ရွေးကောက်ပွဲအောင်မြင်စွာကျင်းပရေး ပူးပေါင်းဆောင်ရွက်ပေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို ကျေးဇူးတင်ကြောင်း NRPC ထုတ်ပြန်

Local News

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC က ဒီနေ့ နိုဝင်ဘာ ၁၁ ရက် နေ့စွဲနဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပရေး အရေးကြီးတဲ့အဆင့်ဖြစ်ပြီး ပူးပေါင်းဆောင်ရွက်ပေးခဲ့တဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းတွေကို ကျေးဇူးတင်ကြောင်း ပါရှိပါတယ်။

ဒါ့ပြင် ရွေးကောက်ပွဲရွှေ့ဆိုင်းလိုက်ရတဲ့ နယ်မြေက ပြည်သူတွေအတွက် အထူးစိတ်မကောင်းဖြစ်ရပြီး အဲဒီဒေသတွေမှာ တည်ငြိမ်အေးချမ်းပြီးလွတ်လပ်တရားမျှတတဲ့ရွေးကောက်ပွဲတွေ အမြန်ဆုံး ကျင်းပနိုင်တဲ့အခြေအနေရောက်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြဖို့လည်း မေတ္တာရပ်ခံတယ်လို့ ပါရှိပါတယ်။

NRPC အနေနဲ့ အပစ်ရပ်စာချုပ်လက်မှတ်ထိုးထားတဲ့အဖွဲ့တွေနဲ့ရော လက်မှတ် ထိုးဖို့ ဆွေးနွေးညှိနှိုင်းဆဲ အဖွဲ့တွေအားလုံးနဲ့ တွေ့ဆုံဆွေးနွေးပြီး တိုင်းရင်းသားပြည်သူတွေ မျှော်လင့်တောင့်တနေတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ဆက်လက်ကြိုးပမ်းမယ်လို့လည်း ပါရှိပါတယ်။

တပ်မတော်ဘက်က ဒီမတိုင်ခင် နိုဝင်ဘာ ၉ ရက်နေ့မှာ ရွေးကောက်ပွဲကိုအောင်မြင်စွာကျင်းပခဲ့ပြီးဖြစ်လို့ ရပ်ဆိုင်းနေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို အမြန်ဆုံးဆက်လက်ဆွေးနွေးဖို့လိုအပ်နေတယ်ဆိုပြီး ထုတ်ပြန်လာတာရှိပါတယ်။

ဒါ့အပြင် အဲဒီလို ဆက်လက်ဆွေးနွေးနိုင်ဖို့ဆိုပြီး ဒုတိယဗိုလ်ချုပ်ကြီး ၅ ဦး ပါဝင်တဲ့ တပ်မတော်ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီကို ဖွဲ့စည်းလိုက်တယ်လို့လည်း ပါရှိပါတယ်။

Leave a Reply