ဖိလစ်ပိုင်နဲ့ အမေရိကန် တောင်တရုတ်ပင်လယ်ပြင်မှာ အကြီးမားဆုံးပမာဏနဲ့ စစ်ရေးလေ့ကျင့်မှု စတင်

International News
ဖိလစ်ပိုင်နဲ့ အမေရိကန် တောင်တရုတ်ပင်လယ်ပြင်မှာ အကြီးမားဆုံးပမာဏနဲ့ စစ်ရေးလေ့ကျင့်မှု စတင်

ပြင်သစ်နဲ့ ဩစတြေးလျ တပ်ဖွဲ့တချို့လည်း ပူးပေါင်းပါဝင်

ဖိလစ်ပိုင်နဲ့ အမေရိကန် စစ်တပ်နှစ်ခု ပူးပေါင်းလို့ ထောင်ပေါင်းများစွာသော တပ်ဖွဲ့ဝင် အင်အားတွေနဲ့ တောင်တရုတ် ပင်လယ်ပြင်ထဲက ပိုင်နက် အငြင်းပွား နေရာတွေ အနီး စစ်ရေး လေ့ကျင့်ခန်းတွေ ပြုလုပ် နေပါတယ်။

ပြင်သစ်နဲ့ ဩစတြေးလျ တပ်ဖွဲ့တချို့လည်း ပူးပေါင်းပါဝင်ကြမယ့် အခု စစ်ရေး လေ့ကျင့်ခန်းတွေကို သီတင်း သုံးပတ်ကြာ ပြုလုပ်သွားဖို့ စီစဉ်ထားပါတယ်။

အခုလို ဖိလစ်ပိုင်နဲ့ အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်တပ်တွေ ပူးပေါင်းပြီး နှစ်စဉ် စစ်ရေးလေ့ကျင့်လေ့ ရှိပေမယ့်၊ ဖိလစ်ပိုင် ရေပိုင်နက် အပြင်ဘက်ကို ထွက်ပြီး စစ်ရေး လေ့ကျင့်တာကတော့ ဒါ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။

ဒါ့အပြင် နှစ်များစွာ အတွင်း အကြီးမားဆုံး အတိုင်းအတာ ပမာဏမျိုးနဲ့ ပြုလုပ်သွားမှာ ဖြစ်ပြီး အမေရိကန် ဦးဆောင်တဲ့ မဟာမိတ် တပ်တွေမှာ စစ်ရေးစွမ်းရည် ဘယ်လောက်ထိ ရှိသလဲ ဆိုတာ ထုတ်ပြမယ့် ပွဲ အဖြစ် အကဲခတ်တွေက ယူဆထားပါတယ်။

တောင်တရုတ်ပင်လယ်ပြင်ထဲ တရုတ်ပြည်မကြီး အစိုးရက တိုးချဲ့လွှမ်းမိုး နေရာယူလာတာကို တန်ပြန်တဲ့ အနေနဲ့ အခုလို ပူးပေါင်း စစ်ရေးလေ့ကျင့်ကြတာ ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

နှစ်များစွာအတွင်း အကြီးမားဆုံး ပမာဏမျိုးနဲ့ ပြုလုပ်သွားမှာ ဖြစ်

တကယ့် စစ်ပွဲ ပေါ်ပေါက်လာတဲ့ ပုံစံမျိုး ဖန်တီး သတ်မှတ်ပြီး ပြုလုပ်ကြမယ့် တချို့ လေ့ကျင့်ခန်းတွေဟာ ဆိုရင် ထိုင်ဝမ်နဲ့ အနီးတဝိုက်မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရိုမီယို ဘရော်နာကလည်း ဒေသတွင်း ငြိမ်းချမ်းရေးကို ထိန်းသိမ်း ကာကွယ်နိုင်ဖို့ရာ အမေရိကန်နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ မဖြစ်မနေ လိုအပ်တယ် ဆိုပြီး ပြောပါတယ်။

“ကမ်းရိုးတန်းနိုင်ငံတွေ ဖြစ်ကြတဲ့ အမေရိကန် ပြည်ထောင်စုနဲ့ ဖိလစ်ပိုင် နိုင်ငံတို့ဟာ ပစိဖိတ် သမုဒ္ဒရာထဲ ကျယ်ပြန့်လှတဲ့ ရေပြင် နေရာတွေကို ဝေမျှ ထားတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး အပေါ် ခြိမ်းခြောက်နေတဲ့ ရှုပ်ထွေးလှတဲ့ စိန်ခေါ်ချက်တွေကို ကိုင်တွယ် ဖြေရှင်းနိုင်ဖို့ရာ အင်မတန်အရေးကြီးတာကို နှစ်နိုင်ငံစလုံးက နားလည်ထားပါတယ်”

