ဂတ်စ်တန်းစီရင်း အချိန်ကုန်၊ လူပန်း၊ ဝင်ငွေလျော့ကျလာသည့် CNG ကားသမားများဘဝ

Local News
ဂတ်စ်တန်းစီရင်း အချိန်ကုန်၊ လူပန်း၊ ဝင်ငွေလျော့ကျလာသည့် CNG ကားသမားများဘဝ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဂတ်စ်တန်းစီရင်း အချိန်ကုန်၊ လူပန်း၊ ဝင်ငွေလျော့ကျလာသည့် CNG ကားသမားများဘဝ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဂတ်စ်တန်းစီရင်း အချိန်ကုန်၊ လူပန်း၊ ဝင်ငွေလျော့ကျလာသည့် CNG ကားသမားများဘဝ

ကိုကျော်ကျော် (အမည်လွှဲ)သည် တာမွေမြို့နယ်အတွင်းရှိ တိုက်ခန်းတစ်ခုတွင် မိသားစုနှင့်အတူ နေထိုင်သူဖြစ်ပြီး အငှားယာဉ် (TAXI) မောင်းနှင်သည့်အလုပ် ဖြင့် အသက်မွေးဝမ်းကြောင်းကာ မိသားစုစားဝတ်နေရေးအတွက် ပုခုံးထမ်း ထားရသူတစ်ဦးဖြစ်သည်။ တစ်ရက်လျှင် အုံနာကြေး ကျပ် ၁၅,၀၀၀ ပေးရသည့် သဘာဝဓာတ်ငွေ့ (CNG) သုံး တစ်ပတ်နွမ်း Toyota Corolla ကားလေးသည် ကိုကျော်ကျော်တို့မိသားစုအတွက် အဓိကကျေးဇူးရှင်ပင်ဖြစ်သည်။

အသောက် အစားကင်းရှင်းသူတစ်ဦးဖြစ်သလို ကိုယ်ပိုင်ဆိုင်သည့်ကားကဲ့သို့ စည်းကမ်းရှိရှိ ထိန်းသိမ်းတက်သူဖြစ်သဖြင့် ကားပိုင်ရှင်က ယုံယုံကြည်ကြည် အိမ်ပေးထားခဲ့ သည်။ ၎င်းသည် တစ်နေ့တာဝင်ငွေအတွက် မနက် ၆ နာရီထိုးသည်နှင့် ကားပေါ် ရောက်နေတက်သူဖြစ်ပြီး ညနေ ၆ နာရီခွဲခန့်တွင် ကားသိမ်းကာ အုံနာကြေး သွားပေးပြီး အိမ်ပြန်ရောက်နေတက်သူဖြစ်သည်။

ယခုနောက်ပိုင်း ကိုကျော်ကျော့်အားတွေ့ရနည်းလာသည်ကို သတိထားမိသည်။ မနက်ဆိုလျှင် မိုးမလင်းခင် ကားထွက်သွားပြီး ညဆိုလျှင်လည်း မိုးတော်တော် ချုပ်မှ အိမ်ပြန်ရောက်လာသည်။ တစ်ရက် သူနဲ့ဆုံဖြစ်ရင်တော့ အကျိုးအ ကြောင်း မေးမြန်းကြည့်ဦးမည်ဟု တွေးထားခဲ့သည်။

တစ်ရက်တော့ ကားငှားစီးရမည့် ကိစ္စတစ်ခုကြောင့် လမ်းထိပ်နားတွင် ဂိတ်ထိုး ထားသည့် ၎င်း၏ကားကို တကူးတက သွားငှားစီးလိုက်သည်။ ကားပေါ်မှာ ထွေ ရာလေးပါးပြောရင်း မိမိက စကားစကြည့်လိုက်သည်။ “ဒီနောက်ပိုင်း မနက်အ စောကြီး ကားထွက်သွားပြီး ညဆို မိုးချုပ်မှအကိုပြန်လာတာ ကျွန်တော်သတိ ထားမိတယ်။ ကားဆွဲရတာအဆင်မပြေလို့လား” ဟု စကားစကြည့်လိုက်သည်။

