နှစ်ပေါင်း ၂၀ ကြာသည့်တိုင် ဗိုလ်လုပွဲနှင့်ဝေးနေဆဲ ဘရာဇီးလ် လေးနှစ်ကြာစောင့်ဆိုင်းရတော့မည့် ငါးမိနစ်တာအခိုက်အတန့်

Sports

နှစ်ပေါင်း ၂၀ ကြာသည့်တိုင် ဗိုလ်လုပွဲနှင့်ဝေးနေဆဲ ဘရာဇီးလ် လေးနှစ်ကြာစောင့်ဆိုင်းရတော့မည့် ငါးမိနစ်တာအခိုက်အတန့်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နှစ်ပေါင်း ၂၀ ကြာသည့်တိုင် ဗိုလ်လုပွဲနှင့်ဝေးနေဆဲ ဘရာဇီးလ် လေးနှစ်ကြာစောင့်ဆိုင်းရတော့မည့် ငါးမိနစ်တာအခိုက်အတန့် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


ကမ္ဘာ့ဖလားပွဲမှနေ၍ ဘရာဇီးလ်ဘောလုံးအသင်း ထွက်သွားရပြီဖြစ်သည်။ ယခုနှစ် ကမ္ဘာ့ဖ လားပွဲတွင် ဗိုလ်စွဲနိုင်ခြေရှိရေပန်းအစားဆုံးအသင်းမှာ ကွာတားဖိုင်နယ်မှပင် နှုတ်ဆက်သွားရသည်။ ဘောလုံးကို ပိုင်နိုင်ကျွမ်းကျင်လှပါသည်ဆိုသော နာမည်အကျော်ကြားဆုံးအသင်းမှာ ပင်နယ်တီကိုယ်ပင် ဝင်အောင်မကန်နိုင်ခဲ့ကြပေ။

ဗိုလ်လုပွဲအိမ်မက်နှင့်အတူ အောင်ပွဲခံရန် အကတိုက်ထားသည့် ဘရာဇီးလ်အသင်းသားများမှာ ခရိုရေးရှားနှင့်ပွဲအပြီးတွင် အရှက်တကွဲအကျိုးနည်းအဖြစ်ကြောင့် ကွင်းအတွင်း ချုံးပွဲချငိုကြွေးခဲ့ကြသည်။
ဘရာဇီးလ်အသင်းမှာ ကမ္ဘာ့ဖလားသမိုင်းတလျှောက် ဗိုလ်လုပွဲ ၇ ကြိမ်ရောက်ရှိခဲ့ကာ ငါးကြိမ်တိုင်ချန်ပီယံဖြစ်ခဲ့သည်။ ကမ္ဘောပေါ်တွင် အအောင်မြင်ဆုံးဘောလုံးအသင်းဖြစ်ကာ သမိုင်းတလျှောက် ကမ္ဘာ့ဖလားပွဲတိုင်းတွင် ပါဝင်ကစားခွင့်ထားသည့် တစ်ခုတည်းသောအသင်းလည်းဖြစ်သည်။

