RUNES

Astrology Knowledge Religion

RUNES

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ RUNES ဆိုတဲ့အကြောင်းအရာလေးပဲ ဖြစ်ပါတယ်။

Viking runes များသည် ရှေးခေတ် Nordic (နော်ဒစ်) ယဉ်ကျေးမှုများထွန်းကားစဉ် မှစ၍ အလယ်ခေတ်နှောင်းပိုင်းအထိ ဥရောပမြောက်ပိုင်းတွင် အသုံးပြုခဲ့သည့် ရှေးခေတ်စာရေးစနစ်တစ်ခုဖြစ်သည်။ ၎င်းတို့ကို ဆက်သွယ်ရေးပုံစံအဖြစ် အသုံးပြုခြင်း၊ စာရေးသားမှုအပြင်၊ အနာဂတ်အတွက် ကြိုတင်ခန့်မှန်းနိုင်သော လမ်းကြောင်း သို့မဟုတ် လမ်းညွှန်အဖြစ်လည်းကောင်း၊ စွမ်းအင်နှင့် စွမ်းအားကို ဖမ်းယူသည့်နည်းလမ်းအဖြစ်လည်းကောင်း အသုံးပြုခဲ့သည်။

Rune သင်္ကေတများကို ကျောက်၊ ရွှံ့ သို့မဟုတ် သစ်သားအပိုင်းအစများမှ ထွင်းထုထားပြီး ခက်ခဲသောဆုံးဖြတ်ချက်များချရာတွင် လမ်းပြ ဖြစ်ရန် ရည်ရွယ်ချက်ဖြင့် လူများက အလယ်ခေတ် နှစ်များတစ်လျှောက် အသုံးပြုခဲ့ကြသည်။

Viking runes များကို ကြေးခေတ်ကတည်းက oracle အဖြစ် အသုံးချမှုများရှိသည်ဟု ယုံကြည်ရသည်။ သို့သော် အချို့သော သမိုင်းပညာရှင်များက ၎င်းတို့ကို နှစ်ထောင်ပေါင်းများစွာ အသုံးပြုခဲ့သည်ဟု ဆိုကြသည်။

Rune သည် ကျောက်တုံး သို့မဟုတ် သစ်သားအပိုင်းအစဟု အများအားဖြင့် သတ်မှတ်ထားကြသည်။ သို့သော် rune ၏အနှစ်သာရသည်၎င်းပေါ်တွင်ရေးထွင်းထားသောနိမိတ်လက္ခဏာသာ ဖြစ်သည်။

ပထမဆုံး rune များသည် အေဒီ 150 ဝန်းကျင်တွင် မူလအစရှိသည်ဟု သုတေသနပြုသူများကဆိုကြသည်။ ထို့နောက် အေဒီ 700 ဝန်းကျင်တွင် Viking runes ယဉ်ကျေးမှုများသည် ဥရောပအလယ်ပိုင်း သို့ပျံနှံသွားခဲ့သည်။

Viking runes များသည် ကမ္ဘာပေါ်တွင် ရှေးအကျဆုံး အရေးအသားများ၏ တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်၊ ၎င်းတို့ကို “အက္ခရာ” တစ်မျိုးဖြင့် စုစည်းထားသော်လည်း ၎င်းကိုရေးဖွဲ့သည့် အစိတ်အပိုင်းများသည် ရိုးရိုးစာလုံးများထက် များစွာပိုကြောင်း ထောက်ပြရမည်ဖြစ်သည်။ ဤသင်္ကေတတစ်ခုစီသည် ကြီးကျယ်သော အဓိပ္ပါယ်များရှိနေ၏။

Runes တို့သည် ဥရောပမြောက်ပိုင်းသားတို့၏ ပါးစပ်ရာဇဝင်များအရ Norse ဒဏ္ဍာရီမှ ဆင်းသက်လာသည်။

Runes များအကြောင်းကိုပြောလျှင် Yggdrasil နှင့် Odin တို့၏ အကြောင်းများမှာ မပါ၍ မဖြစ်ပေ။

