သမ္မတထရမ့်ကို တရားစွဲဆိုဖို့ ကွန်ဂရက်ကော်မတီက အကြံပြုဆုံးဖြတ်

International News Local News

သမ္မတထရမ့်ကို တရားစွဲဆိုဖို့ ကွန်ဂရက်ကော်မတီက အကြံပြုဆုံးဖြတ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သမ္မတထရမ့်ကို တရားစွဲဆိုဖို့ ကွန်ဂရက်ကော်မတီက အကြံပြုဆုံးဖြတ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် လွှတ်တော်အဓိကရုဏ်းအကြောင်း စုံစမ်းစစ်ဆေးဖို့ဖွဲ့စည်းထားတဲ့ အမေရိကန်ကွန်ဂရက်ကော်မတီက သမ္မတဟောင်းဒေါ်နယ်ထရမ့်ဟာ နိုင်ငံတော်ပုန်ကန်မှုအပါအဝင် ရာဇဝတ်မှုစွဲချက်တွေကို ရင်ဆိုင်သင့်တယ်လို့ ပြောလိုက်ပါတယ်။

မစ္စတာထရမ့်ကို တရားရေးဌာနက တရားစွဲဆိုသင့်ကြောင်း ဒီမိုကရက်လွှတ်တော်အမတ်တွေ ဦးဆောင်တဲ့ အဲဒီကော်မတီက တညီတညွတ်တည်းမဲပေးလိုက်ကြတာပါ။

သမ္မတထရမ့်ရဲ့ အကြံပေးအမျိုးသမီး ဟုပ်ဟစ္စကပြောကြားခဲ့တယ်ဆိုတဲ့ သူ့ရဲ့ နိုင်ငံရေးအစဉ်အလာနဲ့ပတ်သက်ပြီး သတိပေးစကား ဗီဒီယိုကလစ်ကိုလည်း ကွန်ဂရက်ကော်မတီက ထုတ်ပြန်ခဲ့ပါတယ်။

ဂျိုးဘိုင်ဒန်ကို သမ္မတခန့်အပ်မဲ့အစီအစဉ်ကို နှောင့်ယှက်တဲ့အနေနဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့မှာ ထရမ့်ထောက်ခံသူတွေက ကွန်ဂရက်လွှတ်တော်အဆောက်အအုံကို ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

သမ္မတထရမ့်ကတော့ သူမဟုတ်တာမလုပ်ဘူးလို့ ငြင်းဆိုပါတယ်။ ကွန်ဂရက်ကော်မတီကိုလည်း အတုအယောင်တရားရုံးလို့ရေးသားထားတဲ့ ကြေညာချက်တစောင်ထုတ်ပြန်ခဲ့ပါတယ်။ အဓိကရုဏ်းအကြောင်းကို တနှစ်ခွဲကြာလောက် အချိန်ပေးစုံစမ်းပြီးနောက်မှာ အောက်လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ရွေးချယ်ဖွဲ့စည်းထားတဲ့ကော်မတီက မစ္စတာထရမ့်ကို အမှုလေးမှုနဲ့ တရားစွဲဆိုဖို့ တနင်္လာနေ့နောက်ဆုံးအစည်းအဝေးမှာ အကြံပြုခဲ့ပါတယ်။

· အစိုးရကိုပုန်ကန်ဖို့ လှုံဆော်၊ အားပေး၊ ကူညီမှု
· တရားဝင်အာဏာလွှဲပြောင်းမှုကို နှောင့်ယှက်ဟန့်တားမှု
· အမေရိကန်ပြည်ထောင်စုအပေါ် မဖြောင့်မမှန်ကြံစည်မှု
· မဟုတ်မမှန်ပြောဆိုကြံစည်မှု တို့ဖြစ်ပါတယ်။

ကွန်ဂရက်ကော်မတီရဲ့အကြံပြုချက်ထွက်ပေါ်မလာခင်ကတည်းက တရားရေးဌာနဟာ မစ္စတာထရမ့်ကို တရားစွဲသင့်မစွဲသင့် စဥ်းစားနေတာဖြစ်ပါတယ်။ တရားရေးဌာနဟာ ကွန်ဂရက်ကော်မတီရဲ့ လွှဲပြောင်းအကြံပြုချက်ကို မဖြစ်မနေလိုက်နာရမဲ့ ဝတ္တရားမရှိပါဘူး။

