ဂျပန်တွင် နေ့အလိုက် ဗိုင်းရပ်စ်ကူးစက်မှုနှုန်း မြင့်တက်ခဲ့ပြီးနောက် အမြင့်ဆုံးအဆင့် သတိပေးနှိုးဆော်ချက်ထုတ်ပြန်

Local News

ဂျပန်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့ နှံ့မှုကိုကာကွယ်ရန် ကန့်သတ်ချက်များချက် ချင်းထုတ်ပြန်ရန် စီစဉ်ထားခြင်းမရှိသော်လည်း နေ့အလိုက်ဗိုင်းရပ်စ်ကူးစက်ခံရသူ စံချိန်တင်မြင့်တက်ခဲ့ပြီးနောက် အမြင့်ဆုံးအဆင့် သတိပေးနှိုးဆော်ချက် ထုတ်ပြန်ခဲ့သည်ဟု ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီဒေဆူဂါက နိုဝင်ဘာ ၁၉ ရက်၌ ပြောကြားခဲ့သည်။

ဂျပန်တွင် နိုဝင်ဘာ ၁၈ ရက်၌ နေ့အလိုက်ဗိုင်းရပ်စ်ကူးစက်ခံရသူသစ်၂၀၀၀ ကျော်စံချိန်တင်မြင့်တက်ခဲ့ပြီး တိုကျိုတစ်မြို့ထဲတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၅၀၀ နီးပါးရှိသည်။

အခြားနိုင်ငံများ၏ ဗိုင်းရပ်စ်ကူးစက်မှုနှုန်းနှင့် နှိုင်းယှဉ်လျှင် ဂျပန်၏ကူးစက်မှုနှုန်း သည် လျော့နည်းသည်ဆိုသော်လည်း အခြားနိုင်ငံများထက် ဗိုင်းရပ်စ်ကူးစက်ခံရခြင်း ရှိ၊ မရှိ ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးမှု အားနည်းသည့် ဂျပန်တွင် ယခုဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်သည် ကူးစက်မှုနှုန်း မြင့်တက်နေခြင်းကို ဖော်ပြနေသည်။

“ကျွန်တော်တို့ သတိပေးနှိုးဆော်ချက် အမြင့်ဆုံးအခြေအနေကိုရောက်ရှိနေပါပြီ။ ဂျပန်နိုင်ငံသားတွေအနေနဲ့ နှာခေါင်းစည်း တပ်ဆင်တာတွေအပါအဝင် စည်းမျဉ်းစည်း ကမ်းတွေကို အပြည့်အဝလိုက်နာကြဖို့ ကျွန်တော်တောင်းဆိုလိုက်ပါတယ်” ဟု ဆူဂါက ပြောကြားခဲ့သည်။ ထို့ပြင် စားသောက်ဆိုင်များတွင် စကားပြောဆိုကြရာတွင်လည်း နှာခေါင်းစည်းများတပ်ဆင်ကြရန် ထပ်မံပြောကြားခဲ့သည်။

အစိုးရက ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ကာကွယ်ရန် နောက်ထပ်စည်းမျဉ်းများကို ထပ်မံမထုတ်ပြန်မီ ဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်လာသည့်အပေါ် ဆန်းစစ်ရန် ကျွမ်းကျင်အကြံပေးသူများနှင့် နိုဝင်ဘာ ၁၉ ရက်နှင့် ၂၀ ရက်များတွင် တွေ့ဆုံရန် ဆူဂါက တောင်းဆိုခဲ့သည်ဟု နိုင်ငံပိုင်ရုပ်သံ NHK တွင် ဖော်ပြခဲ့သည်။

စားသောက်ဆိုင်များတွင် လူလေးဦးထက်မပိုဘဲ စုဖွဲ့စားသုံးရန် အပါအဝင်ကန့် သတ်ချက်များနှင့်စီးပွားရေး လုပ်ငန်းများကို စောစောပိတ်ရန်ဒေသခံ အာဏာပိုင်များက တောင်းဆိုလာလျှင် ၎င်းတို့၏ တောင်းဆိုချက်များကို ထောက်ခံသွားမည်ဟု ဆူဂါက ဆိုခဲ့သည်။

တိုကျိုသည် နိုဝင်ဘာ ၁၉ ရက်တွင် သတိပေးနှိုးဆော်ချက်ကို အမြင့်ဆုံးဖြစ်သည့် အဆင့်လေးအဖြစ် ထုတ်ပြန်သွားရန် မျှော်လင့်ထားသော်လည်း ယင်းလုပ်ဆောင်ချက်သည်  ကန့်သတ်ချက်များ  အလိုအလျောက်  အကျုံးဝင်သက်ရောက်နိုင်ခြင်းမရှိပေ။

တိုကျိုသည် ယခုအချိန်တွင် စီးပွားရေးလုပ်ငန်းများအား စောစောပိတ်ရန် တောင်းခံသွားနိုင်ခြေမရှိကြောင်း ပြည်တွင်းမီဒီယာတွင် ဖော်ပြထားသည်။

“ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုနှုန်းဟာ အလွန်လျှင်မြန်နေပြီး ကျွန်တော်တို့တွေ နှိုးနှိုးကြားကြားရှိဖို့လိုပါတယ်” ဟု ဂျပန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ၏ ညွှန်ကြားရေးမှူး Norio Ohmagari က ဗိုင်းရပ်စ်အခြေအနေနှင့်ပတ်သက်၍ တိုကျို၌ ပြုလုပ်သည့် ထိပ်သီးအဆင့်အစည်းအဝေးအတွင်း ပြောကြားခဲ့သည်။

ရိုးရာ ပါတီပွဲများနှင့် ဆောင်းရာသီတွင် ခြောက်သွေ့သော လေများတိုက်ခတ်မှုကြောင့် ဗိုင်းရပ်စ် ပိုမိုပျံ့နှံ့နိုင်ခြေရှိသည်ဟု ၎င်းက သတိပေးပြောကြားခဲ့သည်။

ဂျပန်သည် ဗိုင်းရပ်စ်ကန့်သတ်ချက်စည်းမျဉ်းများကို သိသိသာသာ ဖြေလျော့ပေးခဲ့ပြီး နွေဦးရာသီ၌ နိုင်ငံတစ်ဝန်းအရေးပေါ် အခြေအနေထုတ်ပြန်ခဲ့သည့်အချိန်၌ပင် စီးပွားရေးလုပ်ငန်းများ ပိတ်ထားရန် သို့မဟုတ် ပြည်သူများ နေအိမ်အတွင်း၌သာနေထိုင်ကြရန် စသည့်ညွှန်ကြားချက်များ ထုတ်ပြန်ခြင်း မရှိခဲ့ပေ။

lg.php.gif

Leave a Reply