ကပ်ရောဂါ ကာလအတွင်း မလေးရှားမှာ ထိန်းသိမ်းခံထားရသူ မြန်မာ ၁၇၀ ကျော် နေရပ်ပြန်ခွင့်ရ

Local News

မလေးရှားနိုင်ငံထဲတွင် ကိုဗစ်ကာလ အတွင်း ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသား အယောက် ၁၇၀ ကျော်ကို မနေ့ကနေရပ်ကိုပြန်လည်ပို့ဆောင်ခဲ့ တယ်လို့သိရပါတယ်။ အဆိုပါ အယောက် ၁၇၀ ကျော်ထဲမှာ ထိန်းသိမ်းရေးစခန်းတွေထဲက လွတ်ရက်စေ့ အကျဉ်းသား ၅၀ နီးပါးခန့်ပါဝင်နေကြောင်း သိရပါတယ်။

ကပ်ရောဂါကာလ မလေးရှားနိုင်ငံထဲမှာ သောင်တင်နေသူတွေနဲ့ ထိန်းသိမ်းခံထားရသူ မြန်မာနိုင်ငံသားတွေကို သံရုံးအစီအစဉ်နဲ့ နေရပ်ပြန်ပို့ရာမှာ နောက်ထပ် အယောက် ၁၇၀ကျော်နေရပ် ပြန်ပို့ခဲ့တာပါ။ မနေ့တုန်းက ပြန်ခွင့်ရသူတွေထဲမှာ မလေးရှား လ၀က စခန်းတွေမှာ ထိန်းသိမ်းခံထားရတဲ့သူတွေလဲ ပါဝင်ကြောင်း သိရပါတယ်။

“ ၃၇ ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်မှာ အကြောင်းအမျိုးမျိုးကြောင့် အဖမ်းခံခဲ့ရတဲ့ မြန်မာနိင်ငံသားတွေနဲ့ ကလေးငယ်တွေ စုစုပေါင်း ၁၇၄ ဦး မြန်မာနိုင်ငံကို ပြန်သွားပါတယ်“

ကိုဗစ်အရေးပေါ်ကာလမှာ မလေးရှားနိုင်ငံထဲကို ခိုးဝင်ခဲ့တဲ့ သူတွေကို ဖမ်းဆီးရာမှာ ကလေးငယ်ရှိတဲ့ အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်တွေပါ ပါဝင်တာကြောင့် မနေ့က နေရပ်ပြန်ပို့တဲ့အထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။ 

“ကလေးတွေက အငယ်ဆုံးကလေးက ၂၂ ရက်ပဲ ရှိသေးတယ်။ သူက ကိုယ်ဝန်ကြီးနဲ့ အဖမ်းခံရတယ်။ အဖမ်းခံရပြီး ထောင်ထဲမှာမွေးတာ မွေးပြီးပြန်ရက်စေ့တဲ့အခါ သူပြန်သွားရတာ။ အိမ်ထောင်စုက ၂ စုပါပါတယ်။ အိမ်ထောင်တစုကတော့ သူ့တို့အိမ်က လန်ကာဝီမှာ သူတို့က ထိုင်းနယ်စပ်ကနေ တက်လာတာ သူ့အိမ်ကို ဝင်ဖမ်းတဲ့အခါမှာ ၄ နှစ်ရွယ်သမီး လေးတယောက်နဲ့ ၂ နှစ်ခွဲအရွယ်သမီးလေး တယောက်၊ အားလုံးပေါင်းဆို ၃ ယောက်၊ ရက်သားအရွယ်ကလေးနဲ့ဆို အားလုံးပေါင်း ၃ ယောက်ပါသွားတယ်။”

အမျိုးသမီးတွေဟာ ထိုင်းမလေးနယ်စပ်ကနေ ခိုးဝင်ကြသူတွေဖြစ်ပြီး ကိုဗစ်အရေးပေါ်ကာလ အော်ပရောစီစစ်ဆင်ရေးတွေနဲ့ ဖမ်းဆီးခံရသူတွေဖြစ်ကြပါတယ်။

အကျဉ်းစခန်းကနေ နေရပ်ပြန်သူတွေကိုတော့ မလေးရှားနိုင်ငံက မြန်မာပရဟိတအဖွဲ့အစည်းတွေနဲ့ စေတနာရှင်တွေက အစားအသောက်နဲ့ အဝတ်အစားတွေ အနွေးထည်တွေကို လှူဒါန်းပေးခဲ့ပါတယ်။

ကပ်ရောဂါကာလမှာ ထိန်းသိမ်းရေးစခန်း ၁၃ ခုက မြန်မာ ၁,၀၀၀ ကျော်ကို နိုဝင်ဘာလထဲမှာ နေရပ်ပြန်ပို့ခဲ့ပြီး အခုနောက်ထပ်လည်း ဒီဇင်ဘာလထဲမှာ လွတ်ရက်စေ့သူတွေကို ပြန်လွှတ်ပေးနေတာပါ။

ခန့်မှန်းခြေ မြန်မာနိုင်ငံသား ၅၅၀,၀၀၀ လောက် အလုပ်လုပ်ကိုင်နေတဲ့ မလေးရှားမှာ ကိုဗစ်ကပ်ရောဂါကာလအတွင်း စားဝတ်နေရေးနဲ့ အလုပ်အကိုင် အခက်အခဲတွေကြောင့် နေရပ်ပြန်ဖို့ မြန်မာသံရုံးမှာ စာရင်းပေးသွင်းထားသူ ၁၀,၀၀၀ ကျော်ရှိနေပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၄၀၀ ကျော်နဲ့ ကူးစက်သူ ၈၇,၀၀၀ ကျော် ရှိနေတဲ့ မလေးရှားနိုင်ငံမှာ နောက်ထပ် ကူးစက်မှုတွေ တိုးလာနေချိန်မှာပဲ မြန်မာနိုင်ငံသားတွေ နေရပ်ပြန်နေကြတာလည်း ဖြစ်ပါတယ်။

မိုးနတ်မင်းပရိသတ်ကြီးလည်း စာလေးကိုဖတ်ပြီးတဲ့အခါ မိမိထင်မြင်ချက်ကို ကွန်မန့်ပေးခဲ့ပါဦး။ သုတ၊ ရသ စုံလင်စွာနဲ့ သတင်းအသစ်တွေ အရင်ဆုံးဖတ်ဖို့ Page ကိုလည်း Like & Follow လုပ်ထားဖို့ မမေ့နဲ့နော်..

 

Leave a Reply