အားပြင်းသံလိုက်အသုံးပြု စက်ရုပ်လက်တံဖြင့် သည်းခြေအိတ် ခွဲစိတ်ဖယ်ရှားမှု အောင်မြင်

Health International News Tech
အားပြင်းသံလိုက်အသုံးပြု စက်ရုပ်လက်တံဖြင့် သည်းခြေအိတ် ခွဲစိတ်ဖယ်ရှားမှု အောင်မြင်

အားပြင်းသံလိုက် အသုံးပြုတဲ့ စက်ရုပ်က နိုင်ငံတကာ လှည့်လည်ခွဲစိတ်မှုအစီအစဉ် ပထမဆုံးတစ်ခုအနေနဲ့ ချီလီအစိုးရဆေးရုံမှာ သည်းခြေအိတ် ဖယ်ရှားရမယ့် လူနာကို အောင်မြင်စွာ ခွဲစိတ်ပေးနိုင်ခဲ့ပါတယ်။

ခွဲစိတ်ဆရာဝန်တွေက လူနာရဲ့သည်းခြေမှာ သံလိုက်ငယ်လေးကို ကပ်ထားပေးပြီး အားပြင်းသံလိုက် တပ်ဆင်ထားတဲ့ စက်ရုပ်လက်တံက လူနာရဲ့ဗိုက်ပေါ်ကနေ သံလိုက်စက်ကွင်း ဆွဲအားနဲ့ လှုပ်ရှားစေတာ ဖြစ်ပါတယ်။ ချီလီနိုင်ငံ ဆန်တီယာဂိုမြို့မှ လူးဝစ်တစ္စနေးဆေးရုံမှာ MARS ခွဲစိတ်စက်ရုပ်လက်တံကို အသုံးပြုခဲ့တာပါ။

” ဒီစနစ်မှာ ခွဲစိတ်ဆရာဝန်တွေက ကင်မရာကို ထိန်းချုပ်ပါတယ်။ ဒီကင်မရာက မြင်ကွင်းပိုရှင်းလင်းသလို ပိုပြီးတော့လည်း တည်ငြိမ်တယ်။ ခွဲစိတ်မှုတွေမှာ မြင်ကွင်းရှင်းလင်းဖို့က အဓိကပဲ”လို့ MARS ခွဲစိတ်စက်ရုပ်လက်တံကို တီထွင်တဲ့ ကယ်လီဖိုးနီးယားပြည်နယ် အခြေစိုက် Levita Magnetics ကုမ္ပဏီကို တည်ထောင်သူ ဆရာဝန် နာဗာရိုက ဆိုပါတယ်။

” ခွဲစိတ်စရာ သိပ်မလိုဘူး၊ နာကျင်မှုလည်း သိပ်မခံစားရဘူး၊ အနာကျက်တာလည်း ပိုမြန်တဲ့အတွက် လူနာတွေအတွက် ပိုကောင်းပါတယ်။ အချိန်ကုန်သက်သာပြီး တစ်နေ့ကို ခွဲစိတ်မှု အများအပြား လုပ်နိုင်တာကြောင့် ခွဲစိတ်ဆရာဝန်တွေအတွက်လည်း ပိုသင့်တော်တဲ့စနစ်ပါ”လို့လည်း နာဗာရိုက ဆိုပါတယ်။

MARS ခွဲစိတ်စက်ရုပ်လက်တံကို ပြီးခဲ့တဲ့စက်တင်ဘာလမှာ အမေရိကန်နိုင်ငံ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲမှုဦးစီးဌာနက ခွင့်ပြုချက်ပေးခဲ့တာဖြစ်ပြီး အောက်တိုဘာလက အိုဟိုင်းယိုးပြည်နယ်၊ ကလိဗ်လန်းဆေးရုံမှာ ပထမဆုံး ခွဲစိတ်မှု လုပ်ခဲ့တာပါ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။