Wonder Woman ရုပ်ရှင်ကို ဒဲ့ကြီးဝေဖန်ချက်

Local News

ဤစာကို ရေးသင့်မရေးသင့် စဥ်းစားလိုက်ပျင်းလိုက်လုပ်လာခဲ့သည်မှာ အချိန်တစ်ခုကြာခဲ့ပြီ၊

ကြာဆို အကြောင်းအရင်းက ရှိရမည်မဟုတ်လော၊

ရှင်းပါသည်၊လွန်ခဲ့သည့်လေးနှစ်က ထွက်ရှိခဲ့သော

Justice League နှင့်ဥပမာပေးရပေမည်၊

ရုံတင်ခါစ အုတ်အုတ်ကျက်ကျက်ဖြစ်နေစဥ်အတွင်း Bad review ရေးသူမရှိသလောက်ရှား၏၊Joss တွေဘာတွေမသိ၊ ဇာတ်လမ်းအရမ်းမိုက်၏။

 • Bad review ရေးလျှင်အင်မတန်မှမနာလိုစိတ်ကြီးမားသော တစ်ဖက်ရပ်ကွက်သား အလိုအလျောက်ဖြစ်မည်၊လူဆိုးဖြစ်မည်၊ စိတ်ဓာတ်မကောင်းသည့်ကောင်ဖြစ်မည်။

 • အချိန်တစ်ခုရောက်သည့်အခါမှသာ JL မည်သို့မည်ပုံစုတ်ကြောင်း အချက်အလက်များနှင့်တကွ အောင့်သက်သက်နှင့်လက်ခံလာကြသည်မဟုတ်လား၊ Joss ဖျက်​ဆီးမှုကြောင့် ပျက်စီးရပါသည်ဆိုသည့် ထန်းလက်နှင့်ကာသည့်ကိစ္စအား အဖက်လုပ်၍ မပြောချင်ပါ။

 • Wonder Woman 1984 အ​ကြောင်းမပြောခင် WW ဇာတ်ကောင်အားပြောလိုသည်၊ အမျိုးသမီးများ၏ ပြယုဂ်၊နာမည်ကြီး Image တစ်ခု၊ အရင် WW 1 မှာတော်တော်နာမည်ရပြီး fun ဖြစ်ခဲ့စရာတွေ တစ်လှေကြီးရှိခဲ့၏၊ Character development, sound track, plot, CGI အပြစ်ပြောစရာမရှိခဲ့၊ဆီလိုအပေါက်ရှာကြံပြောသည့် ​ဝေဖန်ချက်များသာရှိခဲ့၏။

 • ယခု WW84 မှာ မိဘလက်နှင့်ရေးခဲ့သည်ကို ခြေနှင့်ပြန်ဖျက်သည့်ကားဟုဆိုလျှင် ထိုးနှက်ချက်မှာပျော့ကောင်းပျော့နေဦးမည်ထင်သည်၊ပထမဆုံး scene မှာအတော်ပင်ကောင်း၏။ အံ့ဖွယ်အမျိုးသမီးပေါက်စလေး၏ ငယ်ဘဝအတွေ့အကြုံကိုချပြထားသည်မှာ အတော်ပင်ကြည့်ကောင်း၏၊သို့သော် ဤတွင်ပြီး၏၊ ဤအခန်းမပါ၍ ဇာတ်လမ်းအပေါ်အကျိုးသက်ရောက်ခြင်းမရှိ၊ ဖြတ်လမ်းလိုက်သည်မှာလွဲမှားကြောင်း ဇာတ်လမ်းတစ်လျှောက်လုံး ဘယ်နေရာမှ မသုံးသွား။

 • ကြည့်ဖူးသမျှဇာတ်ကားများအနက် အညံ့ဆုံးသောလူဆိုးဓားပြများဖြင့် လက်ရှိကျောရိုးတည်ထားသောခေတ်သို့ ရောက်လာ၏၊လူဆိုးအလုပ်လုပ်၏၊ မင်းသမီးရောက်လာ၏၊ ကယ်တင်ခြင်းအမှုပြု၏၊ Audience အား အားမာန်တက်ကြွစေမည့် ဤ scene ကြီးအားရိုက်ကူးရာတွင် လွန်စွာမှ cliché ဖြစ်လှသည့်အကွက်များသုံးသည်မှာ အံ့ဩစရာအ​တိ၊ ထိုဒါရိုက်တာမှာ Barbie ကားများအားအလွန်အမင်းစွဲလမ်းနေသူဖြစ်မည်ထင်၏၊ကလေးကလောင်အား ကယ်တင်အပြီး ပြုံးချလိုက်သည်မှာ ကြောက်မက်ဖွယ်ကောင်းလှသည်။

