တောင်ကုတ်စည်ပင်ဥက္ကဋ္ဌဟောင်းကို စစ်ကောင်စီ ဖမ်းဆီးအရေးယူ

Local News

တောင်ကုတ်စည်ပင်ဥက္ကဋ္ဌဟောင်းကို စစ်ကောင်စီ ဖမ်းဆီးအရေးယူ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တောင်ကုတ်စည်ပင်ဥက္ကဋ္ဌဟောင်းကို စစ်ကောင်စီ ဖမ်းဆီးအရေးယူ
ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၉ နိုဝင်ဘာ ၂၀၂၂

အာဏာမသိမ်းမီက AA နှင့် ပတ်သက်သည်ဟူသော သံသယဖြင့် တစ်နှစ်ခန့် ဖမ်းဆီးထိန်းသိမ်းခံရသူ စည်ပင်ဥက္ကဋ္ဌဟောင်း ဦးဇေယျကျော်နှင့် ညီဖြစ်သူကို ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက ထပ်မံ ဖမ်းဆီးထားသည်။​


ဦးဇေယျကျော်၏ ညီဖြစ်သူ ကိုစည်သူကျော်ဇံ (ယာ) တို့ကို ၂၀၂၁ ဧပြီ ၂၆ တွင် သံတွဲအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသည်ကို တွေ့ရစဉ်။

ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်၍ တစ်နှစ်ခန့် ဖမ်းဆီးချုပ်နှောင်ခံခဲ့ရဖူးသည့် တောင်ကုတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌဟောင်း ဦးဇေယျကျော်ကို ယမန်နေ့ (နိုဝင်ဘာ ၈) တွင် စစ်ကောင်စီက လာရောက်ဖမ်းဆီးသွားကြောင်း သိရသည်။

ယမန်နေ့ မွန်းလွဲပိုင်းတွင် တောင်ကုတ်မြို့ ဦးဥတ္တမကလေးကစားကွင်းအနီး အရပ်ဝတ်များက အိမ်စီးကားတစ်စီးဖြင့် လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဦးဇေယျကျော်၏ မိတ်ဆွေတစ်ဦးက ပြောသည်။​

“သူက နေ့စဉ်လိုလို ကလေးကစားကွင်းမှာ ရှိနေတတ်တယ်။ ဒီကနေ့ နေ့လယ် ၂ နာရီ ကျော်ကျော်လောက်က စစ်ဆေးစရာရှိတယ်ဆိုပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးက လာခေါ်သွားတယ်လို့ သိရတယ်” ဟု ထိုသူက ပြောသည်။

အသက် ၄၇ နှစ်အရွယ် ဦးဇေယျကျော်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အစိုးရလက်ထက်တွင် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ကာ ၂၀၂၀ ဧပြီလအတွင်းကလည်း အဖမ်းခံရကာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က) ဖြင့် တရားစွဲခံရသည်။

ထိုစဉ်က ၎င်း၏ညီဖြစ်သူ ကိုစည်သူကျော်ဇံ အပါအဝင် အခြားသူသုံးဦးနှင့်အတူ သံတွဲအကျဉ်းထောင်မှနေ၍ အမှုရင်ဆိုင်ခဲ့ရပြီး စစ်တပ်က အာဏာသိမ်းပြီး နှစ်လနီးပါးအကြာ ၂၀၂၁ ဧပြီတွင် ပြန်လည်လွတ်မြောက်ခဲ့သည်။

နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပြီး အရပ်ဘက်အဖွဲ့အစည်းများတွင် ဦးဆောင်ပါဝင်လေ့ရှိသူ ဦးဇေယျကျော်ကို စစ်ကောင်စီက မည်သည့်အတွက် ဖမ်းဆီးသည်ဟု မသိရသေးပေ။​