ထိုအချိန်တွင် နောက်ကြည့်မှန်ထဲမှ ကိုကျော်ကျော့်၏မျက်နှာကို သတိထား ကြည့်မိသည်။ စိတ်ပျက်လက်ပျက်ရှိနေဟန်ဖြင့် “ဟုတ်တယ်အကိုရေ ကားဆွဲ မကောင်းတာလည်းပါသလို အဓိက,ကတော့ CNG ပြဿနာကြောင့် ပေါ့ဗျာ” ဟု ဆိုလာခဲ့သည်။ ၎င်းကဆက်ပြီး “မနက်ဆို (၃)နာရီခွဲတာနဲ့ CNG ဆိုင်ပြေးရ တော့တာပဲ။ အဲ့တာတောင် ကားတန်းက အမြဲပြည့်နေတာ။ အဲ့အချိန်က စတန်း စီတာတောင် ဆိုင်ဖွင့်ပြီး ၆ နာရီကျော်ကျော်လောက်မှ ကိုယ့်အလှည့်ရောက် တယ်။ ကျွန်တော့်ကားက ၇၀ အိုး၊ ပုံမှန်ဆို ၇၀ အိုးတွေက လေးနာရီနီးပါး လောက်တော့ မောင်းလို့ရတယ်။ ထည့်ပေးတာပဲ အရင်လို မပြည့်တာလား။ အိုးကပဲ သိပ်မကောင်း‌တော့တာလား မသိပါဘူးဗျာ။ ခုနောက်ပိုင်း နှစ်နာရီ တောင် မောင်းမရချင်ဘူး။ အဲ့တော့ နေ့လည်တစ်ခေါက် ပြန်စီရပြန်ရော။ တစ် ခါတန်းစီရင် ၂ နာရီလောက်ကုန်ရော။ တစ်နေ့ ၃ ခေါက်လောက်စီရတော့ ဂတ်စ်ဆိုင်မှာတင် ၇ နာရီ လောက်က အချိန်ကုန်နေတာ။ တကယ်မောင်းရချိန် က ဘာမှမရှိဘူး။ တစ်ခေါက်ဖြည့်ရင် ၂၀၀၀ ကျပ်ကျော်လောက်ပဲကျပေမယ့် အချိန်အကြာကြီးစောင့်ရတာ အဆင်ကိုပြေမနေပါဘူးဗျာ။ ပြီးတော့ CNG ကားဆို လူတွေက ဆီကားလောက် ဈေးတောင်းမရပြန်ဘူး။ အုံနာခရဖို့တောင် မနည်းရုန်းနေရတော့ ပုံမှန်ထက်ကို အချိန်ပေး ရှာနေရတော့တာပေါ့ဗျာ” ဟု လက်ရှိကြုံတွေ့နေရသည့် CNG တန်းစီရသော အခက်အခဲကို ရင်ဖွင့်လာခဲ့ သည်။

ကိုကျော်ကျော်ပြောပြသည့် အကြောင်းအရာများကို မိမိလည်းသတိထားမိနေ ခဲ့သည်။ ၎င်းကြုံနေရသကဲ့သို့ အချိန်ကြာမြင့်စွာ ဂတ်စ်တန်းစီရသည့် အခက်အ ခဲကို ကားကြီး၊ ကားသေးမရွေး CNG ကားသမားတိုင်းရင်ဆိုင်နေရသည်။ CNG ဆိုင်‌များတွင် နည်းနည်းနောနောမဟုတ်သော ကားတန်းကြီးကို ယခုနောက်ပိုင်း အမြဲလိုလိုမြင် တွေ့လာရသည်။

တစ်ရက်ဆိုလျှင် သာကေတ(၁၀)ဈေးအနီးရှိဂတ်စ်ဆိုင်တွင် နှစ်ထပ်ရပ်၍ တန်း စီထားသောကားတန်းမှာ သံလျင်တံတားအဆင်းလမ်း တိုင်းရင်းသားကျေးရွာ ရှေ့အထိ ရောက်နေခဲ့သလို ကြက်/ဘဲဈေးအနီးရှိ ဂတ်စ်ဆိုင်တွင် တန်းစီထား သောကားတန်းမှာ ပုဇွန်တောင်-ဒေါပုံချိတ်ဆက်ထားသည့် ဂျပန်တံတားပေါ်ထိ ရောက်နေသည်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသည်။ ဤအကွာအဝေးဆိုလျှင် ဂျပန် တံတားပေါ် ရောက်နေသည့်ကားသည် ဂတ်စ်ရရန်အတွက် အနည်းဆုံး ၃၊ ၄ နာ ရီခန့် ကြာမြင့်သွားနိုင်သည်။

