ထပ်ဆောင်းအချိန်ပို များနေရတဲ့ အကြောင်းရင်း
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ထပ်ဆောင်းအချိန်ပို များနေရတဲ့ အကြောင်းရင်း
ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
ဒီနေ့အထိ ကမ္ဘာ့ဖလား ကစားပွဲ အားလုံးမှာ ထူးခြားစွာ တူညီနေတာတစ်ခု ရှိတယ်။ အဲ့တာက ပွဲချိန်အင်မတန်ကြာမြင့်ခြင်းပဲ။ ပွဲကြာချိန်တွေက –
ကာတာ – အီကွေဒေါ = ၁၀၀း၁၈
အင်္ဂလန် – အီရန် = ၁၁၇း၁၆
ဆီနီဂေါ – နယ်သာလန် = ၁၀၂း၄၉
အမေရိကန် – ဝေးလ်စ် = ၁၀၄း၃၄
(၄)ပွဲမှာ ထပ်ဆောင်းအချိန်ပို (၆၅)မိနစ်လောက် ဖြစ်နေတယ်။ အံ့အားသင့်ဖွယ်ပမာဏပါ။ ဒါပေမဲ့ ဒါက တိုက်ဆိုင်မှုတော့ မဟုတ်ဘူး။ ဖီဖာရဲ့ ကြိုးပမ်းမှုအသစ်တစ်ရပ် ဖြစ်နေတယ်။
ဖီဖာဟာ ပွဲချိန်အတွင်းမှာ လေလွင့်ခဲ့တဲ့အချိန်တွေကို အတိကျဆုံး မှတ်တမ်းတင်ပြီး ထပ်ဆောင်းအချိန်ပိုမှာ သေသေချာချာ ပြန်အစားပေးနိုင်အောင် ကြိုးစားလာတာ ဖြစ်တယ်။ ပွဲကို ကြာမြင့်စေတာ အရာတွေအဖြစ် ဒဏ်ရာ၊ VAR ဆုံးဖြတ်ချက်၊ လူစားလဲမှု၊ ပယ်နယ်တီ၊ အနီကတ်၊ ပြန်စချိန် ကြာအောင် အချိန်ဆွဲမှု . . စသဖြင့် အကြောင်းအခြေခံများစွာ ရှိပါတယ်။ ဒီအရာတွေကို သေချာစွာ အချိန်မှတ်ထားမှာဖြစ်တယ်။
ဖီဖာဒိုင်လူကြီးကော်မတီဝင် နာမည်ကျော်ဒိုင်လူကြီးဟောင်း ပီယာလူအစ်ဂီ ကော်လီနာက ပြီးခဲ့တဲ့အပတ်မှာ ဒီအကြောင်းကို အတည်ပြုခဲ့တယ်။ စတုတ္ထဒိုင်ဟာ ကာတာကမ္ဘာ့ဖလားအတွင်းမှာ လေလွင့်အချိန်အားလုံးကို အချိန်မှတ်ထားမှာဖြစ်ပြီး အဲဒါကို ထပ်ဆောင်းအချိန်ပိုအဖြစ် တိကျစွာ ပြန်လည်ပေးအပ်မှာ ဖြစ်တယ်။ တကယ်တော့ ဒီပုံစံကို ၂၀၁၈ ကမ္ဘာ့ဖလားမှာကတည်းက စတင်ကြိုးပမ်းဖူးတယ်။ “ရုရှားမှာတုန်းက ပွဲချိန်အတွင်း ဆုံးရှုံးတဲ့အချိန်တွေကို ပိုမိုတိကျစွာ ပြန်ပေးနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားခဲ့ကြတယ်။ ဒါကြောင့် အချိန်ပို (၆)မိနစ်၊ (၇)မိနစ်၊ တစ်ခါတလေ (၈)မိနစ်တောင် မြင်ခဲ့ရတာဖြစ်တယ်။ ဒီလိုတွေးကြည့်ပါ။ ခင်ဗျားဟာ အပိုင်းတစ်ပိုင်းမှာ ဂိုး(၃)ဂိုး ရတယ်ဆိုပါစို့၊ ကျွန်တော်တို့အနေနဲ့ အောင်ပွဲခံတာ၊ ပွဲစဖို့ အချိန်ယူတာနဲ့ စုစုပေါင်း ၄၊ ၅ မိနစ်လောက် ဆုံးရှုံးရတတ်တယ်လေ”လို့ ကော်လီနာက ESPN ကို ပြောတယ်။
