တရုတ်နဲ့ အမေရိကန် ပြိုင်ဘက်ထက် မိတ်ဖက်ဖြစ်ဖို့လိုတယ်လို့ သမ္မတ ရှီကျင်းပင်ပြော

International News
တရုတ်နဲ့ အမေရိကန် ပြိုင်ဘက်ထက် မိတ်ဖက်ဖြစ်ဖို့လိုတယ်လို့ သမ္မတ ရှီကျင်းပင်ပြော

ပြည်သူ့မဟာခန်းမမှာ တွေ့ဆုံကြောင်း တရုတ်ထုတ်ပြန်

တရုတ်နဲ့ အမေရိကန် နှစ်နိုင်ငံဟာ ပြိုင်ဘက်တွေ ဆိုတာထက် အတူလက်တွဲ အလုပ်လုပ်ကြတဲ့ မိတ်ဖက်နိုင်ငံတွေ ဆိုတာမျိုး ပိုပြီး ဖြစ်သင့်တယ်လို့ တရုတ်ခေါင်းဆောင် သမ္မတ ရှီကျင်းပင်က ဘေဂျင်းမြို့မှာ ရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင်ကို ပြောပါတယ်။

တိအာနန်မင်ရင်ပြင် အနောက်ဘက်စွန်းပိုင်းမှာ တည်ရှိတဲ့ တရုတ်အစိုးရ အဆောက်အအုံ ပြည်သူ့မဟာခန်းမထဲမှာ တရုတ်သမ္မတက ဝန်ကြီးဘလင်ကင်ကို တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တွေ့ဆုံခဲ့တဲ့နောက်ပိုင်း နှစ်နိုင်ငံကြားမှာ အပြုသဘောဆောင်တဲ့ တိုးတက်မှုတချို့ ရှိလာခဲ့တယ် ဆိုတဲ့ အချက်အပေါ် သမ္မတ ရှီကလည်း သဘောတူတယ်လို့ ဆိုပါတယ်။

“နှစ်နိုင်ငံ အပြန်အလှန် အကျိူးရှိစေမယ့် အောင်မြင်မှုတွေကို ဖန်တီးရယူသင့်ပြီး၊ တစ်နိုင်ငံကြောင့် နောက်နိုင်ငံ ထိခိုက် နစ်နာရတယ် ဆိုတာ မဖြစ်သင့်ပါဘူး။ မတူညီမှု၊ ကွဲပြားမှုတွေ ရှိနေချိန်မှာပဲ ဘုံ တူညီမှုတွေ ရှိတဲ့ နယ်ပယ်မျိုးတွေလည်း ဖန်တီးထားဖို့ လိုပါတယ်”

“ဒီတော့ အနိုင်ရမှ ဖြစ်မယ် ဆိုတဲ့ ပြိုင်ဆိုင်မှုမျိုးထက် စာရင်၊ ပြောစကားတွေ အတိုင်း တည်ကြည်ဖို့နဲ့ ကိုယ့်ရဲ့ လုပ်ဆောင်ချက်တိုင်းမှာ အဖြေရှိဖို့ လိုပါတယ်။ အပြောတမျိုး၊ အလုပ်တမျိုး မဖြစ်ရပါဘူး” ဆိုပြီး သမ္မတရှီက ပြောခဲ့ပါတယ်။

မျက်နှာခြင်းဆိုင် တွေ့ဆုံတာတွေ ဆက်လုပ်ဖို့ လိုတယ်လို့ ဝန်ကြီးဘလင်ကင်ပြော

ဝန်ကြီးဘလင်ကင်ဟာ အစောပိုင်းတုန်းကလည်း တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိနဲ့ တွေ့ဆုံခဲ့ပြီး ဖြစ်ပါတယ်။

တရုတ်ရဲ့ စီးပွားရေး ထောက်မတ်ပေးမှုကြောင့် ရုရှားဟာlat natတွေ ဆက်လက် ထုတ်လုပ် နေနိုင်ပြီး ယူကရိန်း အပေါ် ဆက်လက် တိုက်ခိုက်နေနိုင်တယ် ဆိုတဲ့ အချက်ကို အမေရိကန် အနေနဲ့ အင်မတန် စိုးရိမ်ကြောင်း ဝန်ကြီးဘလင်က ဝန်ကြီးဝမ်ယိကို ပြောခဲ့ပါတယ်။

ဒါ့အပြင် တစ်ဘက်ကိုတစ်ဘက် နားလည်မှု လွဲတာတွေ၊ တွက်ချက်မှု မှားတာတွေ မဖြစ်ဖို့ ဆိုရင် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးတာမျိုးတွေကို ဆက်ပြီး လုပ်ဆောင်နေဖို့ လိုတယ်လို့ ဝန်ကြီး ဘလင်က ဆိုပါတယ်။

“ကျွန်တော်တို့ရဲ့ နှစ်နိုင်ငံ သမ္မတတွေကလည်း သံတမန် ဆက်ဆံရေး အမြဲပဲ သက်ဝင် လှုပ်ရှား နေဖို့လိုတယ် ဆိုတဲ့ လမ်းညွှန်ချက်တွေ ကိုယ်စီ ချမှတ်ထားပြီး ဖြစ်ပါတယ်။ ဒါကို အကောင်အထည် ဖော်ဖို့ဆိုရင် မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေးတာမျိုးတွေ ဆက်ပြီး လုပ်နေရမှာ ဖြစ်ပါတယ်။ ဘယ်နယ်ပယ်တွေမှာ ကျွန်တော်တို့ကြား ဘယ်လိုကွဲပြားမှုတွေ ရှိနေလည်း ဆိုတာ တစ်ဘက်နဲ့တစ်ဘက် အသေအချာ နားလည်ထားဖို့ လိုပါတယ်“ ဆိုပြီး ဝန်ကြီးဘလင်ကင်က ပြောပါတယ်။

