အင်အားကြီးနိုင်ငံတွေကြား ပင်လယ်ကြမ်းပြင်မှာဓာတ်သတ္တုတွေ အပြိုင်အဆိုင် ရှာဖွေနေကြ

International News
အင်အားကြီးနိုင်ငံတွေကြား ပင်လယ်ကြမ်းပြင်မှာဓာတ်သတ္တုတွေ အပြိုင်အဆိုင် ရှာဖွေနေကြ

ပထဝီနိုင်ငံရေးဟာ ကုန်းမြေနဲ့ပင်လယ်မှာတင်မဟုတ်တော့ဘဲ နောက်ထပ်နေရာသစ်တွေဆီကို တိုးလာပါပြီ။ နက်ရှိုင်းတဲ့ ပင်လယ်ကြမ်းပြင်ဆီကို ရောက်လာတာပါ။ ပင်လယ်ရေမျက်နှာပြင်အောက် မီတာများစွာ နက်ရှိုင်းတဲ့နေရာတွေမှာ ဓာတ်သတ္တု သယံဇာတတွေ ရှိနေပါတယ်။ အဲဒီထဲမှာ အများစုက ရာသီဥတုပြောင်းလဲမှုအရေးကို ရင်ဆိုင်တဲ့နေရာမှာ စွမ်းအင်ဆိုင်ရာအသွင်ကူးပြောင်းမှုအတွက် အရေးပါလှတဲ့ ဓာတ်သတ္တုတွေပါ။

သတ္တုရှာဖွေရေး စာချုပ်တွေက ပိစိဖိတ် သမုဒ္ဒရာမြောက်ပိုင်းက ကလယ်ရီယွန် – ကလစ်ပါတန် ဇုန်မှာ အများဆုံးဖြစ်

ပင်လယ်ကြမ်းပြင်က သတ္တုဓာတ်တွေကို စစ်ပစ္စည်းတွေနဲ့ lat nat တွေ ထုတ်လုပ်ရာမှာလည်း အသုံးပြုကြပါတယ်။

အခုအချိန်အထိတော့ ပင်လယ်ကြမ်းပြင်ကနေ သတ္တုတွေတူးဖော်ယူတာမျိုးမရှိသေးပေမဲ့ ဒီလိုတူးဖော်နိုင်ဖို့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ရုရှားတို့အပါအဝင် နိုင်ငံအတော်များများနဲ့ ပုဂ္ဂလိကပိုင်ကုမ္ပဏီတွေက အပြိုင်အဆိုင် လုပ်ဆောင်နေကြပါတယ်။

ကုလသမဂ္ဂဆိုင်ရာစာချုပ်တွေနဲ့အညီလုပ်ကိုင်တဲ့ နိုင်ငံတကာပင်လယ်ကြမ်းပြင်အာဏာပိုင်အဖွဲ့ (International Seabed Authority – ISA)ကနေ ရှာဖွေတူးဖော်ခွင့် လိုင်စင်တွေ ရယူပြီးတဲ့နောက် နိုင်ငံဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ကုမ္ပဏီတွေဟာ ပစိဖိတ်သမုဒ္ဒရာမြောက်ပိုင်းက ကလယ်ရီယွန် – ကလစ်ပါတန်ဇုန် (Clarion-Clipperton Zone)၊ အတ္တလန္တိတ်သမုဒ္ဒရာမြောက်ပိုင်းက အတ္တလန္တိတ် တောင်ကြော၊ အိန္ဒိယသမုဒ္ဒရာနဲ့ ပစိဖိတ်သမုဒ္ဒရာအနောက်မြောက်ပိုင်းစတဲ့နေရာတွေမှာစပြီး ရှာဖွေနေကြပါပြီ။

