အမေရိကန် သက်တမ်းဝက် ရွေးကောက်ပွဲ အရေးပါရတဲ့ အကြောင်းရင်း ၅ ချက်

International News Local News

အမေရိကန် သက်တမ်းဝက် ရွေးကောက်ပွဲ အရေးပါရတဲ့ အကြောင်းရင်း ၅ ချက်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အမေရိကန် သက်တမ်းဝက် ရွေးကောက်ပွဲအရေးပါရတဲ့ အကြောင်းရင်း၅ချက် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၈ နိုဝင်ဘာ ၂၀၂၂
အန်တိုနီ ဇူရ်ကာ

မြောက်အမေရိကဒေသ ဘီဘီစီသတင်းထောက်

အမေရိကန် သက်တမ်းဝက် ရွေးကောက်ပွဲ
နိုဝင်ဘာလ ၈ ရက်နေ့ အမေရိကန် သက်တမ်းဝက် ရွေးကောက်ပွဲဟာ အမေရိကန်နိုင်ငံရဲ့ ဦးတည်ချက်လမ်းကြောင်းအပေါ်မှာရော၊ သမ္မတနဲ့ အစိုးရပါတီရဲ့ ကံကြမ္မာအပေါ်မှာပါ ကြီးမားတဲ့ ရိုက်ခတ်မှုကြီး ဖြစ်လာပါလိမ့်မယ်။

လက်ရှိသမ္မတ ဂျိုး ဘိုင်ဒန်ကတော့ ဒီရွေးကောက်ပွဲမှာ မပါပါဘူး။ ဒီသက်တမ်းဝက် ရွေးကောက်ပွဲဟာ ကွန်ဂရက်လွှတ်တော်ကိုရော ပြည်နယ်လွှတ်တော်တွေနဲ့ ပြည်နယ်အုပ်ချုပ်ရေးရုံးတွေကိုပါ ဘယ်သူ ထိန်းချုပ်မလဲ ဆိုတာကို အဆုံးအဖြတ်ပေးမှာပါ။

ဒါပေမဲ့ ဒီသက်တမ်းဝက် ရွေးကောက်ပွဲဟာ မဲဆန္ဒရှင်တွေအနေနဲ့ သမ္မတ ဘိုင်ဒန်ရဲ့ နိုင်ငံကို ဦးဆောင်နိုင်စွမ်းနဲ့ လက်ရှိ နိုင်ငံရေးဦးတည်ချက်အပေါ် သူတို့ရဲ့ အမြင်သဘောထားတွေကို တနည်းတဖုံ ထုတ်ဖော်ပြခွင့် ရမှာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံမှာ စီးပွားရေး အခက်အခဲတွေ ကြုံလာနေရပြီး ရာဇဝတ်မှုတွေနဲ့ နိုင်ငံထဲ အထောက်အထားမဲ့ ဝင်ရောက်လာနေမှုတွေနဲ့ ပတ်သက်ပြီး မဲဆန္ဒရှင်တွေ စိုးရိမ်နေကြပါတယ်။ ဒါ့အပြင် ဒီရွေးကောက်ပွဲ ရလဒ်ဟာ ၂၀၂၄ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရနိုင်ရေးကိုလည်း သြဇာသက်ရောက်မှု ရှိမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ၂၀၂၄ ရွေးကောက်ပွဲမှာ ဒေါ်နယ် ထရမ့် ထပ်ပြိုင်မယ့်ပုံ ရှိနေလို့ ဖြစ်ပါတယ်။

ဒီသက်တမ်းဝက် ရွေးကောက်ပွဲ ဘာ့ကြောင့် ဒီလောက်တောင် အရေးပါသလဲ ဆိုတဲ့ အကြောင်းရင်း ၅ ချက်ကို ကြည့်ကြရအောင်ပါ။