အခုလို ကွန်ဂရက်ကော်မတီရဲ့အကြံပြုချက်မျိုးဟာ များသောအားဖြင့် နိုင်ငံရေးသဘောဆောင်တဲ့ သင်္ကေတသဘောသာဖြစ်ပေမဲ့ အခုကွန်ဂရက်ကော်မတီဥက္ကဋ္ဌကတော့ အခုအကြံပြုတဲ့စွပ်စွဲချက်တွေဟာ တရားမျှတမှုရရှိရေးအတွက် လုပ်ငန်းစဉ်လို့ ဖော်ပြထားပါတယ်။

တရားရေးဌာနဲ့သဘောထားကိုပြောဆိုဖို့ ပြောရေးဆိုခွင့်ရှိသူကိုမေးမြန်းရာမှာတော့ ဖြေဖို့ငြင်းဆိုသွားပါတယ်။ နိုင်ငံတော်ပုန်ကန်မှုဆိုတာဟာ အမေရိကန်အစိုးရကို ဆန့်ကျင်ပုန်ကန်တာ ဖြစ်ပါတယ်လို့ ကော်မတီဝင်တဦးဖြစ်တဲ့ မေရီလန်းပြည်နယ် ဒီမိုကရက် လွှတ်တော်အမတ် ဂျေမီရပ်စ်ကင်က ဆိုပါတယ်။ နိုင်ငံတော်ပုန်ကန်မှုဟာ အခြေခံဥပဒေမှာ ဖော်ပြထားတဲ့ ကြီးလေးတဲ့ ရာဇဝတ်မှုဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

၁၆၁ မျက်နှာပါဝင်တဲ့ အကြံပြုချက်အကျဉ်းချုပ်ကို ကွန်ဂရက်ကော်မတီဝင်တွေဖြစ်ကြတဲ့ ဒီမိုကရက်ကိုယ်စားလှယ် ၇ ဦးနဲ့ ရီပတ်ဘလစ်ကန် ကိုယ်စားလှယ် ၂ ဦးတို့က တနင်္လာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

အကြံပြုချက်ထဲမှာ မစ္စတာထရမ့်ဟာ မဲဆန္ဒရှင်တွေရဲ့လိုလားချက်ကို လွှတ်တော်အဓိကရုဏ်းနဲ့ ဟန့်တားနှောင့်ယှက်ဖို့ လျှို့ဝှက်ကြံစည်မှုအဆင့်ဆင့်ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

၂၀၂ဝ ရွေးကောက်ပွဲကိုခိုးယူခံလိုက်ရတယ်လို့ မစ္စတာထရမ့်က ပြောဆိုတာဟာ မမှန်မကန်ပြောဆိုချက်သာဖြစ်တယ်လို့ ကွန်ဂရက်ကော်မတီက ဆိုပါတယ်။ သူရှုံးနိမ့်ကြောင်း ထုတ်ပြန်ထားတဲ့ ရလဒ်ကို ပြောင်းပြန်လှန်ပေးဖို့ အစိုးရအရာရှိတွေ၊ တရားရေးဌာနနဲ့ ဒုတိယသမ္မတတို့ကို ဖိအားပေးတဲ့အကြောင်းပြချက်တခုအဖြစ် အဲဒီစွပ်စွဲချက်ကို မစ္စတာထရမ့်က ပြုလုပ်ခဲ့တယ်လို့ ဆိုထားပါတယ်။ မစ္စတာဘိုင်ဒန်ကို ငြိမ်းချမ်းစွာအာဏာလွှဲပြောင်းမှု ပျက်ပြားဖို့ သူ့ရဲ့နောက်ဆုံးအားထုတ်မှုအဖြစ် လွှတ်တော်အဓိကရုဏ်းပေါ်ပေါက်အောင် မစ္စတာထရမ့်က လှုံ့ဆော်ခဲ့တယ်လို့လည်း ဆိုပါတယ်။

စာမျက်နှာရာဂဏန်းတော်တော်များများပါဝင်မဲ့ အစီရင်ခံစာအပြည့်အစုံကို ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်မှာပါ။

သမ္မတဟောင်းထရမ့်ရဲ့ လက်ထောက်အကြံပေးအဖြစ် ကာလရှည်ကြာတာဝန်ထမ်းဆောင်ခဲ့သူ ဟုပ်ဟစ္စက သမ္မတဟောင်းထရမ့်အနေနဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မဟုတ်မမှန်ပြောဆိုမှုတွေကို ဆက်လက်လုပ်ဆောင်နေရင် သူ့ရဲ့နိုင်ငံရေးအစဉ်အလာကို ပျက်စီးစေလိမ့်မယ်လို့ သတိပေးခဲ့ကြောင်း ထွက်ဆိုထားတဲ့ဗီဒီယိုကိုလည်း ကွန်ဂရက်ကော်မတီက တနင်္လာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ မစ္စတာထရမ့်က လစ်လျူရှုခဲ့တယ်လို့ သူကဆိုပါတယ်။