အမေရိကန်က သူ့ပြည်တွင်းပိုင်နက် ပင်လယ်ကြမ်းပြင်ကနေ ဒီလိုဓာတ်သတ္တုတွေကို ရှာဖွေတူးဖော်နိုင်ဖို့ အရှိန်မြှင့်လုပ်ဆောင်နေပါတယ်။ အမေရိကန်ဟာ ကုလသမဂ္ဂရဲ့ ပင်လယ်ဥပဒေ (Law of the Sea)ကို သဘောတူကြောင်း လက်မှတ်မထိုးထားသေးတဲ့အတွက် နိုင်ငံတကာပင်လယ်ရေပြင်နဲ့ နိုင်ငံတခုခုရဲ့ အုပ်ချုပ်မှုအောက်မှာ မရှိသေးတဲ့ပင်လယ်ရေပြင်တွေမှာ သူတို့အဲဒီအလုပ်မျိုးတွေကို မလုပ်သေးပါဘူး။

ISA က ခွင့်ပြုပေးထားတဲ့ ရှာဖွေတူးဖော်ရေးစာချုပ် ၃၁ ခု အနက် ၁၇ ခုက ဟာဝိုင်အီနဲ့ မက္ကဆီကိုကြားက ကလယ်ရီယွန်-ကလစ်ပါတန်ဇုန်တွင်းမှာဖြစ်ပြီး အဲဒီမှာ ပိုလီမက်တဲလစ်အခဲတွေကို ရှာဖွေကြဖို့ပါ။ အာလူးပုံရှိတဲ့ဒီအခဲတွေကို ပင်လယ်ကြမ်းပြင်ပေါ်မှာတွေ့နိုင်ပြီး အဲဒီအခဲတွေမှာ မန်းဂနိစ်၊ ကိုဘော့၊ နီကယ်၊ ကြေးနီစတဲ့သတ္တုဓာတ်တွေ ပါဝင်နေပါတယ်။

အဲဒီဓာတ်သတ္တုတွေနဲ့ လစ်သီယမ်နဲ့ ဂရက်ဖိုက်တို့အပါအဝင် တခြားဓာတ်သတ္တုတွေကို လျှပ်စစ်ကားတွေ၊ ဆိုလာပြားတွေ၊ လေအားလျှပ်စစ်ထုတ်တာဘိုင်စက်တွေ၊ ဘက်ထရီတွေမှာ သုံးကြပါတယ်။

ပင်လယ်ကြမ်းပြင် နေရာအမျိုးမျိုးမှာ စူးစမ်းရှာဖွေရေး စာချုပ် ၃၀ လောက် ရှိနေပေမဲ့ သတ္တုတူးဖော်တာ တခုမှ မရှိသေး

သန့်ရှင်းစွမ်းအင် ကူးပြောင်းရေးကို ကမ္ဘာမှာ စတင်လုပ်နေကြတဲ့အတွက် ဒီလိုသတ္တုတွေ ဝယ်လိုအားပိုများလာမယ်လို့ မှန်းနေကြရာကနေ နက်ရှိုင်းတဲ့ ပင်လယ်ကြမ်းပြင်မှာ သတ္တုတူးဖော်ဖို့ ပိုစိတ်ဝင်စားလာနေကြပါတယ်။

နိုင်ငံတကာစွမ်းအင်အေဂျင်စီရဲ့ အဆိုအရ လျှပ်စစ်ကားတွေက အရင်လိုကားတွေထက် ဓာတ်သတ္တု ၆ ဆလောက် ပိုလိုအပ်ပြီး၊ လျှပ်စစ် ၁ မဂ္ဂါဝပ်ရနိုင်ရေးအတွက် သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်‌‌ရေးထက် ကမ်းလွန်ပင်လယ်လေအားလျှပ်စစ်ထုတ် တာဘိုင်တွေက ဓာတ်သတ္တု ၁၂ ဆ လိုအပ်ကြောင်း သိရပါတယ်။

ဝယ်လိုအားကို ပြည့်မီဖို့ ဒီလိုဓာတ်သတ္တုတွေထုတ်လုပ်မှုက ၂၀၅၀ ခုနှစ်မှာ အခုထက် ၅ ဆ တက်ဖို့လိုလိမ့်မယ်လို့ ကမ္ဘာ့ဘဏ်က မှန်းဆထားပါတယ်။ သဘောကတော့ လေစွမ်းအင်သုံး၊ နေရောင်ခြည်သုံး၊ မြေတွင်းအပူအားသုံးစွမ်းအင်ထုတ်လုပ်ငန်းတွေအတွက် ဓာတ်သတ္တု တန်ချိန် ၃ ဘီလျံကျော်လိုအပ်ပါတယ်။

