ဘရာဇီးမှာ တနင်္ဂနွေနေ့က ဖြစ်ခဲ့တဲ့ အဓိကရုဏ်းတွေနဲ့ပတ်သက်တဲ့ လူပေါင်း ၁,၅၀၀ လောက်ကို ဖမ်းဆီးထိန်းသိမ်းထား

International News Local News

ဘရာဇီးမှာ တနင်္ဂနွေနေ့က ဖြစ်ခဲ့တဲ့ အဓိကရုဏ်းတွေနဲ့ပတ်သက်တဲ့ လူပေါင်း ၁,၅၀၀ လောက်ကို ဖမ်းဆီးထိန်းသိမ်းထား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ဘရာဇီးမှာ တနင်္ဂနွေနေ့က ဖြစ်ခဲ့တဲ့ အဓိကရုဏ်းတွေနဲ့ပတ်သက်တဲ့ လူပေါင်း ၁,၅၀၀ လောက်ကို ဖမ်းဆီးထိန်းသိမ်းထား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဆန္ဒပြသူတွေ ဘရာဇီးလွှတ်တော်ကို ဘာကြောင့် ဝင်ရောက်စီးနင်းခဲ့ကြတာလဲ


သမ္မတဟောင်း ဂျယဲ ဘိုလ်ဆိုနာရိုကို ထောက်ခံသူတွေရဲ့ ကွန်ဂရက်လွှတ်တော်တွင်း ဝင်ရောက် စီးနင်းမှုကို ဆန့်ကျင် တုံ့ပြန်တဲ့အနေနဲ့ ဘရာဇီး လူထု ထောင်နဲ့ချီ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

ဘရာဇီးနိုင်ငံရဲ့ အကြီးဆုံးမြို့ ဆာပေါ်လို့မြို့က ဆန္ဒပြပွဲမှာလည်း သမ္မတဟောင်း ဘိုလ်ဆိုနာရိုကို ထောင်ထဲ ပို့ရမယ်ဆိုတဲ့ ကြွေးကြော်သံတွေ ကြွေးကြော်ခဲ့ကြပါတယ်။

တနင်္ဂနွေနေ့က မြို့တော် Brasília မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေနဲ့ပတ်သက်တဲ့ လူပေါင်း ၁,၅၀၀ လောက်ကိုလည်း ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

ကွန်ဂရက်လွှတ်တော်ဝင်ရောက်စီးနင်းခဲ့တဲ့သူတွေ ဘရာဇီးအလံကို လွှင့်ထူခဲ့ကြ

ဘရာဇီးသမ္မတဟောင်း ဘိုလ်ဆိုနာရို ကို ထောက်ခံတဲ့ လူ ထောင်ပေါင်းများစွာဟာ ဘရာဇီး ကွန်ဂရက်လွှတ်တော်၊ တရားရုံးချုပ်နဲ့ သမ္မတအိမ်တော်တို့ကို ဝင်ရောက်စီးနင်းခဲ့ကြပါတယ်။

အရောင်တောက်တောက် အင်္ကျီအဝါရောင်၊ အစိမ်းရောင် ဘရာဇီးလ်အလံကို ကိုင်ထားတဲ့ လူအုပ်ကြီးက ဘရာဇီးနိုင်ငံအတွက် အဓိကကျတဲ့ ဒီမိုကရေစီ အင်စတီကျူးရှင်း တည်ရှိရာ ကွန်ဂရက် အဆောက်အအုံထဲကို စီးနင်းဝင်ရောက်ပြီး ဖျက်ဆီးတာတွေ လုပ်ခဲ့ကြပါတယ်။ သူတို့ ဘာကြောင့် ဒီလိုလုပ်ရတာလဲ။

လွန်ခဲ့တဲ့နှစ်လက ခါးသီးပြင်းထန်တဲ့ ရွေးကောက်ပွဲတစ်ခု ကျင်းပ

၂၀၂၂ ခုနှစ် အောက်တိုဘာလက ကျင်းပခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲမှာ လက်ယာစွန်း သမ္မတ ဘိုလ်ဆိုနာရိုနဲ့ သူ့ရဲ့ ပြိုင်ဘက် လက်ဝဲယိမ်း “လူလာ”လို့ လူသိများတဲ့ လူဝိဇ် အင်နာစီရို လူလာ ဒါဆေးလ်ဗား တို့ယှဥ်ပြိုင်ခဲ့ကြပါတယ်။