ယခုနောက်ပိုင်း ရန်ကုန်မြို့အတွင်းရှိ ဂတ်စ်ဆိုင်တိုင်းတွင် ရှည်လျားလှသော ကားတန်းကြီးကို မြင်တွေ့လာရသည်။ ဂတ်စ်တန်းစီရသည်မှာ အပိုအလုပ်တစ် ခုဖြစ်လာခဲ့ပြီး အချိန်ကုန်၊ လူပန်း၊ ဝင်ငွေလျော့ကျလာသည့် အခက်အခဲများကို CNG ကားသမားတိုင်း ကြုံတွေ့ခံစားနေကြရသည်။ ယခုပုံစံအတိုင်းဆိုလျှင် CNG ကားသမားများအတွက် ရေရှည်တွင် မလွယ်ကူနိုင်ဘဲ ခက်ခက်ခဲခဲ ရုန်း ကန်လာရဖို့ရှိနေသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း သဘာဝဓာတ်ငွေ့ အရောင်းဆိုင်ပေါင်း ၄၂ ဆိုင် ဖွင့်လှစ်ထားပြီး ၃၂ ဆိုင်တွင် CNG သုံး အိမ်စီးကားနှင့် အငှားယာဉ်များအပါ အဝင် YBS ခရီးသည်တင်ယာဉ်များပါ ဖြည့်သွင်းနိုင်သည်။ YBS ယာဉ် များသီး သန့်ဖြည့်သွင်းခွင့်ရှိသောဆိုင်မှာ ဆိုင်ပေါင်း ၂၀ ခန့်သာရှိသည်။ လျှပ်စစ်မီး လုံ လောက်စွာမရရှိခြင်းသည်လည်း CNG ဆိုင်များ၏ ပြဿနာတစ်ရပ် ဖြစ်လာခဲ့ သည်။ လျှပ်စစ်မီးလုံလောက်စွာမရရှိပါက ကားများမှာ CNG လုံလောက်စွာ မရရှိဘဲ Pressure မပြည့်သည့်အတွက် အမောင်းမခံကြောင်းလည်း အငှား ယာဉ်မောင်းများထံမှ ပုံမှန်လိုလို ကြားနေရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သဘာဝဓာတ်ငွေ့ (CNG) အရောင်းများကို ယခင်က မနက် ၅ နာရီမှ ည ၉ နာရီ အထိ ဖွင့်လှစ်ခဲ့ရာမှ ယခုနောက်ပိုင်းတွင် မနက် ၅ နာရီမှ ည ၁၀ နာရီခွဲအထိ အချိန်တိုးမြှင့် ဖွင့်လှစ်ပေးခဲ့ပေမယ့် CNG တန်းစီနေကြတဲ့ ကားတန်းကြီးကတော့ လျော့မသွားသေးဘဲ ကားသမားများ အချိန်ပေးစောင့်ဆိုင်းနေကြ ရသည်ကို မြင်တွေ့နေရဆဲပင်ဖြစ်သည်။

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မော်တော်ယာဉ်သုံး သဘာဝဓာတ် ငွေ့ဌာန၏ ပြောကြားချက်များအရ တစ်ရက်လျှင် CNG ကုဗသန်းပေါင်း ၁၈ သန်းကျော်အထိ ရောင်းချပေးနေကြောင်း သိရှိရသော်လည်း ကားသမားများ အတွက် CNG ရရှိရေးသည် တစ်နေ့တစ်ခြား ပိုမိုခက်ခဲလာသည်ကို တွေ့ရှိရ သည်။

ယခင်က လျှပ်စစ်မီးပြတ်တောက်နေသည့်အချိန်များတွင် မီးစက်ဖြင့် CNG ဖြည့်သွင်းပေးခဲ့သော်လည်း ယခုနောက်ပိုင်း လျှပ်စစ်မီးပြတ်တောက်နေ သည့် အချိန်များတွင် CNG ဆိုင်များမှ ဂတ်စ်ဖြည့်သွင်းပေးခြင်းမရှိတော့ဘဲ လုံးဝရပ်နားပစ်လိုက်သည့် ဖြစ်စဉ်များကြောင့် ယခုကဲ့သို့ ကားများ CNG ရရှိရန် အချိန်ကျန့်ကြာစွာ စောင့်ဆိုင်းနေရမှုများရှိလာခြင်းဖြစ်သည်။

မီးပြတ်တောက်နေသည့်အချိန်များတွင် ယခင်ကဲ့သို့ မီးစက်ဖြင့် CNG မပေး တော့သည့်အကြောင်းမှာ စက်သုံးဆီစျေးနှုန်းမြင့်တက်လာမှုများကြောင့် ဖြစ် နိုင်သည်ဟု ကားသမားများထံမှ ကြားသိခဲ့ရသည်။

