နှစ်ပေါင်း ၂၅ နှစ်အတွင်းအဆိုးဆုံးကြုံရတဲ့ ထိုင်ဝမ်ငလျင်

International News
နှစ်ပေါင်း ၂၅ နှစ်အတွင်းအဆိုးဆုံးကြုံရတဲ့ ထိုင်ဝမ်ငလျင်

ပြိုလဲနေတဲ့ ဟွာလီရန်မြို့က အဆောက်အအုံ

ထိုင်ဝမ်မှာ လှုပ်ခတ်သွားတဲ့ငလျင်ကြောင့် ဟွာလီရန်မြို့က အပျက်အစီးအတိုင်းအဆကို မြင်သာ‌အောင် ဂရပ်ဖစ်နဲ့ဖော်ပြ လိုက်ပါတယ်

ထိုင်ဝမ်မှာ လှုပ်ခတ်သွားတဲ့ငလျင်ကြောင့် ဟွာလီရန်မြို့က အပျက်အစီးအတိုင်းအဆကို မြင်သာ‌အောင် ဂရပ်ဖစ်နဲ့ဖော်ပြ လိုက်ပါတယ်

ထိုင်ဝမ်မှာ နှစ်ပေါင်း ၂၅ နှစ်အတွင်း အင်အားအပြင်းဆုံး ငလျင် ကြီး ဧပြီ ၃ ရက် မနက်ပိုင်းကလှုပ်ခတ်ခဲ့ပါတယ်။

ဧပြီလ ၃ ရက် အထိ ငလျင်ကြောင့် thayဆုံးသူ ၉ ဦးထက်မနည်းရှိပြီး နောက်ထပ် လူပေါင်း ၈၀၀ ကျော် ဒဏ်ရာရထားပြီး ပိတ်မိနေတဲ့ လူ ၁၀၀ ကျော်ကိုလည်း ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လုပ်နေပါတယ်။

thayဆုံးသူတွေထဲက ၅ ဦး က တောင်တက်သူ ၃ ဦးဖြစ်ပြီး ပြိုကျလာတဲ့ကျောက်တုံးတွေ ပိကာ thayဆုံးခဲ့တာဖြစ်ပါတယ်။

ငလျင်ဗဟိုချက်ဟာ ထိုင်ဝမ်မြို့ ဟွာလီယန်တောင်ပိုင်း ၁၈ ကီလိုမီတာမှာဖြစ်တယ်လို့ အမေရိကန် ဘူမိဗေဒ လေ့လာရေးက ပြောပါတယ်။

တောင်ထူထပ်တဲ့ဟွာလီယန်ဒေသဟာ ငလျင်ကြောင့် မြေပြိုတာတွေဖြစ်ပွားခဲ့ပါတယ်။

မြေပုံပြ နေရာအနေအထား

ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်ကတော့ ငလျင်မှာ ကူညီကယ်ဆယ်ရေးလုပ်ဖို့ စစ်တပ်ကို ဖြန့်ကြက်နေရာချသွားပေးမယ်လို့ ပြောပြီး ဗဟိုအဆင့် အစိုးရအဖွဲ့အစည်းတွေအနေနဲ့ ဒေသန္တရအစိုးရအဖွဲ့တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ဖို့လည်း သူက တိုက်တွန်းပါတယ်။

လူမှုကွန်ရက်‌ပေါ် ဖေ့ဘွတ်ခ်မှာ တင်ထားတဲ့ ပို့စ် တစ်ခုမှာတော့ သမ္မတက ငလျင်ကြီးအပြီးနောက်ဆက်တွဲ ငလျင်တွေ လှုပ်ခတ်နေတာကြောင့် ဒေသခံတွေအနေနဲ့ အာဏာပိုင်တွေက ပြောတဲ့‌နောက်ဆုံးသတင်းအချက်အလက်တွေကို မပြတ်သိအောင်လုပ်ဖို့နဲ့ ဓာတ်လှေကား မသုံးဖို့ တိုက်တွန်းပါတယ်။

ငလျင်ကြောင့် ဟွာလီယန် မြို့က အဆောက်အအုံတွေ ပြိုကျခဲ့တယ်လို့ ထိုင်ဝမ်အာဏာပိုင်တွေက အစောပိုင်းမှာ ပြောထားပါတယ်။

ဒေသတွင်း သတင်းတွေမှာဖော်ပြနေတဲ့ ရုပ်သံတွေမှာတော့ အဆောက်အအုံအတို့ အတော်လေးတိမ်းစောင်းသွားခဲ့ပြီး ရွှေ့ပြောင်းတာတွေကိုလည်း ပြုလုပ်နေတာတွေ့ရပါတယ်။