အပြင်းအထန် အပြိုင်အဆိုင် အပြန်အလှန် မဲဆွယ်စည်းရုံးမှုတွေအပြီး အောက်တိုဘာ ၃၀ရက်နေ့ကကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ၂၀၀၃ ခုနှစ် ဇန်န၀ါရီလကနေ ၂၀၁၀ ခုနှစ် ဒီဇင်ဘာလအထိ သမ္မတတာဝန်ယူခဲ့ဖူးတဲ့ လူလာက ဘိုလ်ဆိုနာရိုကို မဲအနည်းငယ်နဲ့ ကပ်ပြီး အနိုင်ရခဲ့ပါတယ်။

ဘရာဇီး ကွန်ဂရက်လွှတ်တော် စီးနင်းခံရပြီးတဲ့အချိန် မရှေး မနှောင်းမှာပဲ အဲ့ဒီစီးနင်းမှုရဲ့ နောက်ကွယ်ကလူတွေကို “ဖက်ဆစ်ဝါဒီတွေ” လို့ သမ္မတတစ်ကျော့ပြန်ဖြစ်လာတဲ့ လူလာက တံဆိပ် တပ်ခဲ့ပါတယ်။

ပြီးတော့ သမ္မတဟောင်း ဘိုလ်ဆိုနာရိုဟာ အဓိကရုဏ်းမှာ ပါဝင်တဲ့သူတွေကို လူမှုကွန်ရက် မီဒီယာကတဆင့် အားပေးထောက်ခံနေတယ်လို့ လူလာက စွပ်စွဲနေပါတယ်။

“သမ္မတဟောင်းက အားပေးအားမြှောက် စကားတွေ အမျိုးမျိုးပြောခဲ့တယ်ဆိုတာ လူတိုင်းသိပါတယ်” လို့ သူက ပြောပါ တယ်။

နက်ရှိုင်းတဲ့ ကွဲလွဲမှုတွေ ရှိနေ

ဘရာဇီးနိုင်ငံဟာ နိုင်ရေးသမားတွေကြားမှာတင်မက သူတို့ကိုထောက်ခံနေတဲ့ သူတွေကြားမှာပါ နက်နက်ရှိုင်းရှိုင်း ကွဲလွဲမှုတွေရှိနေတဲ့ နိုင်ငံဖြစ်ပြီး၊ ကွန်ဂရက်အဆောက်အအုံကို ဝင်ရောက် တိုက်ခိုက်တဲ့ကိစ္စဟာ ဘရာဇီးနိုင်ငံသားအချို့က သူတို့ကို ကိုယ်စားမပြုတော့တဲ့ ဒီမိုကရေစီ အဖွဲ့အစည်းတွေကို တိုက်ခိုက်ဖို့ ဆန္ဒရှိကြောင်း အထင်အရှားပြေသပါတယ်။

ဒါက လက်ဝဲနဲ့ လက်ယာကြားက ကွဲလွဲနေတဲ့ ကိစ္စတစ်ခုမဟုတ်ဘဲ ဘရာဇီးနိုင်ငံရဲ့ ဒီမိုကရေစီ

သင်္ကေတအပေါ် ဒေါသနဲ့ ဆန့်ကျင်ပြီး ဒီမိုကရက်တစ် ရွေးကောက်ပွဲရလဒ်ကိုပါ လက်ခံဖို့ ငြင်းဆိုတဲ့ သူတွေရှိနေတာ တွေ့ရပါတယ်။

ဆူပူအုံကြွမှုမှာ ပါဝင်ခဲ့ကြသူတွေဟာ အစွန်းရောက်တဲ့သူတွေလို့ ပြောလို့ရပေမယ့် တဖက်မှာလဲ လူလာရဲ့ အကြောင်းကို သတင်းမှားတွေဖြန့်ပြီး တနင်္ဂနွေနေ့က အဖြစ်အပျက်တွေ ဖြစ်ပေါ် လာ အောင် လှုံ့ဆော်ပေးတဲ့ လူလာကို ဆန့်ကျင်တဲ့သူတွေ အများကြီးရှိနေတယ်ဆိုတာလည်း တွေ့ရ ပါတယ်။

ထောင်ကျဖူးတဲ့သူ သမ္မတမဖြစ်သင့်ဘူးလို့ တစ်ချို့က လက်ခံထား

လူလာဟာ သမ္မတသက်တမ်း နှစ်ကြိမ် ထမ်းဆောင်ခဲ့ဖူးသလို ထောင်ကျခဲ့ဖူးတဲ့အတွက် အဲ့ဒီ ကိစ္စကို ဘရာဇီးနိုင်ငံသားအချို့က မကြိုက်ကြသလို ရှက်စရာကိစ္စလို့ သဘော ထားကြပါတယ်။ တစ်ချို့ကဆို ထောင်ထဲကို အရင်ပြန်သွားပြီးမှ သမ္မတနန်းတော်ကို ပြန်လာသင့်တယ်လို့ တောင်ပြောနေကြပါတယ်။