 • ဇာတ်လမ်း၏အဓိကကျောရိုးအဖြစ် အသုံးတော်ခံမည့် လိုတရကျောက်တုံးမှာ ဘာအရှိန်အဝါမှပင် ပြချိန်မရလိုက်၊Objectတစ်ခုအားကျောရိုးယူရမည်ဆိုလျှင် ထို object အား hightlight လုပ်ရမည်မှာ သဘာဝပင်မဟုတ်လော၊ယခုဆိုလျှင် လိုတရကျောက်တုံးခမျာ သူ့အသိုင်းအဝိုင်းတွင် အမေ့သေတ္တာ၊အဆုံး​မဲ့ကျောက်တုံးတို့၏ အလှောင်အပြောင်ကို ခံလိုက်ရမည့်ဖြစ်ခြင်း၊ဒီကောင်လိုသုံးပါကွာဆိုသည့်စကားဖြင့် အိပ်ပျော်မည်မထင်။

 • Cheetah ဖြစ်မယ်ဟေ့ဟု ပြောင်မပြောရုံတမယ် foreshadowing လုပ်လာသည်မှာ ဒေါက်ဖိနပ်၊ကျားသစ်ရုပ်၊ဆိုဖာခုံပေါ်မှ ကျားသစ်သားရေစသည်ဖြင့်စသည်ဖြင့် ဝါးမကျွေးရုံတမယ် ချပြလာသော်လည်း အဘယ့်​​ကြောင့် Cheetah ကြီးဖြစ်ရမည်နည်းဆိုသည့် မေးခွန်းအတွက် အဖြေမရှိ၊Cheetah ဖြစ်ခြင်းက Diana aka Ww ထက်ပိုသာသည်ဆိုသည့်အချက်မှာ မည်သို့မျှဆက်စပ်၍မရ၊အော်အေးအေး ဟုသာအောင့်သက်သက်ဖြင့် ဆက်ကြည့်ရမည့်လူတွေများမည်အသေအချာ၊Cheetah ဆိုသည်ထက် ကြောင်မွေးပေါက်လာသည့် Super Human နှင့်ပိုတူနေသည်။

 • အလယ်တွင်ဖြတ်၍ ချီးကျူးလိုသည်မှာ Maxwell Lord နေရာအားသရုပ်ဆောင်သည့် Pedro Pascal နှင့် Steve Trevor နေရာအားသရုပ်ဆောင်သည့် Chris Pine ဖြစ်သည်၊WW84 ကြီး၏ Rating မှာထိုမင်းသားနှစ်ယောက်မှ မကယ်တင်လျှင် အဝီစိအောက်ရောက်ဖို့ပဲ ရှိချေမည်၊သရုပ်ဆောင်ချက် အပိုအလိုမရှိ၊မျောနေသော ဇာတ်မျောကြီးအား ဆွဲခေါ်သွားသည်မှာ ထိုနှစ်ယောက်ဖြစ်သည်၊အမျိုးသမီးဝါဒီအား အဓိကရိုက်ပြသော အမျိုးသမီးခေါင်းဆောင်ဇာတ်ကားကြီးအား အမျိုးသားနှစ်ယောက်ထမ်းတင်ပေးထားရသည်မှာ ရယ်ချင့်စဖွယ်ကောင်းလှသည်။

 • နောက်တစ်ခုမှာ တစ်ကမ္ဘာလုံးအားရင်ဆိုင်ခဲ့သည်ဟုဆိုသော Golden Armor ကြီးအား Hightlight လုပ်ဖို့ရာမဆိုနှင့်၊လိုသုံးဟုပင် ခေါ်၍မရသည့်တိုင်အောင် ဖျက်ဆီးခြင်းဖြစ်ပေမည်၊သမိုင်းအထောက်အထားနှင့်တကွမည်သို့မည်ပုံမိုက်ကြောင်းအစပျိုးခဲ့သည့် ရွှေရောင်တလက်လက်ဝတ်ရုံကြီးမှာ Character development ပင်တူတူတန်တန်မရှိရှာသော ကြောင်မွေးပေါက်စူပါလူသအမျိုးသမီးလက်ချက်နှင့် အစိတ်စိတ်အမွှာမွှာဖြစ်ရရှာသည်၊Comic writer များအားကျေးဇူးဆပ်ပုံမှာ အံ့ဩမင်သက်စရာကောင်းလှသည်။