ယူကရိန်းစစ်မှာ ရုရှးသုံးနေတဲ့ lat nat တွေထဲ တရုတ်လုပ် အစိတ်အပိုင်းတွေ ပါဝင်နေတာကို အမေရိကန် စိုးရိမ်နေ

အခုခရီးစဉ်ဟာ ၁၀ လ ဆိုတဲ့ ကာလအပိုင်းအခြားအတွင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဘလင်ကင် တရုတ်နိုင်ငံကို ဒုတိယ အကြိမ်မြောက်လာရောက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းကတော့ အမေရိကန်-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေးဟာ အတော်လေး တင်းမာ ပျက်ယွင်းနေခဲ့တာကနေ အခုတော့ နှစ်ဘက် စကားပြောဆိုမှုတွေ၊ သံတမန်ရေး ဆက်ဆံမှုတွေ သိသိသာသာ တိုးမြင့်လာတာ တွေ့ရပါတယ်။

နှစ်နိုင်ငံကြား အဓိက ဆက်ဆံရေး တင်းမာနေစေတဲ့ အကြောင်းအရာတွေထဲ တောင်တရုတ်ပင်လယ်ပြင်နဲ့ ထိုင်ဝမ် အရေးတို့အပြင်၊ အမေရိကန်ဘက်က အဆင့်မြင့် နည်းပညာတွေ တရုတ်လက်ထဲ ရောက်မှာ စိုးရိမ်ချက်နဲ့ ပိတ်ပင်တာမျိုးတွေ ပါဝင်ပါတယ်။

ဒါ့အပြင် ရုရှားက ယူကရိန်းကို တိုက်ခိုက်နေတဲ့ စစ်ပွဲထဲမှာ အသုံးပြုနေတဲ့lat natတွေ၊ စက်ယန္တရားတွေမှာ တရုတ်လုပ် မိုင်ခရိုချစ်(ပ) နဲ့ တခြား ပစ္စည်း အပိုင်းအစတွေ ပါဝင်နေတယ်လို့ အမေရိကန်က ပြောနေပါတယ်။

အဲဒီလို ယူကရိန်းစစ်သုံး ပစ္စည်းတွေ ရုရှားကို တရုတ်ကုမ္ပဏီတချို့က ပံ့ပိုးပေးနေတာတွေ မရပ်ဘူးဆိုရင် အမေရိကန်ဘက်ကလည်း အရေးယူ ဆောင်ရွက်တာတွေ ပြုလုပ်ရမှာ ဖြစ်တယ်လို့ ဘေဂျင်းမြို့တော်မှာပဲ ဘီဘီစီနဲ့ ပြုလုပ်တဲ့ တွေ့ဆုံမေးမြန်းခန်းထဲ ဝန်ကြီးဘလင်က သတိပေးပါတယ်။

ရုရှားစစ်တပ်လက်ထဲ ပစ္စည်းတွေ ရောက်စေတဲ့ တရုတ်ကုမ္ပဏီတွေကို အရေးယူမယ်လို့ အမေရိကန် သတိပေး

ဥရောပရဲ့ လုံခြုံရေးအပေါ် အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်နေစေတဲ့ အချက်ကို အားပေးအားမြှောက် ပြုလုပ်ရာကျတဲ့ အထိ ဒီကိစ္စဟာ ပြင်းထန်လေးနက်တဲ့ အကြောင်း တရုတ်ရဲ့ တာဝန်ရှိသူတွေကို သူ ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်လို့လည်း ဝန်ကြီးဘလင်က ဘီဘီစီကို ပြောပါတယ်။

ယူကရိန်းစစ်အတွက် ရုရှားကို တရုတ်အစိုးရက တိုက်ရိုက် ပံ့ပိုးနေတယ်လို့တော့ မဆိုလိုကြောင်း ဝန်ကြီးဘလင်ကင်က အလေးပေးပြောပါတယ်။

ဒါပေမယ့် ပံ့ပိုးနေတဲ့ တရုတ်ကုမ္ပဏီတွေကို တရုတ်အစိုးရဘက်က တစုံတရာ ကိုင်တွယ်တာမျိုး မလုပ်ရင် အမေရိကန်က ကိုင်တွယ် အရေးယူရမှာ ဖြစ်ကြောင်း တရုတ်တာဝန်ရှိသူတွေကို ရှင်းရှင်းလင်းလင်း သူ အသိပေးခဲ့တယ်လို့ ဆိုပါတယ်။

ဘယ်လို ဘယ်ပုံ အရေးယူမလဲ ဆိုတာကို အတိတကျ မပြောပေမယ့် စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်တာတွေ ချတာမျိုး ဖြစ်လာနိုင်တယ် ဆိုတာကို ဝန်ကြီးဘလင်ကင်ရဲ့ စကားအသွားအလာတွေ အရ သိရပြီး၊ အခုလက်ရှိမှာကို တရုတ် ကုမ္ပဏီတချို့ အပေါ် စတင်ကိုင်တွယ် နေပြီ ဆိုပြီး ဘီဘီစီနဲ့ မေးမြန်းခန်းမှာ ပြောဆိုသွားပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။