ဟူသီ စစ်ရေးပစ်မှတ်တွေကို အမေရိကန်နဲ့ ဗြိတိန်တို့ ညလုံးပေါက် တိုက်ခိုက်

International News
ဟူသီ စစ်ရေးပစ်မှတ်တွေကို အမေရိကန်နဲ့ ဗြိတိန်တို့ ညလုံးပေါက် တိုက်ခိုက်

ဟူသီပစ်မှတ်တွေကို လေကြောင်းနဲ့ ပင်လယ်ပြင်တို့ကနေ တိုက်ခိုက်

အမေရိကန်နဲ့ ဗြိတိန်တို့ဟာ ယီမင်နိုင်ငံထဲက ဟူသီတွေရဲ့ စစ်ရေး ပစ်မှတ် ၆၀ ကျော်ကို  ကြာသပတေး တစ်ညလုံးလိုလို ဝေဟင်က လေကြောင်း တိုက်ခိုက်တာတွေ လုပ်ခဲ့သလို၊ ပင်လယ်ပြင်ကနေလည်း ပစ်ခတ်ခဲ့ပါတယ်။

ပင်လယ်နီထဲ ဖြတ်သန်းနေကြတဲ့ နိုင်ငံတကာ ကုန်တင်သင်္ဘောတွေကို ဟူသီတွေက တိုက်ခိုက်နေတာကို တုံ့ပြန်တဲ့ အနေနဲ့ အမေရိကန်နဲ့ ဗြိတိန်တို့က အခုလို စစ်ရေး အရ အရေးယူလာတာ ဖြစ်ပါတယ်။

ဗြိတိန်ရဲ့ ကာကွယ်ရေး ဝန်ကြီးဌာနအောက်က လက်နက်ကိုင်တပ်များဆိုင်ရာ ဝန်ကြီးဌာနရုံးရဲ့ အကြီးအကဲ ဂျိမ်းစ် ဟီပီက ယီမင်ထဲ ပြုလုပ်ခဲ့တဲ့ တိုက်ခိုက်မှုတွေကြောင့် စစ်ရေး ပဋိပက္ခ ကျယ်ပြန့်လာနိုင်တဲ့ အန္တရာယ် ရှိပေမဲ့၊ မဖြစ်မနေ လိုအပ်တဲ့ အတိုင်းအတာထိ အင်အားကို ချိန်ဆပြီး လုပ်ခဲ့တာလို့ ဆိုပါတယ်။

“စစ်ရေး ပိုပြီး ကျယ်ပြန့် ပြင်းထန်လာနိုင်တဲ့ အန္တရာယ် အပေါ် အမြဲပဲ ထည့်သွင်း စဉ်းစားပါတယ်။ ဒါ့ကြောင့်လည်း ယူကေနဲ့ ယူအက်စ် နိုင်ငံခြားရေး ဝန်ကြီးတွေ အဲဒီ ဒေသတွင်း နိုင်ငံတွေကို ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်း အတော်လေး နေရာအနှံ့ လှည့်လည်ပြီး ဆွေးနွေးတာတွေ ပြုလုပ်ခဲ့တာကို သတိထားမိမှာပါ။

အရှေ့အလယ်ပိုင်း ဒေသနဲ့ အာရပ်ကမ္ဘာတခွင်က မဟာမိတ်တွေ၊ စကားပြောဘက်တွေနဲ့ အမြဲ စကားပြောဆိုနေပြီး၊ သူတို့ရဲ့ အမြင်တွေကိုလည်း နားလည်အောင် ကြိုးစားထားပါတယ်” လို့ မစ္စတာ ဟီပီက ပြောသွားပါတယ်။

စစ်ရေး ပိုပြီး ပြင်းထန် ကျယ်ပြန့်လာနိုင်လား
ဂါဇာထဲက ပါလက်စတိုင်းတွေကို ဆက်ပြီး ထောက်ခံသွားမယ်လို့ ဟူသီတွေပြော

ဟူသီခေါင်းဆောင် မိုဟာမက်ဒ် အယ်လ်-ဘူခါအီတီကတော့ အမေရိကန်နဲ့ ဗြိတိန်တို့ အနေနဲ့ ယီမင်ထဲ ကျူးလွန်တာဟာ သူတို့ သမိုင်းတလျှောက် အရူးမိုက်ဆုံးနဲ့ အမှားယွင်းဆုံး လုပ်ရပ် ဖြစ်ကြောင်း မကြာခင် သိရစေ့မယ် ဆိုပြီး တုံ့ပြန် သတိပေးပါတယ်။

ဟူသီတွေဟာ ဂါဇာထဲက ပါလက်စတိုင်းတွေကို ဆက်လက် ထောက်ခံသွားမှာ ဖြစ်ပြီး၊ ပင်လယ်နီထဲမှာ သင်္ဘာတွေကို ဆက်ပြီး တိုက်ခိုက်သွားမယ်လို့လည်း ကတိပြု ပြောဆိုပါတယ်။

ဟူသီဘက်က အတည်ပြုချက်အရ အမေရိကန်နဲ့ ဗြိတိန်တို့ရဲ့ တိုက်ခိုက်မှုကြောင့် ဟူသီတိုက်ခိုက်ရေးသမား ၅ ယောက်thayဆုံး၊ ၆ ယောက် ဒဏ်ရာရ ခဲ့တယ်လို့ ဆိုပါတယ်။ ဟူသီအဖွဲ့ ကာလတာရှည် ကျောထောက် နောက်ခံ ပြုပေးနေတဲ့ အီရန်က အမေရိကန်နဲ့ ဗြိတိန်တို့ရဲ့ တိုက်ခိုက်မှုတွေဟာ နိုင်ငံတစ်ခုရဲ့ အချုပ်အခြာ ပိုင်နက်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာပဲဆိုပြီး ပြစ်တင်ပါတယ်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပြောခွင့်ရ မစ္စ မော်နင်းကလည်း ….

“တရုတ်နိုင်ငံ အနေနဲ့ ပင်လယ်နီထဲမှာ စစ်ရေး အခြေအနေတွေ ပိုပြီး ဆိုးရွား တင်းမာလာမှာကို မမြင်တွေ့လိုပါဘူး။ ပင်လယ်နီ လမ်းကြောင်းဟာ နိုင်ငံတကာ ကုန်သွယ်ရေးနဲ့ စွမ်းအင်လောင်စာ သယ်ပို့ရေးမှာ အရေးပါတဲ့ နေရာ ဖြစ်ပါတယ်။

နိုင်ငံတကာ ရေကြောင်းလမ်းရဲ့ လုံခြုံရေးကို အားလုံး ဝိုင်းပြီး စောင့်ရှောက်ကြဖို့နဲ့ အရပ်ဘက် သင်္ဘောတွေကို အန္တရာယ်ပြုခြင်း အပေါ် ရှောင်ကြဥ်ကြဖို့ လိုပါတယ်” ဆိုပြီး ပြောပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။