၁။ ကိုယ်ဝန်ဖျက်ချခွင့် ဒါမှမဟုတ် ကန့်သတ်မှုတွေ
ကွန်ဂရက်လွှတ်တော်ကို ပြင်ဆင်ဖွဲ့စည်းတာဟာ နိုင်ငံတဝန်းက အမေရိကန်ပြည်သူတွေရဲ့ နေ့စဉ်ဘဝအပေါ် တိုက်ရိုက် ရိုက်ခတ်လာနိုင်ပါတယ်။ ဥပမာ တစ်ခုပြရရင် ကိုယ်ဝန်ဖျက်ချခွင့်ကိစ္စ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ အကာအကွယ်ပေးထားတဲ့ ကိုယ်ဝန်ဖျက်ချခွင့်ကို တရားရုံးချုပ်က ဇွန်လတုန်းက ပယ်ဖျက်ခဲ့ပါတယ်။ တကယ်လို့ သက်တမ်းဝက် ရွေးကောက်ပွဲမှာ အနိုင်ရပြီး လွှတ်တော်ကို ထိန်းချုပ်ခွင့်ရလာမယ်ဆိုရင် ချမှတ်မယ့် နိုင်ငံတဝန်း စည်းမျဉ်းဥပဒေသစ်တွေကို နှစ်ဖက်ပါတီတွေက အဆိုပြုထားကြပြီး ဖြစ်ပါတယ်။

အမျိုးသမီးတွေ ကိုယ်ဝန်ဖျက်ခွင့်ကို ဆက်ထားထားမယ်လို့ ဒီမိုကရက်တွေက ကတိပြုထားပြီး ရီပတ်ဘလီကန်တွေကတော့ ကိုယ်ဝန် ၁၅ ပတ်ကျော်ရင် ကိုယ်ဝန်ဖျက်ချခွင့် တားမြစ်ပိတ်ပင်တဲ့ ဥပဒေကို နိုင်ငံတဝန်း ချမှတ်မယ်လို့ အဆိုပြုထားပါတယ်။

ပြည်နယ်အဆင့်မှာ ပန်ဆေလ်ဗေးနီးယား၊ ဝစ်ကွန်ဆင်နဲ့ မစ်ရှီဂန်တို့လို ရှေးရိုးကျတဲ့ နိုင်ငံရေး သြဇာလွန်ဆွဲပွဲတွေမှာဆိုရင် အဓိက ပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့ ဒေသန္တရ ရွေးကောက်ပွဲတွေရဲ့ ရလဒ်တွေပေါ် မူတည်ပြီး အဲဒီပြည်နယ်တွေမှာ ကိုယ်ဝန်ဖျက်ချခွင့် ကန့်သတ်မှုတွေ နောက်ထပ် ချမှတ်လာနိုင်ဖွယ် ရှိနေပါတယ်။

ကွန်ဂရက်လွှတ်တော်မှာ ဘယ်သူနိုင်မလဲ ဆိုတာနဲ့ ပြည်နယ်တွေမှာ ဘယ်သူ အနိုင်ရမလဲ ဆိုတာတွေက ကိုယ်ဝန်ဖျက်ချခွင့်တင်မက တခြား မူဝါဒတွေပေါ်မှာသာ ရိုက်ခတ်မှုတွေ ရှိလာမှာပါ။

တကယ်လို့ ရီပတ်ဘလီကန်တွေ အနိုင်ရမယ် ဆိုရင် လူဝင်မှုကြီးကြပ်ရေး ကိစ္စ၊ ဘာသာရေးအခွင့်အရေးနဲ့ အကြမ်းဖက်ရာဇဝတ်မှု ဖြေရှင်းရေး ကိစ္စတွေက ဦးစားပေး ဖြေရှင်းဆောင်ရွက်မယ့် ကိစ္စတွေ ဖြစ်လာမယ်လို့ မျှော်လင့်ရပါတယ်။

ဒီမိုကရက်တွေ အနိုင်ရရင်တော့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ကျန်းမာရေး စောင့်ရှောက်မှု၊ မဲပေးခွင့်နဲ့ thay နတ်ကိုင်ဆောင်မှု ထိန်းချုပ်ရေး ကိစ္စရပ်တွေက အဓိက ဦးစားပေးကိစ္စရပ်တွေအဖြစ် ဆက်ရှိနေမှာ ဖြစ်ပါတယ်။