ပင်လယ်တွင်းမှာ သတ္တုတူဖော်ရေးကို အားပေးကြသူတွေက ကုန်းမြေမှာ သတ္တုတူးဖော်တာတွေက သိပ်ကိုများလွန်းနေပြီဖြစ်တဲ့အတွက် ဒီလိုအစဉ်အလာ သတ္တုတွင်းတွေကနေရလာမယ့် ဓာတ်သတ္တုတွေက လိုအပ်မှုအတိုင်းအတာကို ဖြည့်ဆည်းနိုင်မှာ မဟုတ်တော့ဘူးလို့ ပြောကြပါတယ်။

ကုန်းမြေပေါ်က ဒီလိုသတ္တုတွေတူးဖော်ရေးမှာ လက်ရှိအချိန်အထိ လွှမ်းမိုးထားတဲ့ နိုင်ငံအရေအတွက်က အနည်းငယ်သာရှိပါတယ်။ ကမ္ဘာမှာ လစ်သီယမ်အများဆုံးထုတ်လုပ်တာက သြစတြေးလျဖြစ်ပြီး ချီလီက ကြေးနီအများဆုံးထုတ်ပါတယ်။ စမတ်ဖုန်းနဲ့ ကွန်ပျူတာတို့လို အဆင့်မြင့်နည်းပညာသုံး ကုန်ပစ္စည်းတွေပြုလုပ်ရာမှာ လိုအပ်တဲ့ ဂရက်ဖိုက်နဲ့ မြေရှားဓာတ်သတ္တုတွေကို တရုတ်က အများဆုံး ထုတ်လုပ်ပါတယ်။ ကွန်ဂို ပြည်သူ့သမ္မတနိုင်ငံ၊ အင်ဒိုနီးရှားနဲ့ တောင်အာဖရိကတို့ကတော့ ကိုဘော့၊ နီကယ်၊ ပလက်တီနမ်နဲ့ အီရီဒီယမ် စျေးကွက်တွေကို လွှမ်းမိုးထားတာပါ။

၂၀၂၂ ခုနှစ်မှာ အိန္ဒိယနိုင်ငံဟာ စမ်းသပ်တူးဖော်မှုအနေနဲ့ အိန္ဒိယသမုဒ္ဒရာထဲကနေ ပိုလီမက်တဲလစ်အခဲတွေအချို့ကို စုဆောင်းခဲ့ပါတယ်

ပိုလီမက်တဲလစ် အခဲတွေထဲမှာ ဓာတ်သတ္တုအမျိုးမျိုးပါပြီး အဲဒီထဲမှာ နီကယ်၊ ကိုဘော့၊ ကြေးနီတို့က တန်ဖိုး အကြီးဆုံးအရာတွေဖြစ်

ပင်လယ်နက်နက်ထဲကို တရုတ်က ဒိုက်ထိုးဝင်လာ

တရုတ်က သူ့ရဲ့ပိုင်နက် နယ်မြေပြင်ပမှာ ဒီလိုဓာတ်သတ္တုတချို့ကို အားသွန်စိုက်ပြီး တူးဖော်နေတဲ့ အရေးက ပထဝီနိုင်ငံရေးဆိုင်ရာသူ့ရဲ့ ပြိုင်ဖက်တွေအကြား စိုးရိမ်မှုကို တိုးလာစေပါတယ်။ အခုတော့ တရုတ်က ပင်လယ်နက်နက်မှာ ဒါတွေကို ရှာဖွေ တူးဖော်ဖို့ လုပ်လာပါပြီ။

ISA ထုတ်ပေးထားတဲ့ လိုင်စင်တွေထဲက ၅ ခုကို တရုတ်က ရထားပါတယ်။ နိုင်ငံတစ်နိုင်ငံအဖို့ ဒီအရေအတွက်က အများဆုံးပါ။ အိန္ဒိယက လိုင်စင် ၂ ခု ရထားပြီး နောက်ထပ် ၂ ခုရဖို့ တင်ထားပါတယ်။ ရုရှားမှာ လိုင်စင် ၄ ခုရှိပြီး ၅ ခုမြောက်က တခြားနိုင်ငံတွေနဲ့ ပူးတွဲပြီး ရယူထားတာပါ။

