အာဆီယံအထူးသံ ရက်ပိုင်းအတွင်း မြန်မာပြည်ရောက်လာဖို့ရှိ

Local News

အာဆီယံအထူးသံ ရက်ပိုင်းအတွင်း မြန်မာပြည်ရောက်လာဖို့ရှိ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့အာဆီယံအထူးသံ ရက်ပိုင်းအတွင်း မြန်မာပြည်ရောက်လာဖို့ရှိ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အာဆီယံအထူးသံတမန် မစ္စတာ ပရတ်ဆော့ခွန်းဟာ မြန်မာနိုင်ငံကို အခုရက်ပိုင်းအတွင်းရောက်လာဖို့ရှိပြီး ဒါဟာ မြန်မာ့အရေးအထူးသံတမန်အဖြစ် လာရောက်တဲ့ နောက်ဆုံးခရီးစဥ် ဖြစ်လာနိုင်ဖွယ်ရှိပါတယ်။
“ပရက်ဆော့ခွန်းရဲ့ ခရီးစဥ်က အာဆီယံထိပ်သီးအစည်းအဝေးက ခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်နဲ့သတင်းစကားကို ယူလာဖို့ပဲဖြစ်ပါလိမ့်မယ်။ ကမ္ဘောဒီးယားက ဒီအာဆီယံဥက္ကဋ္ဌ တာဝန်ယူစဥ်နှစ်စတုန်းက နိုင်ငံတကာအရေးစောင့်ကြည့်သူတွေ စိုးရိမ်တာက အာဆီယံက စစ်ကောင်စီကိုအစိုးရအနေနဲ့ တရားဝင်အသိအမှတ်ပြုလိုက်တာမျိုးဖြစ်လာမှာကို စိုးရိမ်ခဲ့တယ်။ အဲဒီပေတံနဲ့တိုင်းတာရင်တော့ ဒီကနေ့ ရလဒ်ဟာမဆိုးဘူးလို့ပြောလို့ရပါတယ်။ နောက်ပြီးတော့ ရှောင်တာနယ်တို့၊ ဗစ်ကီဘိုးမန်းတို့ ပြန်လွတ်လာတာကြည့်ရင်လည်း စစ်ကောင်စီ လိုချင်တာမရဘဲ အာဆီယံရဲ့ဦးတည်ချက်ကိုထိန်းထားနိုင်တယ်ပေါ့။ ဒါတွေက သံတမန်ရေးအရ အကောင်းဘက်က ရှုမြင်လို့ရတဲ့ဖြစ်ထွန်းမှုတွေဖြစ်ပါတယ်” လို့နိုင်ငံရေးလေ့လာသုံးသပ်သူ ကိုသီဟကပြောပါတယ်။


တစ်ဖက်မှာလည်း ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူတွေ တောင်းဆိုနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို အစိုးရအနေနဲ့ အာဆီယံက အသိအမှတ်ပြုဆက်ဆံဖို့ စစ်ကောင်စီကို အာဆီယံအစည်းအဝေးတွေ လုံးဝမဖိတ်တော့ဘဲ သံတမန်ရေးအရဖိအားပေးဖို့ ဆိုတာတွေကတော့ ဖြစ်မလာခဲ့ဘူးလို့ သူက ဆက်ပြောပါတယ်။
“ဒါပေမဲ့ စစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီးကို အာဆီယံကာကွယ်ရေးဝန်ကြီးအစည်းအဝေးပေးမတက်ဘူးဆိုတာမျိုးဖြစ်လာတယ်။ ဒါကြောင့် အာဆီယံဖိအားက ကမ္ဘောဒီးယားအလွန်မှာ ပိုပြီးတော့ တိုးလာဖို့ပဲရှိပါတယ်”လို့ ကိုသီဟက သုံးသပ်ပါတယ်။
မြန်မာပြည်အရေး ကောင်းမွန်စွာနားလည်တဲ့ သံတမန်မျိုးကသာ မြန်မာ့အရေးဖြေရှင်းဖို့ တာဝန်ယူသင့်တယ်လို့လည်း သူကဆိုပါတယ်။
ဘာကြောင့်လဲဆိုရင် ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီရဲ့ နိုင်ငံရေးအကျဥ်းသားတွေ ပြန်လွှတ်တဲ့အပေါ်မှာ အာဆီယံဥက္ကဋ္ဌကမ္ဘောဒီးယားရဲ့ ထုတ်ပြန်ချက်ကိုကြည့်ရင် နိုင်ငံရေးအကျဥ်းသားမဟုတ်တဲ့ ဒေါ်လဲ့လဲ့မော်(တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း) အမည်ပါဝင်လာတာကိုကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့ အတိမ်အနက်ကိုနားမလည်ဘူးဆိုတာပေါ်လွင်နေတယ်လို့လည်း သူကဆိုပါတယ်။
မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံအထူးသံတမန် မစ္စတာ ပရက်ဆော့ခွန်းက အကြံပြုချက် ၈ ချက်ကိုလည်း ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထဲက တချို့အချက်တွေကတော့ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို ပြင်ဆင်ဖို့မလိုအပ်ဘဲ တိကျတဲ့အချိန်နဲ့စံညွှန်းသတ်မှတ်ချက်တွေအပြင် မျှော်မှန်းထားသလိုအကောင်အထည်ဖော်နိုင်ရင် ရနိုင်မယ့် အကျိုးတွေကိုပါ သတ်မှတ်ဖို့အရေးကြီးတယ်လို့ ဆိုပါတယ်။ ဒါ့ အပြင် စစ်ကောင်စီကပဲ အကောင်အထည်ဖော်ဖို့တာဝန်ရှိတာမဟုတ်ဘဲ NUG အစိုးရ၊ တိုင်းရင်းသားlat natကိုင်တွေအပြင် တခြားlat natကိုင်အဖွဲ့တွေကပါ တူညီတဲ့တာဝန်ယူမှုရှိသင့်တယ်လို့ဖော်ပြပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့က NUG အစိုးရကို သက်ဆိုင်သူအနေနဲ့ ထည့်သွင်းဖို့ ပြောနေချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီက NUG ကိုတရားဝင် ထောက်ခံကြောင်း တရားဝင်ထုတ်ပြောတာမျိုး အခုထိမရှိထားသေးတဲ့အချက်ကိုလည်း ထည့်သွင်းတွက်ချက်ဖို့ ပြောပါတယ်။
အခုတစ်ခေါက်မြန်မာပြည်ခရီးစဥ်အတွင်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သူတွေ့ဆုံဖို့တောင်းဆိုသူတွေအားလုံးနဲ့တွေ့ခွင့်ရမရဆိုတာကလည်းမသေချာသေးပါဘူး။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။