၂၀၁၇ ခုနှစ်က အကျင့်ပျက်ခြစားမှုနဲ့ ပြစ်ဒဏ်ချမှတ်ခံရပြီး အကျဉ်းထောင်ထဲမှာ ရက်ပေါင်း ၅၈၀ နေထိုင်ခဲ့ရတဲ့အတွက် ၊ ၂၀၁၈ သမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံခဲ့ရပြီး ဘိုလ်ဆိုနာရိုက အနိုင်ရသွားတာဖြစ်ပါတယ်။

လူလာ ထောင်ချအရေးယူခံရတဲ့ အဓိက ပြစ်မှုက ဘရာဇီးနိုင်ငံအစိုးရပိုင်ရေနံကုမ္ပဏီနဲ့ အင်ဂျင်နီယာကုမ္ပဏီတစ်ခုတို့ စာချုပ်ချုပ်ဆိုတာမှာ အကူအညီပေးခဲ့ပြီး အဲ့ဒီကနေ လာဘ် ယူခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတာပါ။

ဒါပေမယ့် လာဘ် ယူတယ်လို့စွပ်စွဲခံရတဲ့ တိုက်ခန်းကို သူပိုင်တာမဟုတ်ဘူးလို့ လူလာက ငြင်းထား ပါတယ်။ နောက်ပိုင်းမှာ သူ့ရဲ့ပြစ်ဒဏ်ကို ဖျက်သိမ်းပြီး နောက်တစ်ကြိမ် ရွေးကောက်ပွဲ ဝင်နိုင် အောင် လမ်းကြောင်းရှင်း ပေးခဲ့ပါတယ်။

ဒါပေမယ့် လူလာကို ဝေဖန်သူတော်တော်များများကတော့ ဘရာဇီးလ်တရားရုံးချုပ်က ပြစ်ဒဏ်ကို ပယ်ဖျက်လိုက်ပေမယ့် သူ့မှာ အပြစ်မရှိဘူးလို့ ဆိုလိုတာမဟုတ်ဘူးလို့ ပြောကြပါတယ်။ ဒါဟာ လုပ်ထုံးလုပ်နည်းအရ ပြစ်ဒဏ် စီရင်မှု ပျက်ပြယ်သွားတာလို့ သူတို့က ထောက်ပြပါတယ်။

တဖက်ကလည်း လူလာကို ထောက်ခံသူတွေဘက်က လူလာထောင်ကျတဲ့ ကိစ္စဟာ နိုင်ငံရေးကြောင့်လို့ ဆိုကြပါတယ်။

လူလာကိုထောင်ချတဲ့ အထဲပါတဲ့ ဘရာဇီးဗဟိုတရားရုံး တရားသူကြီး နောက်ပိုင်းမှာ ဘိုလ်ဆို နာရို အစိုးရအဖွဲ့ရဲ့ ဝန်ကြီးဖြစ်လာတဲ့အချက်က လူလာမှာ အပြစ်မရှိဘူးဆိုတဲ့ သူတို့ အမြင်ကို ပိုခိုင်မာစေခဲ့ပါတယ်။

ဘိုလ်ဆိုနာရို ထောက်ခံသူအများစုက ရှုံးနိမ့်မှုကို လက်မခံနိုင်ကြ

ဘိုလ်ဆိုနာရိုကို ထောက်ခံသူအများစုက သူ့တို့မြတ်နိုးတန်ဖိုးထား ကာကွယ်စောင့်ရှောက်တဲ့ “ဘုရားသခင်၊ နိုင်ငံတော်၊ မိသားစု” စတာတွေအတွက် ကယ်တင်ရှင်အဖြစ် မြင်ကြပါတယ်။