၎င်းမှာ ပြီးခဲ့သည့်နှစ်တွင် သံတွဲအကျဉ်းထောင်မှ ပြန်လွတ်မြောက်လာပြီးနောက် နိုင်ငံရေးကိစ္စများ ဆောင်ရွက်ခြင်းမရှိဘဲ တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်ရှိ ဦးဥတ္တမ ကလေးအားကစားကွင်း သာယာလှပရေး ဆောင်ရွက်နေသူဖြစ်ကြောင်း မြို့ခံတို့က ဆိုသည်။

ဦးဇေယျကျော်၏ ညီဖြစ်သူ အသက် ၄၀ အရွယ် ကိုစည်သူကျော်ဇံကိုလည်း ယခုလ ၄ ရက်တွင် စစ်ကောင်စီက နေအိမ်သို့ လာရောက် ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်ထိ ပြန်မလွှတ်သေးပေ။​

“ပထမအကြိမ်တုန်းကတော့ အစ်ကိုကို ဖမ်းပြီး များမကြာခင်မှာပဲ ညီအဖမ်းခံခဲ့ရတယ်။ လွတ်တော့ တစ်ပြိုင်တည်း လွတ်လာတယ်။ အခု ညီကို အရင်ဖမ်းပြီး အစ်ကို့ကို ထပ်ဖမ်းပြန်တယ်။ သူတို့က နိုင်ငံရေးနဲ့ ပတ်သက်တာကို မလုပ်တော့ဘဲ အေးအေးချမ်းချမ်းနေနေတဲ့သူတွေဖြစ်တယ်။ ညီအစ်ကို နှစ်ယောက်လုံး ပြန်လွတ်လာစေချင်တယ်” ဟု အဖမ်းခံရသူများ၏ မိသားစုဝင်တစ်ဦးက ပြောသည်။

အာဏာသိမ်းပြီးနောက် ယခုနှစ်ဆန်းမှစ၍ AA နှင့် စစ်ကောင်စီတို့အကြား စစ်ရေးတင်းမာလာပြီး တိုက်ပွဲများနှင့်အတူ နှစ်ဖက်အပြန်အလှန် ဖမ်းဆီးမှုများ ပေါ်ပေါက်နေသည်။

ပြီးခဲ့သည့် စက်တင်ဘာနှင့် အောက်တိုဘာလအတွင်းက AA ကို ထောက်ပံ့သည်၊ သတင်းပေးသည်ဟု စွပ်စွဲကာ စစ်ကောင်စီက တောင်ကုတ်ဒေသခံ ၃၀ နီးပါးကို ဖမ်းဆီးခဲ့သည်။ ဆရာဝန်တစ်ဦး အပါအဝင် တောင်ကုတ်ဒေသခံ ၆ ဦးကို မတရားအသင်းဆက်သွယ်မှုဥပဒေပါ ပုဒ်မ ၁၇(၁) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်တောင်ပိုင်း တောင်ကုတ်နှင့် သံတွဲမြို့နယ်များတွင် AA နှင့် ဆက်စပ်သည်ဟု သံသယရှိသူမှန်သမျှကို စစ်ကောင်စီက ဆက်တိုက်ဖမ်းဆီးလျက်ရှိရာ သံတွဲခရိုင်စာတိုက်မှူး ဦးထွန်းထွန်းဝင်းကို ယခုလ ၄ ရက်တွင်လည်းကောင်း၊ နောက်တစ်ရက်တွင် သံတွဲမြို့ ရွှေရိုးမဆီဆိုင်မန်နေဂျာ ဦးဘိုသန်းကျော်ကိုလည်းကောင်း ဖမ်းဆီးခဲ့သည်။

သံတွဲမြို့နယ်တွင် စက်တင်ဘာမှစတင်၍ လက်ရှိအချိန်အထိ AA နှင့် ဆက်စပ်သည်ဟူသော သံသယဖြင့် စစ်ကောင်စီက ဖမ်းဆီးခဲ့သူ ၂၀ ကျော် ရှိပြီဖြစ်ကာ ၆ ဦးကို ပုဒ်မ ၁၇(၁) ဖြင့် တရားစွဲထားသည်။

ရေးသားသူ – Myanmar Now

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။