၂။ ဒီမိုကရက်တွေကို စုံစမ်းစစ်ဆေးဖို့ ရီပတ်ဘလီကန်တွေရဲ့ အလှည့်
ဒါပေမဲ့လည်း ဒီသက်တမ်းဝက် ရွေးကောက်ပွဲတွေဟာ မူဝါဒအပိုင်းကို ကျော်လွန်ပြီး ရိုက်ခတ်မှု ရှိလာမှာ ဖြစ်ပါတယ်။

ကွန်ဂရက်လွှတ်တော်ကို ထိန်းချုပ်နိုင်တာဟာ စုံစမ်းစစ်ဆေးရေး ကော်မတီ ဖွဲ့နိုင်ခွင့် အာဏာ ရလာတာပါ။

ပြီးခဲ့တဲ့ ၂ နှစ်မှာ ဒီမိုကရက်တွေက အိမ်ဖြူတော်အစိုးရ ရင်ဆိုင်နေရတဲ့ ဝေဖန်မှုတွေကို အကန့်အသတ်နဲ့ သာ စုံစမ်းစစ်ဆေးခွင့် ပြုခဲ့ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့တုန်းက အမေရိကန်လွှတ်တော် အဆောက်အအုံကို လူအုပ်ကြီးက ဝင်ရောက် စီးနင်းခဲ့တဲ့ ကိစ္စကို အဓိကထား စုံစမ်းစစ်ဆေးမှု လုပ်ခဲ့ပါတယ်။

ဒေါ်နယ် ထရမ့် ဘာတွေကြိုသိခဲ့သလဲ ဆိုတာနဲ့ ဘယ်လို တုံ့ပြန်ခဲ့သလဲ ဆိုတာကို ဖော်ထုတ်နိုင်ဖို့ ကြိုးစားတဲ့အနေနဲ့ ဒီမိုကရက်အစိုးရက လူရာပေါင်းများစွာကို မေးမြန်းတာတွေ လုပ်ခဲ့ပြီး အဲဒီနေ့က ဘာတွေ ဖြစ်ခဲ့သလဲဆိုတဲ့အကြောင်း ကြားနာစစ်ဆေးမှုကို ရုပ်မြင်သံကြားနဲ့ ရေဒီယိုမှာ လူအများဆုံး ကြည့်တဲ့အချိန်မှာ ထုတ်လွှင့် ပြခဲ့ပါတယ်။ ဒီအကြောင်း အစီရင်ခံစာကို အခုနှစ်ကုန်ပိုင်းမတိုင်ခင် ထုတ်ပြန်မယ်လို့ မျှော်လင့်ရပါတယ်။

ဒါပေမဲ့ ဒါတွေအားလုံး ပြောင်းလဲသွားမယ့်ပုံမျိုး ရှိနေပါတယ်။ အောက်လွှတ်တော်ကို အနိုင်ရ ထိန်းချုပ်နိုင်ဖို့ ကြိုတင်မျှော်မှန်းထားပြီး ဖြစ်တဲ့ ရီပတ်ဘလီကန်တွေက အဲဒီ ဇန်နဝါရီ ၆ ရက် စုံစမ်းစစ်ဆေးရေးကော်မတီကို သူတို့ ဖျက်သိမ်းမှာ ဖြစ်ပြီး ဂျိုးဘိုင်ဒန်ရဲ့သား ဟန်တာ ဘိုင်ဒန်ရဲ့ စီးပွားရေး တရုတ်နဲ့ ဆက်နွှယ်ပတ်သက်နေတာကို ကြားနာစစ်ဆေးမှု စလုပ်မယ်လို့ ပြောနေပါတယ်။

ဒါ့အပြင် သမ္မတဘိုင်ဒန် အစိုးရရဲ့ လူဝင်မှုကြီးကြပ်ရေး မူဝါဒ၊ အာဖဂန်နစ္စတန်ကနေ အမေရိကန်တပ်ဖွဲ့တွေ ဆုတ်ခွာခဲ့မှုနဲ့ တရုတ်မှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးရဲ့ မူလဇစ်မြစ် အကြောင်းတွေကိုလည်း ရီပတ်ဘလီကန်တွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်ချင်နေပါတယ်။

