကွန်းဟောင်းတွေကို သွားပစ်ထားတာ တွေ့ရလေ့ရှိတယ်။ အဟောင်းသွားမှ အသစ်လာမှာကိုး မလိုတာ အကုန်ပစ်ပေါ့။ နှစ်ဟောင်းမကုန်ခင်ည အထိ တအိမ်လုံး သန့်ရှင်းရေးလုပ်ပါတယ်။ နောက်နှစ် နှစ်ဆန်းတစ်ရက်မှ နှစ်ဆန်းငါးရက်အထိ သန့်ရှင်းရေး လုံးဝမလုပ်တော့ပါ။ သန့်နေပြီဆိုတော့ ကျန်နေသေးတဲ့ လာဘ်လာဘ အငွေ့အသက်လေးတွေ လွင့်ပါမသွားအောင်လို့ဟု ဆိုပါတယ်။ နှစ်ဟောင်းမကုန်ခင် သန့်ရှင်းရေး လုပ်တာကို ဒဏ္ဍာရီလာမှာ ဒီလိုဆိုပါတယ်။ လူတွေကို တနှစ်တခါ လာလာဖမ်းစာတဲ့ နရန်ဘီလူးကောင်ရဲ့ အားနည်းချက်ကို လူတွေ သိသွားတဲ့အခါက စခဲ့တာပါ။
နရန်ဘီလူးကောင်ဟာ

၁။ အနီရောင်
၂။မီးလင်းရောင်
၃။ ဆူညံသံ
၄။ သန့်ရှင်းသော အိမ်ပက်ဝန်းကျင် စတဲ့ ၄ မျိုးကို ကြောက်ရွံ့ပါတယ်။

ဒါကြောင့် လူတွေဟာ နရန်ဘီလူးကို ရင်ဆိုင်အနိုင်ယူဖို့ဆို
၁။ အိမ်တန်ခါးတွင်နှစ်သစ်စာနီကပ်ခြင်း
၂။အနီရောင်မီးပုံးများ ချိတ်ဆွဲထွန်းညှိခြင်း
၃။ ဗျောက်ဖောက်ခြောက်လှန်ခြင်း
၄။ နှစ်သစ်ကြိုအိမ်သန့်ရှင်းခြင်းတို့သည် ယနေ့တိုင် ဓလေ့တခုအနေနှင့် ကျန်ရစ်ခဲ့ပါတော့တယ်။ ဒါ့ကြောင့် နှစ်မကူးခင်မှာ အိမ်သန့်ရှင်းရေးကို ပြုလုပ်သင့်ပါတယ်။

(နှစ်ကူးရဲ့ ပထမဆုံး ခေါင်းလောင်းသံကို စောင့်နေခြင်း)

တရုတ်တွေဟာ နှစ်ကူးခါနီးတွင် ခေါင်းလောင်းကြီးကို တပ်ဆင်ထားသော ကွင်းပြင်ကျယ်မှာ လူစုပြီး ခေါင်းလောင်းထိုးသံကို စောင့်နေလေ့ ရှိကြပါတယ်။ ဘာကြောင့်လဲဆိုတော့ တရုတ်လူမျိုးတွေက ခေါင်းလောင်းသံဟာ မကောင်းဆိုးဝါးတွေကို နှိမ်နင်းပြီး ကံကောင်းစေတယ်လို့ ယူဆကြပါတယ်။ တချို့ လူတွေကတော့ ဘုံကျောင်းသွားပြီး နှစ်ကူးရဲ့ ပထမဆုံး ခေါင်းလောင်းသံကို နားထောင်လေ့ ရှိကြပါတယ်။ 苏州寒山寺 ဆူးကျိုးတောင်က ဘုံကျောင်းဟာ အရမ်းနာမည်ကြီးပါတယ်။ အဆိုပါ ဘုံကျောင်းတွင် ခေါင်းလောင်းထိုးပြီး နှစ်ကူးကြောင်းကို ကြေညာလေ့ ရှိပါတယ်။ အခုဆို နိင်ငံခြားသားတွေပါ အဲ့ဒီဘုံကျောင်းကို သွားပြီး နှစ်သစ်ကူးကို ဆင်နွှဲလေ့ ရှိကြပါတယ်။

