ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ကျန်းမာရေးအခြေအနေအရ ရာထူးမှုနုတ်ထွက်ကြောင်း ကြေညာ

International News

ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ကျန်းမာရေးအခြေအနေအရ ရာထူးမှနုတ်ထွက်မည်ဖြစ်ကြောင်း ယနေ့ (ဩဂုတ် ၂၈ ရက်) ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

အာဘေးက ၎င်းသည် အူလမ်းကြောင်းဆိုင်ရာရောဂါဆိုးဝါးလာသဖြင့် ကုသမှုခံယူရန် လိုအပ်နေသည်ဟု ဆိုသည်။
၎င်းအနေဖြင့် ကုသမှုအသစ်များ လုပ်ဆောင်သွားမည်ဖြစ်သော်လည်း အချိန်ကြာကြာကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ရန် လိုအပ်ကြောင်း အာဘေးက ပြောခဲ့သည်။

ဝန်ကြီးချုပ် အာဘေးသည် ၂၀၁၂ ခုနှစ်က အောက်လွှတ်တော်တွင် အပြတ်အသတ်အနိုင်ရရှိခဲ့ပြီးနောက် ဂျပန်နိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ပြန်လည်ထမ်းဆောင်ခဲ့ပြီး ၇ နှစ်သက်တမ်းရှိသော ဝန်ကြီးချုပ်ရာထူးက ၎င်းအား ဂျပန်နိုင်ငံ၏ သက်တမ်းအရှည်ကြာဆုံး ခေါင်းဆောင်တစ်ဦး ဖြစ်လာစေခဲ့သည်။

အာဘေးက လက်ရှိအာဏာရပါတီဖြစ်သော လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ၌ ၎င်း၏နေရာတွင် ဆက်ခံမည့်သူ ရွေးချယ်ပြီးသည့်တိုင်အောင် ရာထူးတွင် ဆက်လက်ရှိသွားမည် ဖြစ်ကြောင်း ပြောခဲ့သည်။

ထို့ပြင် အာဘေး၏ နေရာတွင် ဆက်ခံရန် အလားအလာရှိသူအနေဖြင့် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဖူမီယို ကီရှိဒါက ဝန်ကြီးချုပ်အဖြစ် အစားထိုးရန် စိတ်အားထက်သန်လျက်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်ဟု ဒေသတွင်းမီဒီယာသတင်းများအရ သိရသည်။

ဝန်ကြီးချုပ် အာဘေး၏ ကျန်းမာရေးယိုယွင်းလာမှုနှင့်ပတ်သက်၍ ကောလာဟလများအရ ၎င်းသည် တိုကျိုဆေးရုံတစ်ခုသို့ တစ်ပတ်အတွင်း နှစ်ကြိမ်သွားရောက်ခဲ့ကြောင်း သိရသည်။

ဩဂုတ် ၁၇ ရက်တွင် ဆေးရုံသို့ပထမအကြိမ်သွားရောက်ခဲ့ခြင်းဖြစ်ပြီး “ကျန်းမာရေးစစ်ဆေးရန်” ဖြစ်ကြောင်း ဖော်ပြခဲ့ကာ ဆေးရုံ၌ အချိန် ၇ နာရီကျော်ကြာမြင့်ခဲ့သည်ဟု ဆိုသည်။

ဩဂုတ် ၂၄ ရက်တွင် ကျန်းမာရေးစစ်ဆေးမှုရလဒ်များ ရယူရန်နှင့် စစ်ဆေးမှုများထပ်မံပြုလုပ်ရန် တိုကျိုမြို့ရှိ Keio တက္ကသိုလ်ဆေးရုံသို့ တစ်ဖန်ပြန်သွားခဲ့ပြီး အချိန် လေးနာရီကြာမြင့်ခဲ့ကြောင်း သိရသည်။
အာဘေးသည် ယခုကဲ့သို့ အူလမ်းကြောင်းရောဂါဆိုင်ရာ ကျန်းမာရေးအခြေအနေအရ ဒုတိယအကြိမ်မြောက် ရာထူးမှနုတ်ထွက်ခြင်း ဖြစ်သည်။

အသက် ၆၅ နှစ်အရွယ် အာဘေးသည် ၂၀၀၆ ခုနှစ် စက်တင်ဘာလကုန်ပိုင်းတွင် စတင်ခဲ့သော ဝန်ကြီးချုပ် ပထမသက်တမ်းအတွင်း နာတာရှည် အူမကြီးရောင်ရမ်းနာကြောင့် ၂၀၀၇ ခုနှစ် စက်တင်ဘာလက ရာထူးမှ ရုတ်တရက်နုတ်ထွက်ခဲ့ကြောင်း သိရသည်။

Leave a Reply