သို့သော် ဘရာဇီးလ်အသင်း ဗိုလ်လုပွဲနှင့်ဝေးခဲ့သည်မှာ နှစ်ပေါင်း ၂၀ တိုင်ခဲ့ပြီဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံတွင် ၂၀၀၂ ခုနှစ်က ကျင်းပသည့် ကမ္ဘာ့ဖလားပွဲတွင် ဗိုလ်စွဲပြီးနောက်ပိုင်း ဘရာဇီးလ်အသင်းမှာ ငါးကြိမ်ဆက်တိုက် ဗိုလ်လုပွဲတက်ရောက်နိုင်ခြင်း မရှိပေ။ ၂၀၁၄ ခုနှစ်က အိမ်ရှင်အဖြစ် လက်ခံကျင်းပစဉ် စတုတ္ထနေရာ ရရှိခဲ့သော်လည်း ကျန်လေးကြိမ်စလုံးတွင် ကွာတားဖိုင်နယ်မှ လှည့်ပြန်ခဲ့ရသည်။
သို့သော်ငြားလည်း နောက်နှစ် နောက်နှစ်ကမ္ဘာ့ဖလားများတွင်လည်း ဘရာဇီးလ်အသင်းက ဗိုလ်စွဲရန် ရေပန်းစားနေဦးသာဖြစ်သည်။ ဗိုလ်လုပွဲ ရောက်မရောက်တော့ မသေချာပေ။
တစ်ကြိမ်ထက်တစ်ကြိမ် ပို၍ ပြိုင်ဆိုင်မှုပြင်းထန်လာသည့် ကမ္ဘာ့ဖလားပွဲများတွင် ခက်ထန်မာကျောသည့်အသင်းများကို အနာဂတ်ဘရာဇီးအသင်း ဘယ်လိုကျော်ဖြတ်နိုင်မလဲဆိုသည်မှာ အနည်းဆုံး အချိန်လေးနှစ်စောင့်ရမည်ဖြစ်သည်။ အမှန်တကယ်တွင် ငါးမိနစ်တာ အခိုက်အတန့်လည်းဖြစ်နိုင်သည်။
ယနေ့ နံနက်အစောပိုင်းက ကစားခဲ့သည့် ကွာတာဖိုင်နယ်ပွဲစဉ်တွင် ခရိုရေးရှားအသင်း၏ ကစားကွက်ကြောင့် ဘရာဇီးလ်အသင်းမှာ အကြိမ်ကြိမ် ထိုးဖောက်ကန်သွင်းများရသော်လည်း မိနစ် ၁၀၀ ကျော် အထိ ဂိုးသွင်းယူနိုင်ခြင်း မရှိပေ။ ပွဲကစားချိန် ၁၀၅ မိနစ်၊ ပွဲပြီးရန် ငါးမိနစ်အလိုတွင် နာမည်ကျော် ဘောလုံးသမား နေမာ၏အစွမ်းဖြင့် ဘရာဇီးလ် ဦးဆောင်ဂိုးရသည်။ ထိုအနိုင်ဂိုးဖြင့် နောက်ငါးမိနစ် အကြာတွင် ဘရာဇီးလ်သားတို့ အောင်ပွဲခံနိုင်တော့မည်ဖြစ်သည်။
သို့သော် နောက်ဆုံးမိနစ်အထိ အသက်ဝင်နေသည့် အကြိတ်အနယ်ပွဲတွင် လွယ်လွယ်အလျှော့ပေးလေ့မရှိဘဲ ရေကုန်ရေခမ်းကစားတတ်သည့် ခရိုရေးရှားက ချေပဂိုးသွင်းယူလိုက်ရာ လူပေါင်းရှစ်သောင်းကျော် ကြည့်ရှုနေသည့် အားကစားကွင်းကြီးတွင် ဆမ်ဘာတေးသံများ ဆိတ်ငြိမ်သွားသည်။

ယနေ့ပွဲစဉ်တွင် ခရိုရေးရှားအသင်းက အကောင်းဆုံး ခံကစားနိုင်ခဲ့သည်။ ဘရာဇီးလ်အသင်းကို အတည်ငြိမ်ဆုံး ရင်ဆိုင်နိုင်ခဲ့သည်။ လူငယ်ဘောလုံးသမားအများစုဖြင့် စုစည်းထားသည့် ဘရာဇီးလ်အသင်းမှာမူ အောင်ပွဲခံရေးကိုပင် စိတ်စောနေသလား ထင်မှတ်မှားဖွယ်ပင်။ ပထမပိုင်းအဖွင့် ခရိုရေးရှားအသင်းက စပေးဘောပေးတော့မည့်အချိန်ထိ ဘရာဇီးလ်အသင်းသားများ အဆင်သင့်ဖြစ်မနေခဲ့ပေ။ ထို့အတူ ဒုတိယပိုင်းစတင်ရန် နားနေခန်းမှအထွက်တွင်လည်း သိသိသာသာနောက်ကျပြီးမှ ကွင်းအတွင်းဝင်ရောက်လာကြသည်။
ဗိုလ်လုပွဲမရောက်မီ လမ်းခုလပ်ကလှည့်ပြန်ရသည့်အဖြစ်တွင် ပြိုင်ပွဲအပေါ် အလေးအနက်မထားခြင်း၊ ပြိုင်ဆိုင်လိုစိတ် ပြင်းပြင်းပြပြ မရှိခြင်းတို့ အပြစ်ဖို့စရာဖြစ်လာနိုင်သည်။
ကွာတားဖိုင်နယ်အဆင့်ဖြင့် ကမ္ဘာ့ဖလားကို နှုတ်ဆက်လိုက်ပြီးနောက် ဘရာဇီးလ်အသင်းနည်းပြ နုတ် ထွက်သွားသည့်နည်းတူ နာမည်ကျော်ကစားသမား နေမာသည်လည်း ဘရာဇီးလ်လက်ရွေးစင်အဖြစ်မှ အနားယူဖွယ်ရှိနေသည်။

ရေးသားသူ – Myanmar Now

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။