မြဝတီ casino မှ အလိမ်အညာမှတ်တမ်း

Local News

မြဝတီမြို့မှာနာမည်ကြီးနေသော online casino ကိုယ့်တွေ့မှတ်တမ်း

မြဝတီမှာ ဟော့ဖြစ်နေတဲ့ ကာစီနို Online Game အလုပ်ကို ယုံကြည်ရတဲ့ အသိတစ်ယောက်က စပ်ပေးလို့ သူ့ဆီကို CV ပို့ပေးခဲ့တယ်။ သူကတစ်ဆင့် အလုပ်သွင်းပေးသူ(ပွဲစားဆိုပါတော့) ကို ပေးခဲ့တယ်။
လစာက ယွမ် 6000 ကျပ်နဲ့ဆို 12-သိန်းကျော်ဆိုတော့ မျိုးမျိုး မြက်မြက်ရှိတယ်လေ။
ကိုဗစ်ကာလ ဘာအလုပ်မှ မရှိတော့ စမ်းကြည့်မယ်ဆိုပြီး ပွဲစားပြောတဲ့ ရက်ကို တစ်ရက် နှစ်ရက်စောပြီး မြဝတီကို အရောက်လာခဲ့တယ်။ ရည်ရွယ်ချက်က အလုပ်နဲ့ပါတ်သက်တဲ့ ကို သိချင်တာတွေကို မေးမြန်း စုံစမ်းဖို့ပါ။
တကယ်တော့ ကာစီနိုရုံတွေမှာ ခေါင်းပုံဖြတ်မှု့တွေ၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှု့တွေ၊ ဥပဒေအရ အကာအကွယ်မဲ့နေတာတွေ၊ လူကုန်ကူးမှု့တွေကို အရင်ကတည်းက ကြားဖူးနေပါတယ်။ အဲဒါကြောင့်လည်း အရာရာကို သတိနဲ့ ချဥ်းကပ်ခဲ့ပါတယ်။
အဲဒီပွဲစားကိုလည်း လူကိုယ်တိုင်တွေ့ခဲ့တယ်။ ကိုနဲ့သူနဲ့ ပြောခဲ့တာတွေက—-
က-ဘာအလုပ် လုပ်ရမှာလဲ
ပစ- Online Game အလုပ်ပါ။ အကိုတို့လို အဂ်လိပ်စာ ကွန်ပြူတာ ရယင် အေးဆေးပါ ပဲ။
က-အလုပ်ချိန်ကကော
ပစ-တစ်ရက် ၁၂ နာရီပါ
က-စာချုပ်တွေ ဘာတွေရှိလား
ပစ- မရှိပါဘူး၊ ဒါပေမဲ့ အနည်းဆုံး တစ်လလောက်တော့ လုပ်ပေးစေချင်တယ်။ Q ကာလမှာ အကိုတို့ အတွက် နေ/စားစရိတ် အိပ်ယာ စတာတွေအတွက် သူဌေးက ကုန်ထားတာတွေရှိတယ်။ သူဌေးကတော့ တကယ်ဆို ဒီအချက်ကို မပြောပါဘူး။ ကျနော်က အာလုံးအဆင်ပြေဖို့ ကြားကနေ တောင်းဆိုတာပါ ။
က-အိုကေ။ လစာကကော တစ်လချင်းပဲ ရှင်းမှာလား၊ ၃/၄လ မှ ပေါင်းပေးတာလား။
ပစ- တစ်လချင်းပါပဲ။ လစာလည်း မှန်ပါတယ်။
က-မနက်ဖြန်ကိုတို့ အဲဒီိကိုရောက်ယင် ဘာလုပ်ရမှာလဲ
ပစ- Q ၁၄ ရက်ဝင်ရမယ်။ online ပေါ်မှာ ဂရုဖွဲ့ပြီး လိုအပ်တာတွေကို စကားပြန် နဲ့သူဌေးက ပြောပြလိမ့်မယ် ။ ဘာမှ ပူစရာမလိုဘူး။ တစ်ကိုယ်ရည်သုံး ပစည်းကအစ သူတို့ပေးလိမ့်မယ်။
က-အိုကေ။ အလုပ်ပိတ်ရက် တွေကကော။
ပစ- တစ်လကို ၃ ရက်ပိတ်ပေးပါတယ်။ ကြားထဲ လိုအပ်ရင် ခွင့်ယူလို့ရပါတယ်။
က-ရိတ်အပြင်ကော ထွက်ခွင့်ရှိသလား
ပစ-ကိုဗစ်ကာလဆိုတော့ အပြင်တော့ ထွက်လို့မရပါဘူး။
က-မလုပ်နိုင်လို့ထွက်မယ်ဆိုရင်ကော လျော်ကြေး ဘာညာရှိလား
ပစ- မရှိပါဘူး။
က-အိုကေ
က-အလုပ်ချိန်ကကော
