ကမ္ဘာ့အန္တရာယ်အများဆုံး လမ်း

International News Knowledge
ကမ္ဘာ့အန္တရာယ်အများဆုံး လမ်း

တူရကီနိုင်ငံ အရှေ့ပိုင်း အော့ဖ်မြို့နဲ့ ဘေးဘာ့တ်မြို့ကြားမှာရှိတဲ့ ၆၅ မိုင်ရှည်လျားတဲ့ D915 လမ်းပိုင်းဟာ ကမ္ဘာ့အန္တရာယ်အများဆုံး လမ်းအဖြစ် သတ်မှတ်ခံထားရပါတယ်။ အရင်တုန်းကတော့ ဘိုလစ်ဗီးယားနိုင်ငံ ယန်ဂါလမ်းကို သေမင်းတမန်လမ်း(Death Road)လို့ ခေါ်ကြတာပါ။ ကော်ဒီလီရာအိုရီယန်တယ်တောင်ရဲ့ အမြင့် ၄၆၅၀ မီတာမှာ ကွေ့ကောက်ပြီး ဖောက်လုပ်ထားတာကြောင့် ယန်ဂါလမ်းဟာ အန္တရာယ်များလွန်းတဲ့ လမ်းပိုင်းအဖြစ် ကျော်ကြားပြီး နှစ်စဉ်နှစ်တိုင်း ခရီးသည် ၂၅၀၀၀ ဝန်းကျင် လာရောက်လည်ပတ်တဲ့နေရာ ဖြစ်နေပါတယ်။

ဒါပေမဲ့ စွန့်စားရတာကို ဝါသနာပါသူတွေကတော့ D915 လမ်းဟာ ယန်ဂါလမ်းထက် ပိုခက်ခဲပြီး ပိုအန္တရာယ်များတယ်လို့ ဆိုပါတယ်။ တူရကီနိုင်ငံ အရှေ့မြောက် အန်နာတိုလီယာပြည်နယ်ကို ပင်လယ်နက်နဲ့ ချိတ်ဆက်ထားတဲ့ D915 လမ်းပိုင်းဟာ အချိုးအကွေ့ အလွန်များပြီး အန္တရာယ်များလွန်းတဲ့ လမ်းအနိမ့်အမြင့်တွေကြောင့် အလွန်ကျွမ်းကျင်တဲ့ ယာဉ်မောင်းတွေတောင် ခက်ခက်ခဲခဲ မောင်းနှင်ရတဲ့ လမ်းလို့ ဆိုကြပါတယ်။

၁၉၁၆-၁၉၁၈ ခုနှစ် ထရက်ဘီဇွန်လှုပ်ရှားမှုမှာ ရုရှားတပ်ဖွဲ့တွေက တူရကီနိုင်ငံ ထရက်ဇွန်မြို့ကို သိမ်းပိုက်ခဲ့ကြပြီး အဲဒီအချိန်မှာ D915 လမ်းကို ဖောက်ခဲ့ကြတာပါ။ သူတို့ဟာ စက်ကြီးတွေ မပါဘဲ ပေါက်တူး၊ ဂေါ်ပြား အစရှိတဲ့ လက်ကိုင်ကိရိယာတွေနဲ့သာ လမ်းဖောက်ခဲ့ကြတာဖြစ်ပြီး လမ်းအစနဲ့ အဆုံးမှာ ကတ္တရာခင်းထားပေမဲ့ အများစုမှာတော့ ကျောက်ကြမ်းတွေပဲ ခင်းထားတာပါ။

D915 လမ်းဟာ အစပိုင်းမှာ သာမန်လမ်းတစ်လမ်းလို့ပဲ ထင်ရပေမဲ့ လမ်းအတွင်းပိုင်း ရောက်လေလေ၊ လမ်းက ကျဉ်းမြောင်း၊ မတ်စောက်လာပြီး ကားနှစ်စီး မျက်နှာချင်းဆိုင် ဆုံရင် တစ်စီးစီးက နောက်ပြန်ဆုတ်ပြီး လမ်းရှောင်ပေးရတာမျိုး ရှိပါတယ်။ အကွေ့အကောက် ၃၈ နေရာ အထိရှိပြီး ကျောက်ကြမ်းခင်းထားတဲ့လမ်းဖြစ်လို့ ကားမောင်းဖို့ အလွန်ခက်ခဲလာပါတယ်။

အကွေ့အကောက် ၃၈ နေရာထဲမှာ အကွေ့အကောက် ၁၇ ခုကတော့ ၃.၂ မိုင် ရှည်လျားပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် ၅၆၁၇ ပေကနေ ၆၆၇၇ ပေအမြင့်မှာ တည်ရှိပြီး အကွေ့အကောက်တွေရဲ့ တိမ်းစောင်းမှုဒီဂရီက ၁၇ ရာခိုင်နှုန်းရှိပါတယ်။ မိုးသည်းထန်စွာ ရွာသွန်းတာ၊ ဆီးနှင်းကျဆင်းတာ၊ မြူတွေ ရစ်ဆိုင်းနေတာ စတဲ့ ရာသီဥတု အခြေအနေမျိုး ကြုံရရင်တော့ D915 လမ်းမှာ ကားမောင်းဖို့ အန္တရာယ်အများဆုံး အချိန်ပါပဲ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။