“ဒီတော့ စိတ်တူကိုယ်တူ မိတ်ဖက်နိုင်ငံတွေနဲ့ အတူ လက်တွဲလို့ အင်ဒို-ပစိဖိတ်ဒေသတလွှာ သာယာဝပြောရေးကို ထိန်းသိမ်းကာကွယ်ဖို့ရာ ကျွန်တော်တို့ အခိုင်အမာ စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်ပါတယ်” လို့ ဗိုလ်ချုပ်ကြီး ရိုမီယို ဘရော်နာ ပြောသွားပါတယ်။

တရုတ်အစိုးရကတော့ လုံခြုံရေး အကြောင်းပြချက်နဲ့ အခုလို ပြုလုပ်လာတာဟာ ဒေသတွင်း မလုံမခြုံမှုတွေ ဆထက်တိုး ဖြစ်သွားစေပြီး တည်ငြိမ်မှုကိုလည်း ဆိုးဆိုးရွားရွား ပျက်ယွင်းစေတယ်လို့ သတိပေးပါတယ်။

,တရုတ်ဆန့်ကျင်ရေးသဘောထား တင်းမာပြတဲ့ သမ္မတ မားကို့စ် ဂျူနီယာ

ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာကတော့ သူ အာဏာရလာပြီး ၂ နှစ်အတွင်း တရုတ် အစိုးရ အပေါ် ပိုပြီး တင်းမာတဲ့ ရပ်တည်မှုတွေ ပြသနေပါတယ်။

တောင်တရုတ်ပင်လယ်ပြင်ထဲက ပိုင်နက်အငြင်းပွားနေတဲ့ နေရာတွေမှာ တရုတ် ကမ်းစောင့်တပ်ရဲ့ စစ်သင်္ဘောတွေဟာ တခြားနိုင်ငံပိုင် ရေယာဉ်တွေ၊ သင်္ဘောတွေ အပေါ် အတော်လေး ရန်လို ဆက်ဆံ နေတယ်လို့ ရှုမြင်နေကြပါတယ်။

ရေယာဉ်တွေကို ဆက်လက် မခုတ်မောင်း စေချင်တာမျိုး၊ နောက်ပြန်လှည့် စေချင်တာမျိုး ဆိုရင် တရုတ်ဘပ်က အားကောင်းတဲ့ ရေပိုက်တွေနဲ့ ထိုးတာ အပါအဝင်၊ လူနဲ့ယာဉ်တွေကို ထိခိုက် စေတတ်တဲ့ ပစ္စည်းတွေကို သုံးပြီး ပိတ်ဆို့တာ၊ ရေလမ်းကြောင်း ပိတ်ဆို့တာတွေကို တရုတ်ဘက်က ပြုမူနေခဲ့တယ်လို့ ထောက်ပြမှုတွေ ရှိပါတယ်။

အမေရိကန် ပြည်ထောင်စု အနေနဲ့ အာရှဒေသတွင်း သူတို့ရဲ့ အစောဆုံး မိတ်ဖက် နိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်ရဲ့ လုံခြုံရေးကို အလုံးစုံ အကာအကွယ် ပြုပေးမှာ ဖြစ်တယ်လို့ သမ္မတဘိုင်ဒင်က ထပ်ပြန်တလဲလဲ ကတိပြု ပြောဆိုထားပါတယ်။

ဖိလစ်ပိုင်နဲ့ အမေရိကန်ကြား လုံခြုံရေး ဆိုင်ရာ အပြန်အလှန် အကာအကွယ်ပြု ပူးပေါင်းဆောင်ရွက်ကြဖို့ ၁၉၅၁ သဘောတူ စာချုပ်လည်း ရှိနေပါတယ်။ အဲဒီ စာချုပ် စက္ကူ သက်သက် မဟုတ်ကြောင်း အခု စစ်ရေးလေ့ကျင့်မှုကနေ သိစေရမယ် ဆိုပြီး အမေရိကန် ရေတပ်ဗိုလ်ချုပ်ကြီး ဝီလျမ် ဂျာနီက ဆိုပါတယ်။

တောင်တရုတ် ပင်လယ်ထဲက ဘယ်အစိတ်အပိုင်းကိုမှ ပိုင်နက်အဖြစ် အမေရိကန် ပြည်ထောင်စုက မကြေညာပေမယ့် အဲဒီမှာ နိုင်ငံတကာ အနေနဲ့ သူတို့ရဲ့ သင်္ဘောတွေကို လွတ်လွတ်လပ်လပ်နဲ့ ဘေးကင်းရန်ကင်း ခုတ်မောင်းနိုင်ဖို့ လိုသလို၊ ဝေဟင်ထက်မှာလည်း အလားတူ ပျံသန်းခွင့် ရှိဖို့လိုတယ်လို့ ဆိုထားပါတယ်။

တောင်တရုတ် ပင်လယ်ပြင် အရေး ငြိမ်းချမ်းစွာ အဖြေရှာတွေ့ဖို့ ဆိုတာ အမေရိကန် ပြည်ထောင်စုရဲ့ အကျိုးစီးပွားနဲ့လည်း တိုက်ရိုက် သက်ဆိုင်နေတယ်လို့ အမေရိကန် ဘက်က ယူဆထားပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။