တကယ်လို့ ရီပတ်ဘလီကန်တွေကသာ ဆီးနိတ်အထက်လွှတ်တော်ကိုလည်း ထိန်းချုပ်လိုက်နိုင်ပြီ ဆိုရင်တော့ ဖယ်ဒရယ် တရားရုံးတွေနဲ့ အရေးပါတဲ့ အစိုးရအေဂျင်စီအဖွဲ့အစည်းတွေမှာ လုပ်ကိုင်ဆောင်ရွက်ဖို့ သမ္မတဘိုင်ဒန် ရွေးချယ် အဆိုပြုထားတဲ့သူတွေကို အတည်ပြုခန့်အပ်နိုင်ရေး လုပ်ငန်းစဉ်ကလည်း ရပ်ဆိုင်းသွားဖို့ ရှိနေပါတယ်။

အမေရိကန် သက်တမ်းဝက်ရွေးကောက်ပွဲ


၃။ ဂျိုးဘိုင်ဒန်ရဲ့ အနာဂတ်ရှေ့ရေး
သက်တမ်းဝက် ရွေးကောက်ပွဲတွေဟာ သမ္မတသက်တမ်းတစ်ခုရဲ့ ပထမ နှစ်နှစ်တာကာလမှာ ကျင်းပတဲ့ လူထုဆန္ဒခံယူပွဲတစ်ခုအဖြစ် ယူဆထားတာ ဖြစ်ပြီး အစိုးရပါတီက အနိုင်ရလေ့ ရှိပါတယ်။

ဂျိုး ဘိုင်ဒန်အပေါ် လူထုရဲ့ ထောက်ခံအားပေးမှုနှုန်း ကျဆင်းလာနေတာ တစ်နှစ်ကျော်လောက် ရှိနေပါပြီ။ အခုနွေရာသီကာလမှာ ဒီမိုကရက်တွေကို ထောက်ခံမှု တစ်ကျော့ပြန် တက်လာခဲ့ပေမဲ့ မြင့်မားနေတဲ့ ငွေကြေးဖောင်းပွမှုနဲ့ စီးပွားရေးအကျပ်အတည်းအပေါ် လူထုက စိုးရိမ်နေမှုတွေကြောင့် ဒီမိုကရက်အစိုးရဟာ သူတို့ကို ထောက်ခံအားပေးမှု ပြန်ရလာအောင် သက်တမ်းဝက် ရွေးကောက်ပွဲ နောက်ဆုံးအသုတ် မဲဆွယ်စည်းရုံးမှုတွေမှာ မနည်းအားထုတ်ခဲ့ရပြီး လွှတ်တော် နှစ်ရပ်စလုံး အနိုင်ရဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ကွန်ဂရက်လွှတ်တော်မှာ မဲအများစုကို ပွတ်ကာသီကာနဲ့ အနိုင်ရခဲ့ပေမဲ့လည်း ဂျိုးဘိုင်ဒန်က သူ့ရဲ့ သမ္မတသက်တမ်း ပထမ နှစ်နှစ်မှာ ရာသီဥတုပြောင်းလဲလာမှု တားဆီးတိုက်ဖျက်ရေး၊ thay နတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်ရေး၊ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုနဲ့ ကလေးငယ်တွေ ဆင်းရဲမွဲတေမှု ကိစ္စရပ်တွေမှာ စည်းမျဉ်းဥပဒေသစ်တွေ ချမှတ်ဖို့ တွန်းအားပေး ဆောင်ရွက်ခဲ့ပါတယ်။

တကယ်လို့များ ဒီလွှတ်တော် နှစ်ရပ်ထဲက တစ်ရပ်ရပ်ကိုသာ ရီပတ်ဘလီကန်တွေ ထိန်းချုပ်နိုင်ခွင့် ရသွားမယ် ဆိုရင် ဒီမိုကရက်တွေရဲ့ အဆိုပြုချက် ဥပဒေကြမ်းတွေကို ကွန်ဂရက်မှာ အတည်ပြုနိုင်ရေးကို ကန့်ကွက် တားဆီးခွင့် ရသွားမှာ ဖြစ်ပြီး ရှေ့မတိုးနောက်မဆုတ်သာ အခြေအနေ ဖြစ်သွားပါလိမ့်မယ်။