အမေရိကန်မှာ အခြေစိုက်ပြီး ပထဝီနိုင်ငံရေးနဲ့ ထောက်ပို့ကွင်းဆက် အချက်အလက်ဆိုင်ရာအထောက် အကူပေးရေးအဖွဲ့(Horizon Advisory) ကို ပူးတွဲတည်ထောင်သူ နေသန် ပစ်ကာဆစ်ခ်က “ပထဝီနိုင်ငံရေး တင်းမာမှုတွေ မြင့်လာတာနဲ့ စွမ်းအင်ထုတ်လုပ်ရေး အသွင်ပြောင်းဖို့ လုပ်လာတာတွေ ပေါင်းဆုံလာတဲ့နောက် အရေးပါတဲ့ သတ္တုတွေကို ရှာဖွေတူးဖော်ဖို့၊ သန့်စင်ဖို့၊ အသုံးပြုနိုင်ဖို့ စတဲ့နေရာတွေမှာ နိုင်ငံတွေက အရှိန်မြှင့်ပြီး လုပ်လာနေကြတယ်” လို့ ပြောပါတယ်။

ဒီလို သတ္တုတွေကို သန့်စင်တဲ့လုပ်ငန်းတွေမှာ တရုတ်က ရထားတဲ့လုပ်ငန်းပမာဏအတိုင်းအတာကို ပထဝီနိုင်ငံရေး ပြိုင်ဖက်တွေက အဓိက စိုးရိမ်နေပါတယ်။

နိုင်ငံတကာ ပြည့်ဖြိုးမြဲရင်းမြစ်သုံးစွမ်းအင်အေဂျင်စီရဲ့ အဆိုအရ အဆင့်မြင့်သန့်စင်ရေးလုပ်ငန်းနည်းပညာတွေရထားပြီး ဒီလုပ်ငန်းမှာ ဆယ်စုနှစ်ပေါင်းများစွာ အတွေ့အကြုံရှိနေပြီဖြစ်တဲ့ တရုတ်ဟာ ကမ္ဘာမှာ ဂရက်ဖိုက်နဲ့ ဒစ်စ်ပရိုဆီယမ် သန့်စင်ထုတ်လုပ်ရေးရဲ့ ၁၀၀ ရာခိုင်နှုန်း၊ ကိုဘော့ဆိုရင် ၇၀ ရာခိုင်နှုန်း၊ လစ်သီယမ်နဲ့ မန်းဂနိစ်မှာ ၆၀ ရာခိုင်နှုန်းနီးပါး စတာတွေကို ရရှိထားပြီးပါပြီ။

ဒါ့အပြင်တရုတ်အစိုးရဟာ သန့်စင်ရေးနည်းပညာတွေနဲ့ ဓာတ်သတ္တုတချို့ကို နိုင်ငံခြားကို မတင်ပို့ဖို့ ပိတ်ပင်မှုများစွာလုပ်ထားပြီးပါပြီ။ ဒီလိုလုပ်ရတာက နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးနဲ့ အမျိုးသား အကျိုးစီးပွားတို့ကို ကာကွယ်စောင့်ရှောက်ဖို့ဖြစ်တယ်လို့ တရုတ်က ပြောပါတယ်။

တရုတ်မှာ ဒီလိုပိတ်ပင်တာတွေရဲ့ နောက်ဆုံးအဖြစ်ကတော့ လျှပ်စစ်ကားတွေ၊ လေစွမ်းအင်သုံး တာဘိုင်စက်တွေမှာ အသုံးပြုတဲ့ မြေရှားဓာတ်သတ္တုသံလိုက်တွေ ထုတ်လုပ်တဲ့နည်းပညာကို ပြည်ပကို မပို့ဖို့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာက ပိတ်ပင်လိုက်တာပါ။