ပစ-တစ်ရက် ၁၂-နာရီပါ 🙄
( Labor laws အရ တရားဝင်အလုပ်ချိန်ဟာ ၈-နာရီပါ)
နောက်နေ့ 25 ဂိတ်ကို လိုက်ပို့တယ်။ အထဲရောက်တာနဲ့ သူဌေးနဲ့ စကားပြန် ဆိုသူတွေက Messenger အကောင့်တွေလိုက် add ခိုင်းပါတယ်။ ဂရုဖွဲ့ဖို့လည်းပြောပါတယ်။
ပြီး အခန်းတွေဆီကို ယန်းတွေက နေရာချပေးပါတယ်။ ပစပြောတဲ့အတိုင်း လိုအပ်တာတွေ ထောက်ပံ့ပေးပါတယ်။
တစ်ခန်းကို ၂ ယောက် (သို့) ၄ ယောက်ထားပါတယ်။ နှစ်ထပ်ကုတင်တွေနဲ့ပါ။
ထမင်းကိုလည်း တစ်ရက် လေးနပ်ကျွေးပါတယ်။ တစ်ခါသုံး ပလပ်စတစ်ဗူးတွေနဲ့ တရုတ်စာတွေပါ။ ဇွန်းမပေးပါဘူး။ အားလုံး တူနဲ့ပဲ စားရပါတယ်။
တစ်ရက်နှစ်ရက်နေတော့ ဘေးခန်း တရုတ်စကားတတ်တဲ့ ကောင်းမလေးအဖွဲ့စကားပြောကြရင်း သူမက ‘အကိုတို့ကို စာချုပ် ကိစ္စတွေ ဘာတွေပြောသေးလား’လို့ မေးပါတယ် ။ ကျနော်လည်း ဘာမှ မရှိကြောင်း ပွဲစားကတော့ တစ်လလောက်တော့ လုပ်ကြည့်ပေးဖိ့ တောင်းဆိုကြောင်း ပြောလိုက်ပါတယ် ။
သူမက ဆက်ပြီး တစ်ခုခု ဖြစ်ရင် လူညီကြဖို့လိုကြောင်း ပြောပါတယ် ။ ကျနော်ကလည်း ‘ညီကြရမှာပေါ့၊ မညီရင် ကိုတို့တွေ အနိုင်ကျင့်ခံရမှာ’လို့ ပြောလိုက်ပြီး အားလုံး ညီကြဖို့ ဆုံးဖြတ်ကြပါတယ်။
သူမတို့က အခြားရုံမှာ အတွေ့အကြုံရှိတယ်ပြောပါတယ်။ online game တော့ မဟုတ်ပါဘူး။
၂-ရက် ၃-ရက်အတွင်း အလုပ်အကြောင်းကို ဘယ်သူကမှ ဘာမှ မပြောကြပါဘူး။ ဒီလိုပဲ အိပ်လိုက်၊ စားလိုက်၊ လမ်းလျောက်လိုက် စကားပြောလိုက်ပါပဲ။ အပြင်မထွက်ရသလို တိုက်အောက်ကိုတောင် မဆင်းရပါဘူး။
ကာစီနိုတွေရဲ့ အနေအထားကို နည်းနည်းပြောပြရမယ်ဆိုရင် သူတို့ဟာ ၁၂-ဂိတ်၊ ၁၃-ဂိတ်၊ ၂၅-ဂိတ် စသဖြင့် ဂိတ်တွေထဲမှာ ရှိပါတယ် ။ အဝင်မှာ တံခါးမအကြီးကြီးတွေရှိပြီး အပြင်လူ ပေးမဝင်ပါဘူး။
ယန်းလို့ခေါ်တဲ့ တံခါးစောင့်တွေအပြင် သေနတ်ကိုင်ထားတဲ့ အစောင့်တွေလည်း ရှိပါတယ်။ BGF လားDKBA လားဆိုတာတော့ ကျနော်လည်း မသိပါဘူး။
၅-ရက်မြောက်နေ့မှာတော့ အခြေအနေက ထူးခြားလာပါတယ်။ ဟိုဖက်ခန်း မိန်းကလေး အဖွဲ့က သူဌေးဆိုသူနဲ့ လိုင်းပေါ်ကနေ ပြောကြယင်း တစ်နှစ်စာချုပ်ရှိကြောင်း၊ ဖောကဖျက်ပါက လျော်ကြေးပေးရမယ် ဖြစ်ကြောင်းတိ့ပြောပါသတဲ့။
ကျနော်တို့လည်း အဲဒီလိုမျိုး ဖိအားပေရင် ထွက်ကြမယ်ဆိုပြီး အာလုံးအထုတ်အပိုးတွေ ချက်ချင်း ပြင်ကြပါတယ်။ ပိုပြီးကံကောင်းတာက အဲဒီကောင်မလေးတွေက လက်နက်ကိုင် အဖွဲ့အစည်းက အကြီးပိုင်းတွေနဲ သိပြီး သူတို့က လာကြိုလို့ပါပဲ။