သက်တမ်းဝက် ရွေးကောက်ပွဲမှာ ဒီမိုကရက်တွေ အရေးနိမ့်သွားမယ်ဆိုရင် ဒါဟာ သမ္မတဘိုင်ဒန်ရဲ့ နိုင်ငံရေးအားနည်းမှုကို ဆက်ထင်ဟပ်ပြနေတဲ့ လက္ခဏာအဖြစ် ချက်ချင်း ကောက်ချက်ချကြမှာ ဖြစ်ပြီး ၂၀၂၄ သမ္မတရွေးကောက်ပွဲရာသီ စတင်ချိန်မှာ တခြား ဒီမိုကရက်သမ္မတလောင်း တစ်ဦးကို နေရာပေးဖို့ ဂျိုးဘိုင်ဒန်ကို ရာထူးကနေ ဆင်းပေးဖို့ တောင်းဆိုမှုတွေ ထပ်ရှိလာနိုင်ပါတယ်။

သမ္မတဘိုင်ဒန်နဲ့ သူ့ရဲ့ အကြံပေးပုဂ္ဂိုလ်တွေကတော့ ရွေးကောက်ပွဲ ပြန်ကျင်းပပြီး အရွေးခံမယ်လို့ အခိုင်အမာ ပြောနေပါတယ်။ ဒါပေမဲ့လည်း ကိုယ့်ပါတီတွင်းမှာပဲ နောက်သမ္မတလောင်းတစ်ဦးက ယှဉ်ပြိုင်အနိုင်ရပြီး လက်ရှိသမ္မတကို ဖြုတ်ချတာမျိုးက လက်ရှိနိုင်ငံရေး ကာလမှာ တစ်ကြိမ်သာ ကြုံခဲ့ရဖူးပါတယ်။

၄။ ထရမ့် နောက်ထပ် ဝင်အရွေးခံဦးမလား
မစ္စတာ ထရမ့်ဟာ လတ်တလောနှစ်ပိုင်းတွေအတွင်း ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားခဲ့ကြတဲ့ သမ္မတတွေလိုမျိုး နိုင်ငံရေးလောကထဲကနေ တိတ်တဆိတ် အသာတကြည် ထွက်ခွာသွားသူတော့ မဟုတ်ပါဘူး။

သူက ၂၀၂၄ ခုနှစ်မှာ အိမ်ဖြူတော်ကို ပြန်လာဖို့ စိတ်ဝင်စားနေဆဲပဲဆိုတာ တွေ့ရပါတယ်။ ဒီသက်တမ်းဝက် ရွေးကောက်ပွဲက သူ့မျှော်လင့်ချက်တွေကို ပိုခိုင်မာလာမယ့်ပုံ ဒါမှမဟုတ် လုံးဝ ပျက်စီးသွားမယ့်ပုံမျိုး ရှိနေပါတယ်။ ဒီရွေးကောက်ပွဲမှာ သူဝင်မပြိုင်ပေမဲ့ သူအဆိုပြု ရွေးချယ်ခဲ့တဲ့ အထင်ကရ နာမည်ကြီးပုဂ္ဂိုလ်တွေက နိုင်ငံတဝန်းမှာ ဝင်အရွေးခံခဲ့ကြပါတယ်။