နှစ်သစ်မကူးမှီ ၁၂ နာရီ ကျော်တဲ့အထိ စောင့်ပြီး နှစ်သစ်ကူးပြောင်းခြင်းဟာ မိဘအတွက် အသက်တစ်နှစ်တိုးစေတယ်လို့ အယူရှိပါတယ်။ ဒါ့ကြောင့် နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းသည့် ညတွင် မိသားစုတွေ စုပြီး နှစ်သစ်ကူးတာကို စောင့်နေကြလေ့ ရှိပါတယ်။

(နှစ်သစ်ကူး ထမင်းဝိုင်း)

နှစ်သစ်ကူးချိန်ဆို တရုတ်ပြည်မှာ ခရီးသယ်ယာဉ်လိုင်းတွေ ပြည့်နှက်နေတဲ့ အချိန်ပါ။ ဘာကြောင့်လဲဆိုတော့ တရုတ်လူမျိုးတွေရဲ့ အယူမှာ ကိုယ်က ဘယ်ရောက်ရောက် အိမ်ကို ပြန်လာပြီး မိသားစုတွေနဲ့ အတူဝိုင်းစုဖွဲ့ကာ နှစ်သစ်ကူး ထမင်းဝိုင်းကို မိသားစုတွေနဲ့အတူ နှစ်အကူးမှာ မဖြစ်မနေ အိမ်မှာ စုပြီး ဝိုင်းဖွဲ့စားရပါတယ်။ ဒီလို ပေါင်းစည်းတဲ့ အထိမ်းအမှတ်အနေနဲ့လို့လဲ ခေါ်ပါသေးတယ်။ တရုတ်နိုင်ငံ အနောက်ပိုင်းမှာ ဆန်မုန့် (ကောက်ညင်းနဲ့ ပြုလုပ်ထားတဲ့မုန့်) ရဲ့ ဟာ (အရာရာအောင်မြင်မယ်) နဲ့ အသံတူ ဖြစ်တဲ့အတွက်ကြောင့်လည်း အဆိုပါ မုန့်ကို ပြုလုပ်စားသုံးကြပါတယ်။ တရုတ်နိုင်ငံ မြောက်ပိုင်းမှာတော့ နှစ်သစ်ကူးထမင်းဝိုင်းမှာ ဖက်ထုတ် သို့မဟုတ် လခြမ်းပုံစံ မုန့်လုံးရေပေါ်ကို စားသုံးကြပါတယ်။

(ဗြောက်အိုးဖောက်ခြင်း)

ဗြောက်အိုးဖောက်ခြင်းဟာ တရုတ်နှစ်ကူးမှာ လုပ်ဆောင်ရမယ့် အဓိက အချက်ထဲမှာ ပါဝင်တယ်။ ခုချိန်တော့ အန္တရာယ်ရှိမှာစိုးလို့ အစိုးရက ပိတ်ပင်တားမြစ်ထားပေမယ့် ကျေးလက် တောရွာတွေမှာတော့ ပြုလုပ်ဆဲပါ။ ၁၂ နာရီကျော်လို့ ခေါင်းလောင်းသံမြည်တာနဲ့ တမြို့လုံး မီးပန်း ဗြောက်အိုးတွေကို တပြိုင်နက်တည်း ပစ်ဖောက်ကြတာကို တွေ့မြင်ကြရမှာပဲ ဖြစ်ပါတယ်။

(ဆွေမျိုးတွေကိုနှုတ်ဆက်ခြင်း)

နှစ်သစ်ကူးရဲ့ ပထမဆုံးရက်မှာ လူတွေဟာ အဝတ်စားအသစ်ကို ဝတ်ဆင်ပြီး ဆွေမျိုး၊ သူငယ်ချင်းတွေနဲ့ တွေ့ဆုံတဲ့အခါမှာ မင်္ဂလာစကားဆိုပြီး အပြန်အလှန် နှုတ်ဆက်လေ့ ရှိကြပါတယ်။ အငယ်က အကြီးကိုတွေ့ရင် သက်ရှည်ကျန်းမာကြောင်း ဆုတောင်းပေးရပါတယ်။ ဆွေမျိုးတွေ အရမ်းများတဲ့ မိသားစုတွေကတော့ လူချင်းမတွေ့နိုင်သောကြောင့် မင်္ဂလာဆုတောင်းစာတွေဘဲ ပို့ကြပါတယ်။

ရေးသားသူ – 天下第一

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။