ဒီလိုနဲ့ ကျနော်တို့အဖွဲ့ မှတ်မိသလောက် ၈-၉ ယောက်အဖွဲ့ဟာ အသာအယာပဲ လွတ်မြောက်ခဲ့ပါတယ်။
မဟုတ်ရင် အနည်းဆုံးတော့ လျော်ကြေးပေးရမယ် ထင်ပါတယ်။
ဖြစ်ချင်တော့ အရင်တစ်ရက်ကပဲ Q ပြည့်ပီး အလုပ်ခွင်ဝင်သွားသူ ဘာအတွေ့အကြုံမှ မရှိတဲ့ကောင်မလေး တချို့ကျန်ခဲ့ပါတယ်။ နောက်နေ့မှာတော့ သူတို့ မလုပ်ချင်ကြောင်း၊ လိုင်းပေါ်ကနေ ပရိုဖိုင် အမှန်တွေနဲ့ တစ်ဖက်ကို မဖွယ်မရာတွေပြခိုင်းပြီး လိင်မြူဆွယ်ခိုင်းကြောင်း ကြားသိရပါတယ်။
ကံကောင်းတာက သူတို့ကလည်း နယ်ကလာတာမဟုတ်ဘဲ မြဝတီမှာ လူခံရှိသူတွေ ဖြစ်နေတာပါ။ အပြင် ကျန်ခဲ့တဲ့ လူတွေက ပွဲစားကိုအကြပ်ကိုင်ပြီး ပြန်ထုတ် မပေးရင် လူကုန်ကူးမှု့နဲ့ တိုင်မယ် တောမယ် လုပ်ကြလို့။ အဲဒီပွဲစားကလည်း သူတို့တတွေနဲ့ အတော်မကင်းရာမကင်းကြောင်း ဖြစ်နေလို့ နောက်တစ်ရက်မှာ ထွက်လာနိုင်ခဲ့ပါတယ်။
ဒါတောင် ကျနော်တို့တုန်းကလို ချောချောချူချူ မဖြစ်ခဲ့ပါဘူး။ စကားပြန်ခေါ်ရ၊ သူဌေးဆီ သွားရ၊ ရုံးခန်းသွားရနဲ့ အတော် ကြန့်ကြာခဲ့ပြီး အပြင်က မိသားစုတွေလည်း သူတို့တွေ အပြင်မရောက််မချင်း ခေါင်းမီးတောက်ကြရပါယ်တယ်။
ပြောချင်တာက အသေအချာစုံစမ်း ထားတာ တောင် အပြင်ကစကားနဲ့ အထဲကအနေအထားဟာ တခြားစီဆိုတာပါပဲ။ သူတို့က လစာအများကြီးနဲ့ မျှားမယ်။ အထဲရောက်သွားပြီဆိုရင် သူတို့အကွက်ထဲ ရောက်သွားတာပါပဲ။
နယ်က လာသူတွေ၊ ကြောထောက်နောက်ခံ မရှိသူတွေဆိုရင် လျော်ကြေးပေးရမယ့်အတူတူ ဒါကိုပဲ ဆက်လုပ်ပြီး ဘဝကို ရေစုန်မျှောသွားကြဖို့များပါတယ်။ ကြေကွဲစရာတွေချည်းပါပဲ။
တချို့ အဲဒီအထဲမှာ ရောင်းစားခံရပြီး လစာမရဘဲ လုပ်ဆပ်နေရသူတွေလည်း ရှိကြောင်း ကြားရပါတယ် ။
တကယ်ဆို ဂိမ်းရုံအားလုံးနီးပါးဟာ တရားမဝင် ဖွင့်ထားတာပါ။ အထဲက တရုတ်အများစုဟာလည်း တရားမဝင် နေကြသူတွေ များပါတယ်။ ဒါကို ဘယ်သူကမှ အရေးမယူသလို လက်နက်ကိုင်အချို့က အကာအကွယ်တောင် ပေးနေကြပါတယ်။
သေချာတာက အဲဒီလက်နက်ကိုင်တွေဟာလည်း ဆိုင်ရာ အစိုးရပုဂ္ဂိုလ်တွေရဲ့ ခွင့်ပြုချက်မရှိရင် လုပ်ရဲကြမှာ မဟုတ်ပါဘူး။ အားလုံးဟာ အကျိုးအမြတ် ရနေလို့ ရေငုံနှုတ်ပိတ် ေနကြတယ်လို့ ယူဆရပါတယ်။
အားလုံး အလိမ်အညာဘေး၊ ခေါင်းပုံဖြတ်ခြင်းဘေး၊ နိုင်ထက်စီးနင်းခံရခြင်းဘေးတွေက လွတ်မြောက်ကြပါစေ။

Credit : မူရင်းရေးသားသူ။

Leave a Reply