သက်ကြီးပိုင်း ရီပတ်ဘလီကန် ခေါင်းဆောင်တွေဆီက ကန့်ကွက်မှုတွေ ရှိနေတဲ့ကြားက သမ္မတဟောင်း ထရမ့်က ရှေးရိုးစွဲ ရီပတ်ဘလီကန် နိုင်ငံရေးသမားတွေ အများကြီးကို ကျော်ပြီး ဂျော်ဂျီယာပြည်နယ်မှာ ဘောလုံးသမားဟောင်း ဟာရှယ်လ် ဝေါ်ကာ၊ ပန်ဆေလ်ဗေးနီးယားပြည်နယ်မှာ ရုပ်မြင်သံကြား ဆရာဝန် မေမက် အော့ဇ်၊ အိုဟိုင်းယိုပြည်နယ်မှာ လူကြိုက်များတဲ့ စာရေးဆရာ ဂျေဒီ ဗဲန့်စ် စတဲ့ အထင်ကရပုဂ္ဂိုလ်တွေကို ဆီးနိတ်လွှတ်တော် အမတ်လောင်းတွေအဖြစ် ဒီသက်တမ်းဝက် ရွေးကောက်ပွဲမှာ ဝင်အရွေးခံခိုင်းခဲ့ပါတယ်။

တကယ်လို့ သူတို့သာ အနိုင်ရမယ်ဆိုရင် ဒေါ်နယ် ထရမ့်မှာ နိုင်ငံရေး အကဲဖြတ်စိတ် ထက်မြက်စူးရှတယ် ဆိုတာကို သက်သေပြနိုင်မှာ ဖြစ်ပြီး သူ့ရဲ့ ရှေးရိုးဝါဒီ နိုင်ငံရေးအမှတ်သင်္ကေတကို နိုင်ငံတဝန်း ထောက်ခံအားပေးမှု ရလာစေမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ တကယ်လို့များ ကွန်ဂရက်မှာ ရီပတ်ဘလီကန်တွေသာ ရှုံးနိမ့်သွားမယ်ဆိုရင် ဒါဟာ ရှေးရိုးအစဉ်အလာကို သွေဖည်ပြီး သူရွေးချယ် အဆိုပြုခဲ့တဲ့ အမတ်လောင်းတွေကြောင့် ရှုံးနိမ့်ရတာမို့ မစ္စတာထရမ့်အနေနဲ့ အပြစ်ပုံချခံရဖွယ် ရှိနေပါတယ်။

ဒီလို ရလဒ်မျိုး ဖြစ်လာရင်တော့ ရီပတ်ဘလီကန်ပါတီတွင်းက မစ္စတာထရမ့်ရဲ့ ပြိုင်ဘက် သမ္မတလောင်းတွေ အတွက် မျှော်လင့်ချက်တွေ ပိုတိုးလာစေနိုင်ပါတယ်။ ဖလော်ရီဒါပြည်နယ် အုပ်ချုပ်ရေးမှူး ရောန် ဒီဆန်းတစ်စ်နဲ့ တက္ကဆက်စ်ပြည်နယ် အုပ်ချုပ်ရေးမှူး ဂရက်ဂ် အက်ဘော့ တို့က နိုဝင်ဘာလ ပါတီတွင်း သမ္မတလောင်း ရွေးပွဲမှာ ဝင်အရွေးခံဖို့ ပြင်နေကြပြီး ဒီပွဲမှာ နိုင်ရင် ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲအတွက် ရီပတ်ဘလီကန် သမ္မလောင်း အဖြစ် အဆိုပြုခံရဖို့ အဆင့်တစ်ဆင့် နီးလာမှာ ဖြစ်ပါတယ်။

အမေရိကန် သက်တမ်းဝက်ရွေးကောက်ပွဲ
၅။ ဒီသက်တမ်းဝက်ရွေးကောက်ပွဲမှာ ရှုံးနိမ့်သူတွေ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ကြမလား
၂၀၂၂ ခုနှစ် သက်တမ်းဝက် ရွေးကောက်ပွဲဟာ ဂျိုးဘိုင်ဒန် သမ္မတရွေးကောက်ပွဲမှာ အနိုင်ရခဲ့တယ်ဆိုတာကို အတည်မပြုနိုင်အောင် တားဆီးတဲ့အနေနဲ့ ဒေါ်နယ်ထရမ့်ကို ထောက်ခံအားပေးသူတွေက ဇန်နဝါရီလ ၆ ရက် အမေရိကန်လွှတ်တော် အဆောက်အအုံကို စီးနင်း ဝင်ရောက်ခဲ့အပြီး ပထမဆုံးအကြိမ် ကျင်းပတဲ့ ဖယ်ဒရယ် ရွေးကောက်ပွဲ ဖြစ်ပါတယ်။

