အားနာခြင်းဆိုတဲ့ တောင်ကို မကျော်နိုင်ရင် စီးပွါးရေးလုပ်လို့ မရဘူး

Knowledge

အားနာခြင်းဆိုတဲ့ တောင်ကို မကျော်နိုင်ရင် စီးပွါးရေးလုပ်လို့ မရဘူး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အားနာခြင်းဆိုတဲ့ တောင်ကို မကျော်နိုင်ရင် စီးပွါးရေးလုပ်လို့ မရဘူး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အားနာခြင်းဆိုတဲ့ တောင်ကို မကျော်နိုင်ရင် စီးပွါးရေးလုပ်လို့ မရဘူးတဲ့ ။ အဲ့ဒီစာကို မိတ္တူဆိုင်တစ်ဆိုင်မှာ ကပ်ထားတာ တွေ့ခဲ့ဖူးလို့ မှတ်ထားမိတာ ။

တွေ့တုန်းကတော့ ဘာရယ်မဟုတ်ဘူး ။ ဒီတိုင်းပဲ ဖတ်မိလိုက်ရုံပဲ ။ ဒီဆိုင်ရှင်က တယောက်ယောက်ကို ရည်စူးချင်လို့ စာကပ်ထားပုံရတယ် ပေါ့ ။ တဆက်တည်းမှာပဲ ပြုံးလည်း ပြုံးမိပါတယ် ။ သူလည်းပါးစပ်က ပြောရမှာ အားနာလို့ စာကပ်ထားတာကိုး ။ ခုထိ သူဟာ အားနာခြင်းဆိုတဲ့ တောင်ကို မကျော်နိုင်သေးဘူး။ စီးပွါးရေးလုပ်ရာမှာ အားမနာသင့်ကြောင်းကို ပါးစပ်ကပြောရမှာ အားနာလို့ စာကပ်ထားတာကိုပဲကြည့် ။

တကယ်တော့ အဲ့ဒါဟာ အဟုတ်ပဲဗျ ။ ကိုယ်တွေလို အားနာတတ်တဲ့ သူတွေအတွက် စီးပွါးရေး လုပ်ရာမှာ အခက်အခဲတွေရှိတယ် ။ စီးပွါးရေးထဲကို သနားတာတွေ ၊ အားနာတာတွေ ၊ လူမှုရေးတွေ ဆွဲသွင်းလို့မရဘူး ။

ဒီလိုပြောလို့ ဘယ်သူသေသေ ငတေမာရင် ပြီးရောကို ဆိုလိုတာ မဟုတ်ဘူး ။ သနားရမယ် ၊ အားနာရမယ် ၊ ညှာတာရမယ် ၊ ဖေးကူရမယ် ၊ ဒါပေမယ့် အလုပ်နဲ့ မရောရဘူး ။ အကန့်ခွဲထားရမယ် ။

မြင်သာအောင်ပြောရရင် ကိုယ်ရောင်းနေတဲ့ ပစ္စည်းကို သူငယ်ချင်းအရင်းကြီးက လာဝယ်မယ်။ ပိုက်ဆံယူလို့က မကောင်းဘူး ။ ဟာ ဒီလူနဲ့ ဒီလူကွာ ယူသွားစမ်းပါ ဘာညာ သွား မလုပ်ရဘူး ။ ပိုက်ဆံယူရမယ် ။ သူက တစ်ထောင်တန် ဝယ်ရင် အဲ့ဒီတစ်ထောင်ကို ယူထား ။ သူ့ကို တစ်ထောင်တန် ပစ္စည်းပေးလိုက် ။

ပြီးမှ ငါတို့ မုန့်သွားစားကြရအောင်ဆိုပြီး ဆိုင်တစ်ခုခေါ်သွားပြီး ကျသင့်ငွေကို ကိုယ်ကရှင်း ၊ အဲ့ဒီစရိတ်က သုံးထောင်လည်းဖြစ်ချင်ဖြစ်မယ် ။ လေးထောင်လည်းဖြစ်ချင်ဖြစ်မယ် ။ သူ့ဆီက ယူလိုက်တဲ့ ကျသင့်ငွေက အလုပ်အတွက် စည်းကမ်းအတိုင်းလုပ်တာ ။ သူ့ကို ပြန်ပေးလိုက်တာက ကိုယ့်ရဲ့အချိန်တွေ ခင်မင်မှုတွေ ၊ မေတ္တာတွေ ၊ လူမှုရေးတွေ ။ အဲ့လို အကန့်ခွဲနိုင်တဲ့အထိ အသည်းမာရမယ် ။

အဲ့လိုမှ မဟုတ်ရင် နောက်တစ်နည်းက ရတယ် သူငယ်ချင်း ပေးမနေနဲ့ ယူသွားစမ်းပါ ဆိုပြီး ပိုက်ဆံမယူပဲ ပစ္စည်းထည့်ပေးလိုက် ။ သူထွက်သွားတာနဲ့ ကိုယ့်သုံးငွေထဲကနေ ချက်ချင်း အလုပ်ထဲကို ရောင်းရငွေတန်ဖိုး ပြန်စိုက်ထည့်ရမယ် ။ အုတ်ရောရော ကျောက်ရောရော မလုပ်သင့်ဘူး။