CNG ပြဿနာသည် အငှားယာဉ်မောင်းများသာမကဘဲ YBS ယာဉ်မောင်းများ လည်း ကြုံတွေ့ခံစားနေကြပြီး CNG အခက်အခဲကြောင့် YBS ပြေးဆွဲမှု လျော့ နည်းလာခြင်းများ ရှိလာနေသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်လိုင်း ၁၁၆ လိုင်းမှ CNG အသုံးပြု ပြေးဆွဲ နေသည့် YBS ယာဉ်အစီးရေ ၅၀၀၀ ကျော်ရှိနေပြီး ခရီးသည် ၁၃ သန်းကျော်ကို ဝန်ဆောင်မှုပေးနေသည့်။ YBS ယာဉ်များ CNG မရရှိမှု ကျန့်ကြာမှုများကြောင့် ယခုနောက်ပိုင်း ပြေးဆွဲနေသည့် YBS ယာဉ်များ လျော့နည်းလာခဲ့ပြီး ကားမှတ် တိုင်များတွင် ခရီးသည်များ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရသည့် ပြဿနာများ လည်း ရှိလာခဲ့သည်။

“တစ်နေကုန်မှ နှစ်ဝိုင်းပဲမောင်းရတယ်၊ တစ်ဝိုင်းမောင်းရင် ၄၅၀၀ ပဲရတယ်။ တစ်နေကုန်မောင်းမှ ၉၀၀၀ ပဲရတယ်။ ဂက်စ်တွေကို ညဘက်ပေးမဖြည့်တာ အတော်လေးကိုအဆင်မပြေဘူး။ ဂက်စ်တစ်ခါတစ်ခါ ဖြည့်ရဖို့ စောင့်ရတာ သုံးနာရီလောက်။ တစ်နေ့လုံးမောင်းမှ ကိုးထောင်ပဲရတော့ မိသားစုဘာနဲ့သွား စားမလဲ။ နေ့လည်စာတစ်နပ်တောင် နှစ်ထောင်ကျော်၊ သုံးထောင်ကျနေပြီ။ ဒါ တောင် ကျွန်တော်က မသောက်တတ်မစားတတ်သူမို့လို့၊ သောက်တတ်စား တတ်တဲ့သူတွေဆို အိမ်ကိုပြန်ပေးနိုင်ရင် ငါးထောင်မကျော်ဘူး။ ခရီးသည် ဘတ်စ်ကားတွေကိုတော့ ညဘက်ပေးဖြည့်သင့်ပါတယ်ဗျာ” ဟု YBS ယာဉ် မောင်းတစ်ဦးက ပြောကြားခဲ့သည်။ (တစ်ဝိုင်းဆိုသည်မှာ ခရီးစဉ် အစ၊ အဆုံး အသွား၊ အပြန် တစ်ကြောင်းစာကို ဆိုလိုသည်)

CNG ပြဿနာသည် ရေရှည်တွင် ပိုမိုခက်ခဲလာဖို့ရှိနေပြီး မြန်မာ့ရေနံနဲ့ သဘာဝ ဓာတ်ငွေ့လုပ်ငန်း မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာနမှ မည်သို့မည်ပုံ ဖြေရှင်းနိုင်မလဲဆိုသည်ကို ဆက်လက်စောင့်ကြည့်ရပေဦးမည်။ ဖြေရှင်းပုံဖြေ ရှင်းနည်း ပထမခြေလှမ်းအနေဖြင့် ယခင် ည ၉ နာရီအထိ ဖွင့်လှစ်ရာမှ ယခု နောက်ပိုင်း ည ၁၀ နာရီခွဲအထိ ဖြည့်ခွင့်ပြုခြင်းသည်လည်း ဖြေရှင်းနည်း ကောင်း မဟုတ်သေးကြောင်း မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာနမှ တာဝန်ရှိသူများ သိသင့်သည်။

အချိန်တစ်နာရီခွဲ တိုးပေးလိုက်ရုံနဲ့တော့ CNG ရဖို့ ရုန်းကန်နေရတဲ့ ကားသမားတွေရဲ့ အခက်အခဲကို ဖြေရှင်းရာ မရောက်ပါ ဘူး။ တစ်နေ့မှာ ၇ နာရီ၊ ၈ နာရီလောက် ဂတ်စ်ရဖို့အရေး အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရတဲ့ ကားသမားများရဲ့ဘဝတွေဟာ ဂတ်စ်တန်းစီရင်း အချိန်ကုန်၊ လူပန်း၊ ဝင်ငွေလျော့ကျလာခြင်းများနဲ့အတူ ရပ်တည်ရန် ခက်ခဲလာနိုင်ပြီး ပိုမို ရုန်းကန်လာရဖို့ရှိနေသည်။

ရေးသားသူ – ယနေ့ခေတ်

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။