 • ကျဥ်းထဲကြပ်ထဲရောက်နေချိန်တွင် ကယ်တင်ရှင်ပေါ်လာသည့် Power Ranger logic သာသာအကွက်ကြီးလည်းရှိသေး၏၊ထိုအရာမှာအခြားမဟုတ်၊ကော်ဖီခွက်တစ်ခွက်ဖျောက်ဖူးသည်ဟုစကားခံကာ လေယာဥ်ကြီးတစ်စင်းလုံး ဇုတ်ခနဲဖျောက်ပြလိုက်သည့် အကွက်ကြီးဖြစ်ပေသည်။

 • နှစ်နာရီကျော် screentime ကြီးမှာအစပိုင်းဆယ်မိနစ်ခန့်လောက်ပင် ဆွဲဆောင်မှုမရှိပဲ လေသလပ်ထားသည့်အကြော်ပမာ ပျဥ်းတွဲတွဲနိုင်လှသည်၊side character များမှာလည်းဖြတ်လျှောက်သာသာ၊တိုက်ခန်းခိုက်ခန်းများမှာလည်း နည်းသည့်ကြားမှ အနှစ်မပါ၊Epic မဖြစ်၊logic မကျ၊ကြက်ဥခေါက်မုန့်ဖြင့်လုပ်ထားသည့် ပစ္စတိုသေနတ်လိုအရာမျိုးစိတ်ထဲမတင်မကျဖြစ်စရာတွေဒုနဲ့ဒေး၊ဆီလိုအပေါက်ရှာရသော် ပြေးသည့်အခန်းပင်လျှင် ကြည့်ရတာစိတ်ထဲဘဝင်မကျ၊Justice League ဇာတ်ကား၏နောက်ဆုံးအခန်းတွင် The Flash တစ်ယောက်ပုံဆိုးပန်းဆိုးပြေးနေသည့်အကွက်၏ ဒုတိယမျိုးဆက်ဖြစ်ပေမည်၊အဆိုးဆုံးမှာ Max တစ်ယောက်သူ့သားအား အပူတပြင်းလိုက်ရှာနေချိန်တွင် ခြုံထဲမှာ တူတူရေဝါးဆိုပြီးထွက်လာသည့်အကွက်မျိုးဖြစ်ပေမည်။

 • နောက်ဆုံးပိတ်အချက်အလက်များအနေဖြင့်

Superman တစ်ယောက် လက်ထဲတွင် gravity force တစ်ခုဖန်တီး၍လက်ကိုရှေ့ဆန့်ပျံသန်းသည်ဆိုသည့် မြန်မာနိုင်ငံမှထွက်ရပ်ပေါက်ပုဂ္ဂိုလ်များအား fan service ပေးပြီးမျက်ခွက်တံတွေးနှင့်တည်ထွေး၍ ကျေးဇူးဆပ်သည့်အကွက်ဖြစ်ပေမည်၊နောက်တစ်ချက်အနေဖြင့် မင်းသမီးကယ်သည့်ပြည်သူများမှာ အမျိုးသမီးသီးသန့်ဖြစ်၍ ယောက်ျားဆိုလျှင် ဘယ်ယောက်ျားမှမကောင်း၊အကုန်လူယုတ်မာတွေချည်းဟု မသိမသာရိုက်သွင်းအဆိပ်ခတ်သည့် အကွက်ဖြစ်ပေသည်၊ပိုဆိုးသည်မှာကား ဇာတ်သိမ်းခါနီး မင်းသမီးမှာ Steve ဝင်စားသည့်လက်ခံကောင်အား ဝါးစားမတတ်မျက်လုံးဖြင့်ကြည့်သည့်အခန်းတွင် Gender နှစ်ခုနေရာပြောင်းကြည့်ပါက ဤသနားစရာသတ္တဝါခမျာ အချုပ်ခန်းထဲသို့ရောက်ကောင်းရောက်နေလိမ့်မည်။

 • ရေးရင်းရေးရင်းဤနေရာအထိရောက်လာသည်မှာ အတော်ပင်ရှည်သွားလေပြီ၊Sound track နှင့် CGI အားပြောဖို့ပင်အားမရှိတော့၊ဤနေရာအထိဆိုလျှင်ပင် အတော်များပြီး တော်သင့်ပြီထင်သောကြောင့် အားနာနာနှင့်ရပ်လို​က်ပါသည်။

crd#Alluminiti Myanmar

Leave a Reply