သူရှုံးသွားရင် နိုင်ငံရေးအစဉ်အလာဆိုတာကို ဘယ်သူကမှ ဂရုစိုက်နေမှာမဟုတ်ဘူး။ အဲဒါက အရေးမပါတော့ဘူး။ တကယ်အရေးပါတာက နိုင်ဖို့ပဲလို့ သမ္မတဟောင်းထရမ့်က ပြောခဲ့ကြောင်း ဟုပ်ဟစ္စကထွက်ဆိုပါတယ်။

သမ္မတဟောင်းထရမ့်ရဲ့ သမီးအကြီးဆုံးလည်းဖြစ်ပြီး အိမ်ဖြူတော်အကြံပေးပုဂ္ဂိုလ်ဟောင်းလည်း ဖြစ်ခဲ့သူ အီဗန်ကာထရမ့်ဟာ ကွန်ဂရက်ကော်မတီရှေ့မှောက်လာရောက်မထွက်ဆိုခဲ့တာကိုလည်း ဝေဖန်ရေးသားထားပါတယ်။

သမ္မတဟောင်းကတော်နဲ့ ပြန်ကြားရေးဆိုင်ရာအတွင်းရေးမှူး မစ္စကိုင်းလီမက္ကနာနီဟာလည်း တခြားအကြံပေးတွေလို ပူးပေါင်းဆောင်ရွက်မှုမရှိကြောင်း ရေးသားထားပါတယ်။

ပြီးခဲတဲ့လတုန်းက မစ္စတာထရမ့်ဟာ ရွေးကောက်ပွဲမဲဆွယ်လှုပ်ရှားမှုပြန်လည် စတင်ခဲ့ပါတယ်။ ကွန်ဂရက်ကော်မတီဟာ နိုင်ငံသမိုင်းရဲ့အမည်းစက်ဖြစ်တဲ့ ထရမ့်ပြန်မလာရေးဂိုဏ်းသားတွေက ဖန်တီးတဲ့ နိုင်ငံရေးတရားခွင်တခုသာ ဖြစ်တယ်လို့ စွပ်စွဲထုတ်ပြန်ခဲ့ပါတယ်။

အရေခြုံတရားရုံးဟာ အမေရိကန်ပြည်သူတွေရဲ့ အသိဉာဏ်ကိုစော်ကားပြီး ဒီမိုကရေစီကို ပြက်ရယ်ပြုတာသာ ဖြစ်တာကလွဲပြီး တခြားဘာမှမဟုတ်ဘူးလို့လည်း ဆိုပါတယ်။

ရီပတ်ဘလစ်ကန် လွှတ်တော်ကိုယ်စားလှယ် ကယ်ဗင်မက္ကာသီ အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၄ ယောက်ဟာလည်း ပူးပေါင်းဆောင်ရွက်ဖို့ပျက်ကွက်ခဲ့တဲ့အတွက် လွှတ်တော်ကျင့်ဝတ်သိက္ခာကော်မတီက အရေးယူဆောင်ရွက်ဖို့ လွှဲပြောင်းပေးမယ်လို့ စုံစမ်းရေးကော်မတီကဆိုပါတယ်။

အမေရိကန်ဟာ တရားဥပဒေနဲ့ ဒီမိုကရေစီစိုးမိုးတဲ့နိုင်ငံအဖြစ် ဆက်လက်ရှင်သန်နိုင်မယ်ဆိုရင် ဒါမျိုးအဖြစ်အပျက်တွေ ဘယ်တော့မှ ထပ်ဖြစ်လာမှာ မဟုတ်တော့ဘူးလို့လည်း ကွန်ဂရက်စုံစမ်းရေးကော်မတီဥက္ကဋ္ဌဘန်နီသွမ်ဆင်က ဆိုပါတယ်။ ယုံကြည်မှုပျက်ပြားရင် ဒီမိုကရေစီလည်း ပျက်ပြားတာပဲလို့ သူက ဆိုပါတယ်။ ဒေါ်နယ်ထရမ့်ဟာ ယုံကြည်မှုကို ဖျက်ဆီးခဲ့တယ်လို့ သူက ဆိုပါတယ်။ လွှတ်တော်အဓိကရုဏ်းအမှုနဲ့ဆက်စပ်ပြီး လူပေါင်း ၉၀၀ ကျော်ကို တရားစွဲဆိုထားပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။