အရိုးရှင်းဆုံး ပြောရရင်တော့ အရင်ကလို ခန့်မှန်းချက်လောက်နဲ့ ထပ်ဆောင်းအချိန်ပို ပေးတာမျိုး မဟုတ်တော့ဘဲ ပွဲချိန်ကို လေလွင့်စေတဲ့ အကြိမ်တိုင်းမှာ မိနစ်၊ စက္ကန့် အတိအကျကို အကြွေးမှတ်သလို မှတ်သွားပြီး ထပ်ဆောင်းအချိန်ပိုဆီ သယ်ဆောင်သွားတာ ဖြစ်ပါတယ်။ အဲဒီလိုချဉ်းကပ်မှုဟာ ကမ္ဘာ့ဖလားစံချိန်တချို့ကို ကျိုးပျက်စေခဲ့တယ်။ မနေ့က ကစားခဲ့တဲ့ပွဲတွေရဲ့ အပိုင်းတစ်ပိုင်းစီတိုင်းမှာ အင်မတန်ကြာမြင့်တဲ့ ထပ်ဆောင်းအချိန်ပိုတွေ တွေ့ခဲ့ရတယ်။
အင်္ဂလန် – အီရန် ပထမပိုင်း – ထပ်ဆောင်းအချိန်ပို ၁၄း၀၈ မိနစ်
အင်္ဂလန် – အီရန် ဒုတိယပိုင်း – ထပ်ဆောင်းအချိန်ပို ၁၃း၀၈ မိနစ်
အမေရိကန် – ဝေးလ်စ် ဒုတိယပိုင်း – ထပ်ဆောင်းအချိန်ပို ၁၀း၃၄ မိနစ်
ဆီနီဂေါ – နယ်သာလန် ဒုတိယပိုင်း – ထပ်ဆောင်းအချိန်ပို ၁၀း၀၃ မိနစ်
ဒါကြောင့်ပဲ နောက်ထပ်ကမ္ဘာ့ဖလားစံချိန်တွေ ထပ်ယူလာခဲ့တယ်။ အင်္ဂလန်ကို သွင်းခဲ့တဲ့ တယ်ရေမီရဲ့ ပယ်နယ်တီဂိုးဟာ ၁၀၂း၃၀ မှာ ပေါ်ပေါက်ခဲ့တာဖြစ်ပြီး ဒါဟာ ကမ္ဘာ့ဖလားရဲ့ နောက်အကျဆုံးသွင်းဂိုးပဲ။ (အချိန်ပို မပါ) မကြာပါဘူး သူ့နောက် ကစားတဲ့ပွဲမှာ ဒေဗီကလာဆန်ဟာ ၉၈း၁၇ မှာ သွင်းခဲ့ပြီး ဒါကလည်း ဒုတိယနောက်အကျဆုံးသွင်းဂိုးပဲ။
ဘာပဲဖြစ်ဖြစ် ပွဲချိန်အင်မတန် ကြာမြင့်တာက ပြီးမလို၊ ပြီးမလိုနဲ့ ပရိသတ်တွေကို နောက်သလို ဖြစ်နေတာတော့ အမှန်ပဲ။ ပွဲချိန်ကို တိကျအောင် လုပ်လာတာကိုတော့ ကြိုဆိုရမှာပါ။ တစ်ဖက်က ပြန်ကြည့်ရင် ဒီလောက်တောင် ထပ်ဆောင်းအချိန်ပိုတွေ ပေးနေရတာ ဖြစ်တဲ့အတွက် ဘောလုံးပွဲတွေဟာ ဘယ်လောက်တောင် အချိန်တွေ လေလွင့်နေတယ်၊ (ဝါ) အချိန်ခိုးနေတယ်ဆိုတာကို မြင်ရတယ်။ ဘက်စကတ်ဘောပရိသတ်တွေဆို သိမယ်။ ဘက်စကတ်ဘောမှာ စက္ကန့်ပိုင်းလေးကအစ အတိအကျ Pause လုပ်ပြီး တိုင်းတာသတ်မှတ်ကြ၊ ကစားကြရတယ်။ Time out (၃)ကြိမ်လောက် ကျန်သေးတဲ့ အခြေအနေတွေမှာ ပွဲချိန် (၁၀)စက္ကန့်လောက်ပဲ ကျန်ရင်တောင် ပွဲက (၅)မိနစ်လောက် ဆိုင်းသွားတတ်တယ်။ ဘက်စကတ်ဘောမှာတော့ ရင်အခုန်ရဆုံး အချိန်တွေပါပဲ။ ဘောလုံးမှာလည်း စက္ကန့်တန်ဖိုးတော့ မဟုတ်ပေမဲ့ ဘာပဲဖြစ်ဖြစ် တိကျသေချာအောင် ကြိုးစားခြင်းကိုတော့ ကောင်းမွန်တဲ့လုပ်ရပ်အဖြစ် သတ်မှတ်ရမှာ ဖြစ်ပါတယ်။
ရေးသားသူ – Inside of Sports
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။