၂၀၂၃ ခုနှစ်၊ သြဂုတ်လမှာလုပ်တဲ့ အရေးကြီးဓာတ်သတ္တုနဲ့ သန့်ရှင်းစွမ်းအင်ဆိုင်ရာထိပ်သီးညီလာခံမှာ အမေရိကန်နိုင်ငံ၊ စွမ်းအင်ရေးရာဝန်ကြီး ဂျနီဖာ ဂရန်ဟွန်က “နိုင်ငံရေးအမြတ်ရဖို့ စျေးကွက်စွမ်းအားကို lat nat လို အသုံးချလိုပြီး ကုန်တွေကိုလည်း အများကြီးပိုင်ဆိုင်ထားတဲ့ရောင်းသူနဲ့ ကျွန်မတို့ ရင်ဆိုင်တွေ့နေရပြီ” လို့ ပြောပါတယ်။

ပင်လယ်ရေနက်ပိုင်းဆိုင်ရာနဲ့ သတ္တုတူးဖော်မှုကနေသက်ရောက်လာနိုင်မှုတွေနဲ့ ပတ်သက်ပြီး သိပ္ပံပညာရှင်တွေ၊ သဘာဝပတ်ဝန်းကျင်ရေး လှုပ်ရှားသူတွေ သိထားတာက အနည်းငယ်မျှသာရှိသေး

အမေရိကန်အောက်လွှတ်တော်ရဲ့ စစ်ရေးဆိုင်ရာကော်မတီက တရုတ်ရဲ့ ပင်လယ်တွင်း သတ္တုတူးဖော်ရေးလုပ်ငန်းနဲ့ သတ္တုသန့်စင်ရေးလုပ်ငန်းတွေရဲ့ စွမ်းဆောင်နိုင်မှုတွေကို ဆန်းစစ်ပေးဖို့ ပင်တဂွန်စစ်ဌာနချုပ်ကို လွန်ခဲ့တဲ့ ၂ လတုန်းက ညွှန်ကြားထားပါတယ်။

“အမျိုးသားလုံခြုံရေးဆိုင်ရာဗျူဟာမြောက် စီမံကိန်းတွေအတွက် ပိုလီမက်တဲလစ် အခဲတွေကို ပင်လယ်ကြမ်းပြင်မှာ ရှာဖွေတူးဖော်ဖို့နဲ့ သန့်စင်ရေးလုပ်ငန်းတွေကို တရုတ်က ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်း အလျင်စလိုနဲ့ လုပ်ကိုင်နေတယ်” လို့ အဲဒီကော်မတီက ပြောပါတယ်။

“ကမ္ဘာလုံးဆိုင်ရာ ဆပ်ပလိုင်းချိန်းထဲမှာ တရုတ်ကိုင်ထားတာက ပိုပြီးကြီးမားလာတာကို တုံ့ပြန်ဖို့အတွက် အမေရိကန်တို့အနေနဲ့ ပိုလီမက်တဲလစ် အခဲတွေနဲ့ တခြား ဓာတ်သတ္တုတွေကို ကိုယ်ပိုင်ထောက်ပံ့ရေးလမ်းကြောင်းကနေ ရနိုင်ဖို့ လုပ်ရမယ်။ ဒါမှ နိုင်ငံခြားပြိုင်ဖက်တွေဆီက အရင်းအမြစ်တွေကို မှီခိုနေရတာ လျော့ကျသွားမှာဖြစ်တယ်” လို့လည်း သူတို့ကပြောပါတယ်။

အမေရိကန်ဟာ သြစတြေးလျ၊ ကနေဒါ၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ ဂျပန်၊ တောင်ကိုရီးယား၊ ဆွီဒင်၊ ဗြိတိန်၊ ဥရောပကော်မရှင်စတာတွေနဲ့ အတူ ၂၀၂၂ ခုနှစ်အတွင်းမှာ ဓာတ်သတ္တုလုံလောက်စွာရရှိရေး မိတ်ဖက်နိုင်ငံများ(Minerals Security Partnership) စုဖွဲ့မှုကို စတင်ခဲ့ပါတယ်။ အခုတော့ အဲဒီ အသိုင်းအဝိုင်းထဲကို အီတလီနဲ့ အိန္ဒိယတို့လည်း ပါဝင်လာပါပြီ။