တကယ်တော့ ပထမနည်းက ပိုကောင်းတယ် ။ ပိုပြီး နည်းလမ်းကျတယ် ။ ဒါပေမယ့် လူအသုံးများတာက ဒုတိယနည်းဖြစ်နေတယ် ။ သူငယ်ချင်းဆိုတဲ့ သူကလည်း အလုပ်ကို အလုပ်အတိုင်းလုပ်ပြီး ကိုယ့်ဆီက ပိုက်ဆံယူလိုက်‌ပေမယ့် အချိန်တွေပေး မေတ္တာတွေပေး ငွေပိုပြီး အကုန်ခံပေးတဲ့ သူထက် ပိုက်ဆံမယူပဲ ပစ္စည်းထည့်ပေးလိုက်တဲ့သူကိုပဲ ပိုပြီး နှစ်လိုတတ်ကြတယ် ။ ဒါက လူမှုရေး အပိုင်း ၊ နောက်တစ်ခုက သနားညှာတာမှုအပိုင်း ကို တွေးကြည့်ရအောင် ။

ကိုယ်က လ္ဘက်ရည်ဆိုင်ဖွင့်ထားတယ် ။ အီကြာကွေးတစ်ချောင်းကို ၂၀၀ ရောင်းတယ် ။ အိမ်ခြေယာမဲ့ ခလေးတစ်ယောက် ဝင်လာပြီး သူ့ဆီမှာ တစ်ရာပဲ ရှိလို့ ဗိုက်ကလည်းဆာနေလို့ အီကြာကွေးတစ်ခြမ်း ခွဲရောင်းပေးပါလို့ ဆိုလာခဲ့ရင် ကျွန်တော်ကတော့ မရောင်းဘူး ။ သူက တောင်းတာမဟုတ်ဘူး နော် ၊ ခိုးတာ လုတာလည်း မဟုတ်ဘူး ။ နှစ်ခြမ်းကို နှစ်ရာဆိုတော့ … တစ်ခြမ်းကို တစ်ရာပေါ့ ၊ ဟုတ်တာပဲလေ။ သူ့ရှိတဲ့ ပိုက်ဆံနဲ့ သူတောင်းဆိုတာနဲ့က အံကိုက်ပဲ ။

ဒါပေမယ့် ပြဿနာက ကျန်နေတဲ့ အီကြာကွေး တစ်ခြမ်းကို ဘယ်သူ့မှ ရောင်းမရတော့ဘူး ။ အဲ့ဒီအတွက် အလုပ်က အလုပ်ပဲ ၊ စီးပွါးရေးမှာ အားနာ သနားညှာတာ တာကို မထည့်ပဲနဲ့ ကျွန်တော်က ရောင်းမရဘူး ငါ့ညီ ဆိုပြီး ငြင်းလိုက်မယ် ။

အဲ့ဒီအစား ပေါင်မုန့်ကြက်ဥကြော်တစ်ပွဲ ဖြစ်ဖြစ် ၊ နံပြားထောပတ်သုတ် တစ်ပွဲဖြစ်ဖြစ် ကျွေးလိုက်မယ် ။ အဲ့ဒါ ဆိုင်က စတုဒီသာ လုပ်တာ မဟုတ်ဘူး ၊ ကျွန်တော်က ဆိုင်ပိုက်ဆံခြင်းထဲကို ငွေစိုက်ထည့်ပြီး ဝယ်ကျွေးတာ ။ တကယ်တမ်း အဲ့လိုကို ခွဲခြမ်းနိုင်မှ ။

ထောက်စရာ ရှိတာက ဒါများ သူ အီကြာကွေးတစ်ခြမ်း ဝယ်ကတည်းက ငွေစိုက်ထည့်ပြီး ဝယ်ကျွေးလိုက် ပြီးရောလို့ ပြောစရာရှိတယ် ။ ဗိုက်ဆာနေတဲ့ ခလေးတစ်ယောက် ၊ အရှက်ကို မငဲ့ကွက်ပဲ တောင်းဆိုလာတဲ့ ခလေးတစ်ယောက်အတွက် အီကြာကွေးတစ်ချောင်းနဲ့ လုံလောက်မှု မရှိလို့ပါ ။

သူ ‌‌ဈေးလာဝယ်တယ် အရောင်းအဝယ် မဖြစ်နိုင်တဲ့ ကမ်းလှမ်းမှုမျိုးနဲ့မို့ မရနိုင်ကြောင်း ငြင်းပယ်လိုက်တယ် ။ ဒါက ဖြစ်ရပ် သက်သက် ။ ဗိုက်ဆာနေတဲ့ လမ်းဘေးက ခလေးတစ်ယောက်ကို သနားကရုဏာစိတ်နဲ့ သူစားချင်တာထက် ပိုကောင်းတဲ့ မုန့်ဝယ်ကျွေးလိုက်တာက ဖြစ်ရပ် သက်သက် ။

ဒါကတော့ ကိုယ်တွေးမိ လက်ခံမိတဲ့ အတွေးသက်သက်ပဲ ၊ ဟုတ်ချင်လည်း ဟုတ်မယ် ၊ ဟုတ်ချင်မှလည်း ဟုတ်မယ် ။ မီးပျက်နေလို့ တွေးမိတွေးရာ ရေးမိရေးရာလေးတွေပေါ့ ။

ရေးသားသူ – လုလင်ငယ်သွေး

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။