ဆယ်လီတွေဆိုတာ ရေပေါ်ဆီတွေပါဆိုတဲ့ ဖြူဖြူကျော်သိန်း

Celebrity Local News
ဆယ်လီတွေဆိုတာ ရေပေါ်ဆီတွေပါဆိုတဲ့ ဖြူဖြူကျော်သိန်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဆယ်လီတွေဆိုတာ ရေပေါ်ဆီတွေပါဆိုတဲ့ ဖြူဖြူကျော်သိန်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဆယ်လီတွေဆိုတာ ရေပေါ်ဆီတွေပါဆိုတဲ့ ဖြူဖြူကျော်သိန်း
ရေပေါ်ဆီ

ဖြူဖြူတို့ဆယ်လီတွေဆိုတာ ရေပေါ်ဆီတွေပါ၊ပြည်သူပရိသတ်ကသာ စူပါ ပါဝါ ရေပြင်ကြီးပါ။ပရိသတ်အားပေးထားလို့ ရေပေါ်မှာ ဝေ့ဝဲ မမြုပ်ပဲ ပေါ်နေနိုင်တာ။ တခဏပွက်တဲ့ ရေပွက်တောင်မဟုတ်၊ ရေပေါ်မှာ မတုန်မလှုပ် မရှုပ်မပြုတ် သီးသန့်တင်ကျန်နေနိုင်တဲ့ ဆီစက်တွေပါ။

ရေဘယ်လောက်နောက်နောက်၊ ရေဘယ်လောက်ကြည်ကြည်၊ ရေဘယ်လောက်နက်နက်၊ ရေဘယ်လောက်တိမ်တိမ်၊ ရေဘယ်လောက်နည်းနည်း၊ ရေဘယ်လောက်များများ…ရေကရေ၊ ဆီကဆီ…တစ်လွှာစီသက်သက်ရယ်ပါ။

ပရိသတ်တွေ မီးပျက်ထဲ ချွေးထွက် ယပ်ခပ်နေချိန်…ဖြူဖြူတို့ ဆယ်လီတွေဆိုတာ အိမ်မှာ မီးစက်နှိုးထားနိုင်တာ၊ လိုင်းကြေးပေးထားနိုင်တာ၊ မီတာ ၁ ယူနစ် ထောင်ချီပေးရတဲ့ လပ်ဆူရီကွန်ဒိုကြီးတွေပေါ် အဲကွန်းဖွင့်နေနိုင်တာ။

ပရိသတ်တွေ တစ်နေ့လုပ်ခ ခက်ခဲနေချိန်…ဖြူဖြူတို့ ဆယ်လီတွေဆိုတာ ကြော်ငြာတစ်ခု၊ ဇာတ်လမ်းတစ်ပုဒ်၊ Live sale တစ်ခု၊ ပွဲတစ်ပွဲလက်ခံရုံနဲ့တင် သာမန်ပြည်သူတွေရဲ့ တစ်လလုပ်ခထက်အများကြီးပိုနေတာ။

ပရိသတ်တွေ စားဖို့သောက်ဖို့ တွက်ချက်နေရချိန်…ဖြူဖြူတို့ ဆယ်လီတွေဆိုတာ အာဟာရပြည့်အောင်စားနိုင်ရုံမက၊ နေ့စဉ် ဘား ကလပ် စားသောက်ဆိုင် ဟိုတယ်နဲ့ ပွဲလမ်းသဘင်တွေမှာ ကုန်အောင်တောင်မစားနိုင်တဲ့အပြင်၊ အလှူလုပ်ပြီးကျေးဇူးရှင်ဖြစ်ချင်လို့ရသေးတာ။

ပရိသတ်တွေအတွက် အရာရာခက်ခဲနေချိန်…ဖြူဖြူတို့ ဆယ်လီတွေဆိုတာ မျက်နှာလေးပြလိုက်ရုံနဲ့ ချစ်သူ ခင်သူ ကူသူ ကယ်သူ တွေကြောင့် အတော်များများ လွယ်ကူအဆင်ပြေသွားတာ။ပြေးရလွှားရအချုပ်ကျရင်တောင်…ဖြူဖြူတို့ ဆယ်လီတွေဆိုတာ သီးသန့်ဆက်ဆံခံရတာမို့ ဘဝတူသာမန်ပြည်သူပရိသတ်တွေ ဖြတ်သန်းရတဲ့ ငရဲခန်းဒုက္ခတွေလောက်တော့ မဆိုးပါ။