ဒီလိုရှာဖွေတူးဖော်မှုတွေကို ဘယ်သူတွေက ဟန့်တားနေလဲ

ISA က စည်းမျဉ်းတွေထုတ်ဖို့ ပြင်ဆင်နေဆဲဖြစ်ပြီး ပင်လယ်တွင်း သတ္တုတူးဖော်ရေးလုပ်ငန်းတွေက မစသေးပါဘူး။

ပင်လယ်တွင်း သတ္တုတူးဖော်ရေးက ဂေဟစနစ်အပေါ် ဆိုးကျိုးတွေ သက်ရောက်လာနိုင်တယ်လို့ သိပ္ပံပညာရှင်တွေနဲ့ ပင်လယ်သမုဒ္ဒရာအရေး လှုပ်ရှားဆောင်ရွက်သူတွေက သတိပေးနေပါတယ်။

“ISA က စည်းမျဉ်းတွေ အဆင်သင့်ဖြစ်မယ်ဆိုရင်၊ ဒါတွေ အဆင်သင့်ဖြစ်ဖို့ကလည်း နောက်နှစ်လောက်ဆို ဖြစ်လာနိုင်ပါတယ်။ အဲဒီလိုဖြစ်လာရင်တောင် ပင်လယ် သမုဒ္ဒရာရေနက်ပိုင်းတွေက ဇီဝမျိုးကွဲတွေနဲ့ ပတ်သက်ပြီး ကျွန်မတို့မှာ သိထားတာက သိပ်မရှိ‌သေးပါဘူး။ သတ္တုတူးဖော်မှုတွေကနေ ဒါတွေကို ဘယ်လို သက်ရောက်လာမလဲ။ ပြန်လည် ပြုစုပျိုးထောင်နိုင်ခြေကကော ဘယ်လောက်ရှိမလဲ။ ပင်လယ်ရေမျက်နှာပြင် အပေါ်လွှာဘက်မှာ ဘယ်လိုထိခိုက်လာမလဲ၊ ဒါတွေက ငါးဖမ်းလုပ်ငန်းတွေ အပေါ်၊ ကာဘွန်စက်ဝန်းတွေအပေါ် ဘယ်လို သက်ရောက်လာမလဲစတာတွေနဲ့ ပတ်သက်လို့ သိသင့်တဲ့အနေအထားနဲ့ လက်ရှိသိနေတာနဲ့ကြားမှာ အများကြီး ကွာဟနေပါတယ်”လို့ ကယ်လီဖိုးနီးယား တက္ကသိုလ်၊ သမုဒ္ဒရာဇီဝဗေဒနဲ့ အဏ္ဏဝါဂေဟစနစ်လေ့လာရေးဌာနက ပါမောက္ခ လီဆာ လက်ဗင်က ပြောပါတယ်။

ပင်လယ်တွင်း သတ္တုတူးရာကနေ အဏ္ဏဝါဂေဟစနစ်ကို သက်ရောက်လာနိုင်မှုတွေအပေါ် လေ့လာတဲ့ သုတေသနတွေထပ်ပြီးလုပ်ဖို့ လိုနေပြီး အဲဒါတွေ မပြီးမချင်း သတ္တုတူးဖော်ရေးတွေ ဆိုင်းငံ့ထားဖို့ ဘရာဇီး၊ ကနေဒါ၊ ကိုစတာရီကာ၊ ဖင်လန်၊ ဆွစ်ဇာလန်တို့အပါအဝင် နိုင်ငံပေါင်း ၂၀ က တောင်းဆိုထားပါတယ်။

ဒီလိုအခြေအနေတွေရှိနေပေမဲ့လည်း နော်ဝေလွှတ်တော်က ပြီးခဲ့တဲ့ဇန်နဝါရီလကပဲ အာတိတ်ဒေသတွင်းက ပင်လယ်မှာ သတ္တုရှာဖွေနိုင်ကြောင်း အတည်ပြုလိုက်ပါပြီ။

သန့်ရှင်းစွမ်းအင်ထုတ်လုပ်ဖို့ အရေးပါတဲ့ ဓာတ်သတ္တုတွေ လိုအပ်ချက်က ၂၀၅၀ မှာ ၅ ဆ တက်လာမယ်လို့ မှန်းဆနေကြ