ဟွာလင်းမြို့က လိုဏ်ဂူ ၄ ခုထဲမှာ လူတွေ ပိတ်မိတာလည်းရှိနေပါတယ်။

သမ္မတဆိုင်အင်ဝမ်

ကယ်ဆယ်ရေးလုပ်သားတွေ

ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်က ငလျင်လှုပ်ခတ်အပြီး လူမှုကွန်ရက် X (အရင်က တွစ်တာ) ရေးသားတဲ့ သူ့ရဲ့ပထမဆုံးပို့စ်မှာ ဂျပန်နိုင်ငံကို ကျေးဇူးတင်ကြောင်း ဂျပန်ဘာသာနဲ့ရေးသားပြောဆိုပါတယ်။

ငလျင်အရေးအကူအညီပေးမယ်ဆိုတဲ့ ဂျပန်အပါအဝင် မဟာမိတ်တွေကို ကျေးဇူးတင်တဲ့အကြောင်း ထိုင်ဝမ် ဘက်က ပြောလာပါတယ်။

‘‘ဂျပန်ဝန်ကြီးချုပ် ခီရှီဒါရဲ့ စာနာစကားတွေကို ကျေးဇူးတင်ကြောင်း ကျွန်မပြောလိုပါတယ်။ ဝန်ကြီးချုပ်ရဲ့ စေတနာကြောင့် ထိုင်ဝမ်က ကျွန်မတို့အားလုံး နှလုံးသားနွေးထွေးရပါတယ်’’ လို့ သူက ပြောပါတယ်။

‘‘ဂျပန်ပြည်သူတွေကလည်း ထိုင်ဝမ်ကို အားပေးတာတွေ လူမှုကွန်ရက်မှာ ရေးသားပြောဆိုကြတာကို ကျွန်မ ကိုယ်တိုင်လည်း မြင်ရပါတယ်။ ထိုင်ဝမ်နဲ့ဂျပန်ကြားက ချစ်ကြည်ရင်းနှီးမှုကို ပြန်လည်ဆင်ခြင်မိပါတယ်’’


ပြိုကျနေတဲ့ အဆောက်အအုံကနေ ပိတ်မိနေသူတွေကို ကယ်ထုတ်ဖို့ကြိုးစားနေတဲ့ ကရိန်းအဖွဲ့

ထိုင်ဝမ် နိုင်ငံခြား‌ရေးရုံးကလည်း ဂျပန်နဲ့ ပါရာဂွေးတို့လို ‘‘မဟာမိတ်နဲ့ မိတ်ဆွေနိုင်ငံတွေ’’က အကူအညီ ကမ်းလှမ်းမှုတွေကို ကျေးဇူးတင်ကြောင်းပြောထားပါတယ်။

အစောပိုင်းတုန်းကတော့ အဲဒီနိုင်ငံခြားရေးရုံးက တရုတ်ပြည်မကြီးရေးရာကောင်စီရုံးနဲ့ စကားပြောဆိုခဲ့ပြီး ထိုင်ဝမ်အတွက် တရုတ်ရဲ့ ပူပန်မှုကို ကျေးဇူးတင်ပေမဲ့ တရုတ်ဆီကနေ အကူအညီတောင်းခံမှာမဟုတ်ဘူး လို့ပြောထားပါတယ်။

ထိုင်ဝမ်ရဲတပ်ဖွဲ့နဲ့ ကယ်ဆယ်ရေးအဖွဲ့က ဟွာလီယန်မြို့က ပြိုလဲလုနီးနီး တိမ်းစောင်းသွားတဲ့အဆောက်အအုံထဲက လူတွေကို ကယ်ထုတ်ထားပြီး နောက်ထပ်ပိတ်မိနေသူတွေကလည်း သူတို့သူတို့ကိုကယ်ဖို့ အကူအညီတောင်းနေတယ်လို့ ဖော်ပြပါတယ်။

ငလျင်ကြောင့် ပိတ်မိနေသူ ၁၂၇ ဦးရှိတယ်လို့ ထိုင်ဝမ်အာဏာပိုင်တွေက ပြောပါတယ်။

အဲဒီထဲက ၇၇ ဦးဟာ ဟွာလီယန်နယ်ထဲက တောင်တွေအောက်မှာဆောက်ထားတဲ့ ဂျင်းဝမ်နဲ့ ကျင်းရွှေ ဥမင်လိုဏ်ခေါင်းထဲမှာဖြစ်တယ်လို့ ထိုင်ဝမ်မီးသတ်ဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

တာရိုကို အမျိုးသားဥယျာဥ်ထဲက ချောင်ဒီ ဥမင်လိုဏ်ခေါင်းထဲမှာ ဂျာမဏီ နိုင်ငံသား ၂ ဦးလည်း ပိတ်မိနေတယ်လို့ သိရပါတယ်။

နောက်ထပ် လူ ၅၀ ကတော့ ဟွာလီယန်ကနေ အနီးနားက တာရိုကို သဘာဝဥယျာဥ် သွားချိန် မီနီဘတ်စ်ကား ၄ စီးထဲမှာ ပိတ်မိနေသူတွေဖြစ်ပါတယ်။

ရေးသားသူ -BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။