အရင်လောက် အဆင်မပြေတော့ဘူးဆိုရင်တောင်…ဖြူဖြူတို့ ဆယ်လီတွေဆိုတာ ဆင်ပိန်ကျွဲတွေပါ။ဘယ်အစိုးရတက်တက်…ဖြူဖြူတို့ ဆယ်လီတွေဆိုတာ တစ်ချက်လေးပြုံးပြရုံ၊ ခေါင်းညိတ်ရုံ၊ လက်ရှိတ်ရုံနဲ့ ကိုယ်လုပ်မှကိုယ်စားရတာလို့ ရှောင်ထွက်ပြီး အပေါ်စီးက အေးဆေးရှာစားလို့ရတဲ့သူတွေပါ။

ဖြူဖြူတို့ ဆယ်လီတွေ ဘာလို့ အဲ့လိုလုပ်နေလို့ရလဲသိလား။
အားပေးထားကြတဲ့ ပရိသတ်ပြည်သူတွေရဲ့ စူပါ ပါဝါ ကြောင့်ပါ။ public figure ဆိုဆို၊ ဆယ်လီခေါ်ခေါ် ဒီလူတွေဟာ ဘယ်လောက်တော်တော်တတ်တတ် တခြားဘယ်လုပ်ငန်းနဲ့မှ မတူတာက…ပရိသတ်အားမပေးရင် လုံးဝရပ်တည်လို့မရပါ။
ရေပေါ်ဆီဆိုတာ ရေပေါ်မှာပဲရှိတာ၊ ရေရှိမှရှိနိုင်တာ။
အောက်က ဘာရေပဲဖြစ်နေနေ၊ အဲ့ဒီရေပေါ်မှာ သီးသန့်တစ်လွှာ၊ အောက်ကရေက ပင့်ထားပေးလို့ ရှိနေတာ။

ဒါကြောင့်…
ပရိသတ်တွေ ငိုနေချိန်…ဖြူဖြူတို့ ဆယ်လီတွေ ကြွယ်နေမိတဲ့အခါ…
ပရိသတ်တွေ ဆင်းရဲနေချိန်…ဖြူဖြူတို့ ဆယ်လီတွေ ဖြုန်းနေမိတဲ့အခါ…
ပရိသတ်တွေ နာကျင်နေချိန်…ဖြူဖြူတို့ ဆယ်လီတွေ အလိုက်ကန်းဆိုးမသိတဲ့အခါ…
ပရိသတ်တွေ လောင်ကျွမ်းပြာကျနေချိန် ဖြူဖြူတို့ ဆယ်လီတွေ အေးချမ်းသာယာပြနေတဲ့အခါ…
ပရိသတ်တွေ ဘဝပျက်နေချိန်…ဖြူဖြူတို့ ဆယ်လီတွေ အချိုးမပြေတဲ့အခါ…
ဆူပါ။ ဆုံးမပါ။ သတိပေးပါ။ ထောက်ပြပါ။ ကဲ့ရဲ့ပါ။ ပြစ်တင်ပါ။ ဝေဖန်ပါ။ ပဲ့ပြင်ပါ။ အပြစ်ပေးပါ။ စွန့်ပယ်ပါ။

ဘာလို့ဆို…ဖြူဖြူတို့ ဆယ်လီတွေကို အားပေးဖို့ ပရိသတ်ကို ဘယ်သူကမှ နားထင်တေ့ပြီး အကျပ်ကိုင် အားပေးခိုင်းထားတာမှ မဟုတ်တာ။ ပရိသတ်ရဲ့ လူ့ဂုဏ်သိက္ခာကို တန်ဖိုးထားငဲ့ကွက်တတ်ဖို့ ဖြူဖြူတို့ဆယ်လီတွေကို ပရိသတ်ကပဲ သွန်သင်ပေးပါ။

ဟုတ်ကဲ့…ဖြူဖြူတို့ ဆယ်လီတွေဆိုတာ ရေပေါ်ဆီတွေပါ။ပြည်သူပရိသတ်မှာသာ ပါဝါရိန်းဂျားလို စူပါ ပါဝါ တကယ်ရှိတာပါ။

ရေးသားသူ –Phyu Phyu Kyaw Thein

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။