Runes များ၏ ဒဏ္ဍာရီ

Yggdrasil ဟုအမည်ရသော သစ်ပင်ကြီးသည် Norse ဒဏ္ဍာရီအရ စကြဝဠာ၏ဗဟိုချက်တွင် တည်ရှိနေပြီး အလွန်သန့်ရှင်းသည့် ဧရာမအပင်ကြီးဖြစ်သည်။ Yggdrasil ၏အကိုင်းအခက်များသည် ကောင်းကင်တစ်ခုလုံးပြည့်လုနီးမျှပြန့်ကျဲလျက်ရှိနေ၏။ သစ်ပင်ကြီအား အောက်ခြေမှနေ၍ ကြီးမား ပြန့်ကားလျက်ရှိသော အမြစ်သုံးချောင်းဖြင့် ပံ့ပိုးထားသည်။

စကြာ၀ဠာ၏ အတိုင်းအဆမဲ့သော စွမ်းအင်းများကို ထိုအပင်ကြီးမှ ထုတ်လွှတ်လျက်ရှိပြီး အပင်၏အမြစ်ကြီးသုံးခုတွင် တစ်ခုသည် ကောင်းကင်ရှိ Urðarbrunnr ရေတွင်းဆီသို့ ၊ တစ်ခုမှာ နွေဦးပေါက် Hvergelmir ၊ ကျန်တစ်ခုသည် Mímisbrunnr ရေတွင်းဆီသို့ ရောက်ရှိလျက်ရှိကြသည်။

နတ်ဘုရားများသည် ၎င်းတို့၏ ရိုးရာအုပ်ချုပ်ရေးစည်းဝေးပွဲများအတွက် စုဝေးရန် အစဉ်အမြဲ Yggdrasil သို့သွားလေ့ရှိကြသည်။ ထိုနတ်ဘုရားများထဲတွင် Odin သည်လည်း တစ်ပါး အပါအဝင်ဖြစ်သည်။

Yggdrasil သစ်ပင်ကြီး ၏အပေါ်ပိုင်းအကိုင်းအခက်များသည် နတ်ဘုရားတို့ ၏အကြီးအကဲများဖြစ်သော Aesir နတ်ဘုရားများနှင့် နတ်သမီးများ၏အိမ်ဖြစ်သည်။ နတ်ဘုရားအကြီးကဲများသည် လောက ကံကြမ္မာများကို ဖန်တီးရန် Yggdrasil သစ်ပင်ကြီး၏ ပင်စည် အတွင်းသို့ runes သင်္ကေတများ ထွင်းထည့်လေ့ရှိကြသည်။

Yggdrasil သစ်ပင်ကြီး၏ အထက်ပိုင်းတွင် Asgard ပြည်တည်ရှိပြီး Asgard သည် နတ်ဘုရားအကြီးအကဲများ၏ ခံတပ်မြို့တစ်ခုကဲ့သို့လည်းဖြစ်သည်။သစ်ပင်ကြီး၏ အလယ်ပိုင်းသည် Midgard ဟုခေါ်ပြီး လူသားတို့နေထိုင်ရာဖြစ်၏။Asgard မှ နတ်ဘုရားများသည် Midgard သို့ သက်တံရောင် ပေါင်းကူးတံအသုံးပြု၍ အလိုရှိသည့်အခါ ဆင်းသက်ခြင်း၊ ဆက်သွယ်ခြင်းပြုကြသည်။

အပင်ကြီး၏ အောက်ခြေတွင်၊ နဂါးများ၊ ဧရာမ ငှက်ကြီးများ နှင့် အခြားသတ္တဝါဆန်းများ နေထိုင်လျက်ရှိကြသည်။

နတ်ဘုရား Odin သည် Asgard အမည်ရှိသော တိုင်းပြည်ကိုအုပ်ချုပ်လျက်ရှိသူဖြစ်ပြီး Odin တွင် ဆန္ဒတစ်ခုရှိလေ၏။ ထိုအရာမှာ သူ၏ စွမ်းအား နှင့် ဉာဏ်ပညာတို့ကို အဆုံးမရှိ ရလိုခြင်းပင်ဖြစ်လေသည်။ Odin သည် အသိပညာနှင့် ဉာဏ်ပညာကို မဆုတ်မနစ်ရှာဖွေသူဖြစ်ပြီး ဤလိုက်စားမှုအတွက် မည်သည့်အရာကိုမဆို စတေးရန် အသင့်ရှိနေသူလည်းဖြစ်သည်။