မစ္စတာ ထရမ့်က ဒီဆူပူအုံကြွမှုတွေကို ပြစ်တင် ပြောဆိုတာမျိုး မလုပ်တဲ့အပြင် ရွေးကောက်ပွဲ ရလဒ်ကို လက်မခံဘဲ မေးခွန်း ဆက်ထုတ်နေခဲ့ပါတယ်။ ထရမ့် ရှုံးခဲ့ရတာဟာ မဲခိုးမှုတွေ ရှိလို့ပါလို့ ဆိုနေကြတဲ့ ရီပတ်ဘလီကန် အမတ်လောင်းတွေကိုလည်း သူက အားတက်သရော ထောက်ခံခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်ကို ထောက်ခံအားပေးခဲ့တဲ့ အမတ်တွေထဲက အရစ်ဇိုးနားပြည်နယ်က မာခ့် ဖင်ချမ်မ်၊ နဗားဒါးပြည်နယ်က ဂျင်မ် မာချန့်၊ ပန်ဆေလ်ဗေးနီးယားပြည်နယ်က ဒပ်ဂ် မက်စ်ထရီယာနို တို့လို အမတ်လောင်း အတော်များများ ဒီသက်တမ်းဝက် ရွေးကောက်ပွဲမှာ ဝင်အရွေးခံခဲ့ကြပါတယ်။ သူတို့ဝင်အရွေးခံတဲ့ နေရာတွေက ၂၀၂၄ သမ္မတရွေးကောက်ပွဲ ကျင်းပချိန်ကျရင် သူတို့ရဲ့ ပြည်နယ်ရွေးကောက်ပွဲစနစ်တွေမှာ ထိန်းချုပ်မှုတချို့ လုပ်နိုင်မယ့် ရုံးဌာနတွေပါ။

တကယ်လို့ အရွေးခံရရင် ဒီနိုင်ငံရေးသမားတွေက မဲရလဒ် မကွာတဲ့ ရွေးကောက်ပွဲမျိုးမှာ သူတို့ပြည်နယ်က မဲရလဒ်ကို အတည်ပြုပေးဖို့ ငြင်းဆိုနိုင်ခွင့် ရှိပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲဆိုင်ရာ အဂတိလိုက်စားမှု ရှိတယ်ဆိုတဲ့ စွပ်စွဲပြောဆိုမှုတွေ ဒါမှမဟုတ် စာတိုက်၊ မဲပုံးတို့လို မဲထည့်ပုံ ထည့်နည်းနဲ့ ပတ်သက်လို့ စည်းမျဉ်းဥပဒေသစ်တွေ ချမှတ်မှုတွေပေါ် အခြေခံပြီး တရားစွဲဆိုမှုတွေမှာလည်း ဒီအမတ်တွေက ပါဝင်ပူးပေါင်းနိုင်ခွင့် ရှိလာမှာ ဖြစ်ပါတယ်။

၂၀၂၀ ခုနှစ်မှာ မဲရလဒ်တချို့ကို ပြန်ပြင်ပေးဖို့ မစ္စတာ ထရမ့်ဆီက ဖိအားပေး ပြောဆိုမှုတွေအောက်မှာ ဒေသန္တရ ပြည်နယ် ရွေးကောက်ပွဲစနစ်ရုံးဌာနတွေက ရီပတ်ဘလီကန်အမတ်တွေက သူ့တောင်းဆိုချက်အတိုင်း လိုက်လုပ်ဖို့ ငြင်းဆန်ခဲ့ကြပါတယ်။

၂ နှစ်ကြာလာအပြီး အခုချိန်မှာတော့ တကယ်လို့များ အလားတူ ရွေးကောက်ပွဲမျိုး ဖြစ်လာမယ်ဆိုရင် ဒီလိုစိန်ခေါ်မှုမျိုးရဲ့ ရလဒ်က အရင်တစ်ခေါက်နဲ့ မတူဘဲ လုံးဝ ကွဲပြား ခြားနားသွားနိုင်ဖွယ် ရှိနေပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။