ပင်လယ်ကြမ်းပြင်မှာ အကျိုးများစရာတွေအများကြီးရှိတယ်လို့ နိုင်ငံအများအပြားက သတ်မှတ်ထားကြတာပါ။

ISA အဖွဲ့ဝင် ၁၆၉ နိုင်ငံက “ကမ္ဘာလုံးဆိုင်ရာ သန့်ရှင်းစွမ်းအင် အကူးအပြောင်းနဲ့၊ သန့်ရှင်းစွမ်းအင်ထုတ် နည်းပညာတွေအတွက် ပင်လယ်ရေနက်က ကြမ်းပြင်ဟာ အလားအလာအများကြီးရှိတယ်ဆိုတာကို ပိုသိလာကြပြီ” လို့ ISA အတွင်းရေးမှူးရုံးက ပြောပါတယ်။

ကလယ်ရီယွန် – ကလစ်ပါတန် ဇုန်မှာ သတ္တုရှာဖွေနေတဲ့ ကနေဒါကုမ္ပဏီ The Metals က ဂျာရက် ဘာရွန်က “ကမ္ဘာမှာ လူဦးရေအရ အများဆုံး ၃ နိုင်ငံရဲ့ ပထဝီနိုင်ငံရေးက ပင်လယ်ကြမ်းပြင်က ဓာတ်သတ္တုတွေကို စိတ်ဝင်စားဖို့ တွန်းအားပေးလာနေပြီး အခုအဲဒီဘက်မှာ အာရုံအထူးစိုက်လာဖို့ အခြေအနေမှာ ရှိနေတယ်” လို့ ဆိုပါတယ်။

ပထဝီနိုင်ငံရေး ကစားပွဲကို ပင်လယ်ကြမ်းပြင် သတ္တုတူးဖော်ရေးကုမ္ပဏီတွေကို သုံးပြီးလုပ်နေကြတဲ့အပေါ် လှုပ်ရှားတက်ကြွသူတွေက ဝေဖန်ပြစ်တင်ကြပါတယ်။

“သူတို့က ပထဝီနိုင်ငံရေးကို မီးထိုးပေးပြီး ဆပ်ပလိုင်းချိန်းမှာ လိုအပ်တာတွေကို ရဖို့ အကန့်အသတ်တွေဖြစ်လာရင် လုံခြုံမှုမရှိတော့ဘူး၊ လန့်စရာကောင်းနေပြီ …စသဖြင့် ဆိုရင်း ပင်လယ်မှာ သတ္တုတူးခွင့်ပေးဖို့ အစိုးရတွေကို သွားပြောနေကြတာ” လို့ ဂရင်းပိစ်အဖွဲ့က လူဝီဆာ ကက်ဆွန်က ပြောပါတယ်။

ပင်လယ် သတ္တုတူးဖော်ရေးကနေ သက်ရောက်လာနိုင်တာတွေကို “သိအောင် လုပ်ဖို့ အများကြီး လိုနေသေးတယ်” လို့ ဆိုနေကြတဲ့ သိပ္ပံပညာရှင်အသိုင်းအဝိုင်းက သတိပေးမှုတွေကို ISA က သူတို့အနေနဲ့ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေကတည်းက ပင်လယ်ကြမ်းပြင် သုတေသနတွေကို စီစဉ်ပေးထားကြောင်းနဲ့ အနိမ့်ဆုံး မဖြစ်မနေလိုက်နာရမယ့် သဘာဝပတ်ဝန်းကျင်တန်ဖိုး အဆင့်သတ်မှတ်မှုတွေကို လုပ်ဆောင် နိုင်ရေးအတွက် နိုင်ငံတကာ ကျွမ်းကျင်သူတွေနဲ့အတူ လုပ်ဆောင်နေကြောင်း ပြောပါတယ်။

“အခု အဆင့်မှာတော့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ‘သိမြင်မှုကွာဟချက်’ က ဘယ်လောက်ရှိနေသလဲဆိုတဲ့အပေါ် အားလုံး သဘောတူနိုင်တဲ့နေရာမှာ ရှိမနေသေးပါဘူး”လို့ သူတို့က ပြောပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။