Odin သည် ၎င်း၏အထက် အကြီးအကဲ မူလနတ်ဘုရားများကဲ့သို့ တန်ခိုးစွမ်းအင်များကို ရရှိရန် အလွန် ဆန္ဒပြင်းပြလျက်ရှိသည်။
Yggdrasil သစ်ပင်ကြီး၏ အပါ်ပိုင်း တစ်နေရာတွင် Urd အမည်ရသော ရေတွင်း တစ်ခုလည်းရှိသည်။ ထိုရေတွင်းသည် စကြာ၀ဠာ၏ တန်ခိုးစွမ်းအင်များ၊ ကံကြမ္မာဖန်းတီးနိုင်စွမ်းရှိသူများကို ရွေးချယ်လေ့ရှိပြီး (worthy)ထိုက်တန်ကြောင်းလာရောက်ပြသသူများကို ရွေးချယ်ကာ ဆုလက်ဆောင်အဖြစ် တန်ခိုးစွမ်းအင်များ ပေးအပ်နိုင်စွမ်းရှိသည်။

ထို့ကြောင့် Odin သည် Yggdrasil ၏ Urd ရေကန်နှင့် အပေါ်တည့်တည့်ရှိ သစ်ပင်ကိုင်းမှ ဇောက်ထိုးဆွဲ၍ ရင်၀တွင် လှံကို ထိုးစိုက်ကာ ကိုးရက်တိတိ မိမိကိုယ်ကို စတေးခဲ့သည်။ ကိုးရက်အတွင်း ပတ်ဝန်းကျင်ရှိ မိတ်ဆွေနတ်ဘုရားများမှ ကူညီပေးမှုအားလုံးကိုလည်း ငြင်းဆန်ကာ ကိုးရက်လုံးလုံး မိမိကိုယ်ကို စတေးကာ ထိုက်တန်သူဖြစ်ကြောင်းပြသခဲ့သည်။

ကိုးရက်မြောက် ည၏အဆုံးတွင် Yggdrasil သစ်ပင်ကြီးသည် သူ၏စတေးမှုများကို လက်ခံ၍ စကြာ၀ဠာ၏ အနက်ရှိုင်းဆုံး ပုံသဏ္ဍာန် သင်္ကေတ များကို Urd ရေကန်တွင် ပြသခဲ့သည်။။
ထို ပုံသဏ္ဍာန် သင်္ကေတ များသည် Rune ဟုခေါ်သော မှော်ဆန်သည့် အမှတ်အသားများပင်ဖြစ်သည်။

ထိုအပြင် Odinသည် စွမ်းအားအကြီးမားဆုံးဉာဏ်မျက်စိ ကိုရရှိခဲ့သည်။ ထိုဉာဏ်မျက်စိ ပိုမို အစွမ်းထက်စေရန် Odin သည် အခြားမျက်စီတစ်လုံးကိုပင် ဖောက်ထုတ်စတေးခဲ့သေးသည်။ သို့ဖြင့် Odin သည် ကမ္ဘာကိုးခု တိုင်အောင်မြင်နိုင်စွမ်းရှိသော နတ်ဘုရားတစ်ပါး ဖြစ်လာသည်။

runes များကို ကိုင်ဆောင်အသုံးပြုနည်းကို Odinသည် ကျွမ်းကျင်စွာ တတ်‌မြောက်ထားပြီး သူသည် စကြဝဠာအတွင်း စွမ်းအားအပြင်းထန်ဆုံး နှင့် အပြီးမြောက်ဆုံးသော သတ္တဝါများထဲမှ တစ်ဦး ဖြစ်လာခဲ့သည်။

ရှေးခေတ် Viking များ၏ အုတ်ဂူတွင် ၎င်း runes များကိုထွင်းထုထားလေ့ရှိသည်။
အထက်ပါ ဒဏ္ဍာရီတို့သည် Runes နှင့်ပတ်သက်သော Nordic Myth တစ်ချို့ပင်ဖြစ်သည်။

ရေးသားသူ – 𝐓𝐡𝐞 𝐙𝐚𝐛𝐮 𝐊𝐲𝐚𝐰

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။