“နာမကျန်းခြင်း နဲ့ ကြေးဖလားယတြာ”

Astrology

“နာမကျန်းခြင်း နဲ့ ကြေးဖလားယတြာ”

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ “နာမကျန်းခြင်း နဲ့ ကြေးဖလားယတြာ” ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

“နာမကျန်းခြင်း နဲ့ ကြေးဖလားယတြာ”

လူဆိုတာ တစ်နေ့နေ့တချိန်ချိန်မှာတော့ အကြီးအကျယ် နေထိုင်မကောင်း ကျန်းမာရေး အညံ့ကြီး မုချကြုံတွေ့ရတတ်လေ့ရှိပါတယ် ။အဲဒီလို နေထိုင်မကောင်းဖြစ်ပြီး ကျန်းမာရေးညံ့တဲ့အခါ ကြေးဖလားတစ်လုံးဝယ်ပြီး ရွှေဖလားဖြစ်အောင် လုပ်ရပါမယ် ။ အဲဒါကတော့ ကြေးဖလား ရဲ့ အပြင်ဘက်မျက်နှာပြင်ကို ဖိုခနောက်ဆိုင် ရွှေဆိုင်းအစစ်သုံးပြား ချပေးပါ ။ ဒါဆိုကြေးဖလားက ရွှေဖလား(သဘော) ဖြစ်သွားပါပြီ ။

ပြီးရင် အဲဒီရွှေဖလားထဲကို ထောပတ်အပြည့်ထည့်ပြီး ညပိုင်းလူနာအိပ်ခါနီးမှာ”ဒီမှာ…ရွှေဖလားနဲ့ထောပတ်ကို ခေါင်းရင်းမှာ တင်ထားမယ်နော်”လို့ပြောရင်း လူနာမြင်အောင်ပြပြီး တင်ထားလိုက်ပါ ။

နံနက်အရုဏ်တက်တဲ့အခါ အဲဒီထောပတ်ထည့်ထားတဲ့ ရွှေဖလားကို လူနာအိပ်ယာကမနိုးခင် ယူလိုက်ပါ ။ အကယ်၍ အဲဒီအချိန်မှာ လူနာကနိုးနေခဲ့ရင် ရွှေဖလားကို လူနာမသိအောင် လူနာမမြင်အောင် ကိုယ်ခန္ဓာနဲ့ကွယ်ပြီး ယူရပါမယ် ။

အဲဒီနောက် ရွှေဖလားကို စရဏအားကောင်းတဲ့ ရဟန်းတစ်ပါး (ဥပမာ ကျောင်းထိုင်ဆရာတော်) ကို လူနာရဲ့အမည် ၊ အသက် နဲ့ နေ့သားကို ပြောပြီး “ကျန်းမာရေး ယတြာပါဘုရား”လို့ ပြောပြီးလှူဒါန်းရပါမယ် ။ ပြောတဲ့အခါ ဥပမာအားဖြင့် “အသက် ၇၀ ရှိပြီ ဖြစ်တဲ့ တနင်္ဂနွေသားဦးအောင်ထွန်း ရဲ့ ကျန်းမာရေးယတြာအဖြစ် ရွှေခွက်နဲ့ထောပတ်လှူပါတယ်ဘုရား” လို့ ပြည့်ပြည့်စုံစုံ ပြောရမှာ ဖြစ်ပါတယ် ။

ဒီယတြာဟာ ကံကိုရွှေ့ပစ်နိုင်တဲ့ယတြာ ဖြစ်တဲ့အတွက် ဒုလ္လဘရဟန်း နဲ့ ကိုရင်ငယ်တွေကိုမလှူမိဖို့ သတိထားပါ ။ စရဏအားနည်းပါးသူဖြစ်ခဲ့ရင် အလှူလက်ခံတဲ့ပုဂ္ဂိုလ်မှာ ထိခိုက်တတ်ပါတယ် ။ အဲဒါကို အထူးဂရုစိုက်ပါ ။ ကိုယ့်ပြုလုပ်ပေးသော ယတြာသည် တစ်ပါးသူကို မထိခိုက်ပါစေနဲ့ ။ (အဲ့ဒီလို သက်ကြီး ဝါကြီး ရဟန်းတွေကို ရှာမတွေ့ခဲ့ရင်လည်း ဘုရားတစ်ဆူဆူသာ သွားရောက်ပြီး လှူဒါန်းလိုက်ပါ။)

ကျွန်တော်တို့ဆရာကြီးဟာ ကျွန်တော်တို့ကိုအဲဒီလိုအသေးစိပ် သင်ပေးခဲ့ပြီး သင်ပေးထားတဲ့အတိုင်း တိတိကျကျလိုက်နာဆောင်ရွက်ဖို့ကိုလည်း အတန်တန်မှာခဲ့ပါတယ် ။ နှစ်တွေကြာလာတဲ့အခါ အချို့သော ယတြာတွေဟာ ဗေဒင်ဆရာရဲ့ မေ့လျှော့မှုကြောင့်သော်၎င်း ၊ သင်ကြားခဲ့ရစဉ်က ဂရုတစိုက်နားထောင် မှတ်သားခြင်း အားနည်းခဲ့မှုကြောင့်သော်၎င်း ၊ သမားဂုဏ်ပြလိုမှုကြောင့် ယတြာပေါ်တွင် မိမိဆန္ဒအလျှောက် လုပ်ဆောင်ချက်များကို တိုးခြင်း ၊လျှော့ခြင်းများပြုလုပ်၍သော်၎င်း ၊ ထို့ပြင်ပြီးပြီးရော သဘောထားကာ ယတြာကို ပြီးစလွယ်ပေးတတ်သော ဆရာများကြောင့်သော်၎င်း ၊ အချို့အချို့သော ယတြာတို့ဟာ စွမ်းသင့်သလောက်မစွမ်းသည်လည်း ရှိပါတယ် ။ လုံးဝမစွမ်းတော့သည်လည်းရှိကြပါတယ် ။

ဒါကြောင့်မို့ ဆရာကြီး၏ သိရှိပြီးသားတပည့်များအတွက်မဟုတ်ဘဲ မသိရှိသေးသောဆရာများအတွက် ဆရာကြီး၏သင်ကြားပေးခဲ့မှုအချို့အား မေတ္တာဖြင့် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

အထက်ပါ အသက်ကယ် ကံရွှေ့ယတြာအား အဘမင်းသိင်္ခ၏တပည့်သားသမီးများဖြစ်သော ဆရာ ဆရာမအပေါင်းတို့က မကြာမကြာ အသုံးပြုပေးလျှက်ရှိသော ယတြာနည်းဖြစ်ပြီး လွန်စွာအစွမ်းထက် အကျိုးပြုလျှက်ရှိသော ယတြာတစ်မျိုး ဖြစ်ပါတယ် ။

ရေးသားသူ – သာထက်ဇော်(မကွေး) တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။