ဘိုလ်ဆိုနာရို ထောက်ခံသူတွေက ဆန္ဒပြပွဲတွေမှာ ဆုတောင်းလေ့ရှိ

ပြီးတော့ လက်ဝဲဝါဒီ လူလာ ရွေးကောက်ပွဲနိုင်သွားရင် သူတို့ရဲ့ ဘုရားရှိခိုးကျောင်းတွေကို ပိတ်ပစ်နိုင်တယ်ဆိုတဲ့ ကောလာဟလတွေကို ယုံကြည်ထားကြပြီး ၊ သူတို့ရဲ့စံတန်ဖိုးတွေ ပျက်သွားအောင် ခြိမ်းခြောက်လာနိုင်တဲ့သူအဖြစ် မြင်ထားတဲ့အတွက် လူလာကို အနိုင်ယူမယ့်သူအဖြစ် ဘိုလ်ဆိုနာရိုကို မျှော့်လင့်ချက်ထားခဲ့ကြပါတယ်။

ဘိုလ်ဆိုနာရိုကိုထောက်ခံမဲပေးခဲ့တဲ့ မဲဆန္ဒရှင်တွေက လူလာရှုံးမယ်လို့ ယုံကြည်ခဲ့ကြပြီး လူလာ အနိုင်ရသွားတဲ့ ရလဒ်ကိုလည်း လက်မခံနိုင်အောင် ဖြစ်ခဲ့ကြပါတယ်။

တစ်ချို့ကဆို လူလာ သမ္မတမဖြစ်လာအောင်တားဆီးပေးဖို့ စစ်တပ်ရှေ့မှာ စခန်းချတောင်း ဆိုခဲ့ကြပြီး လိုအပ်လာရင် စစ်တပ်က အာဏာသိမ်းပေးဖို့ တောင် တိုက်တွန်းခဲ့ကြပါတယ်။

ဒါပေမယ့် စစ်တပ်က ဒီကိစ္စမှာ ဘာမှဝင်မပါဘဲ လူလာလည်း အစီအစဥ်အတိုင်း သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုနိုင်ခဲ့ပါတယ်။

လူလာ သမ္မတအိမ်တော် ပြောင်းရွှေ့သွားတဲ့အချက်က ဘိုလ်ဆိုနာရိုထောက်ခံသူတွေကို ဒေါသူပုန်ထစေခဲ့

လူလာ ကျမ်းသစ္စာကျိန်ဆိုပြီး တစ်ပတ်အကြာ မြို့တော် Brasilia မှာ ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။

ဘိုလ်ဆိုနာရိုဟာ လူလာရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို မတက်ရောက်ခဲ့သလို သမ္မတစလွယ်ကိုလည်း လွှဲပြောင်းမပေးခဲ့

ရှုံးနိမ့်မှုကို ငြင်းဆန် လက်မခံတဲ့ ဘိုလ်ဆိုနာရိုဟာ ကျမ်းသစ္စာကျိန်ဆိုတဲ့ အခမ်းအနားကိုတောင် မတက်ရောက်ဘဲ အမေရိကန်နိုင်ငံကို ထွက်သွားခဲ့ ပါတယ်။

လူလာ အနိုင်ရသွားတာက သူတို့ရဲ့ မျှော်လင့်ချက်အားလုံး ပျက်စီးသွားသလိုဖြစ်သွားတော့ ဘိုလ်ဆိုနာရိုထောက်ခံသူတွေ ယမ်းပုံမီးကျ ဒေါသတွေ ပေါက်ကွဲထွက်ကုန်ကြပါတယ်။

လူလာ ရာထူးတက်လာပြီး သမ္မတနန်းတော်ထဲကို ပြောင်းရွှေ့သွားတဲ့ မြင်ကွင်းက လူလာကို “ဘရာဇီးနိုင်ငံအတွက် ကွန်မြူနစ်ခြိမ်းခြောက်မှု” လို့ တံဆိပ်ကပ်နေသူတွေအတွက် မခံမရပ် နိုင် အောင်ဖြစ်လာစေပါတယ်။

ဘရာဇီး စစ်တပ်ရဲ့ ရပ်တည်ချက်ကလည်း သူတို့ ဘက်မှာမရှိဘူးလို့ ခံစားလာရပြီးတော့ သူတို့ကို ကိုယ်စားမပြုတဲ့ သူတွေလို့ သူတို့ကသတ်မှတ်ထားတဲ့ သူတွေ ရုံးထိုင်မယ့် နေရာ အဖွဲ့ အစည်း တွေကို ကျူးကျော်ဝင်ရောက်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ၊။

အစွန်းရောက်ဝါဒနှင့် သတင်းမှားတွေက သူတို့ကို လွှမ်းမိုးခဲ့

ဘိုလ်ဆိုနာရိုရဲ့ သဘောထားကွဲလွဲစေတဲ့စကားလုံးတွေနဲ့ ဘရာဇီးနိုင်ငံရဲ့ ရွေးကောက်ပွဲစနစ်ရဲ့ အပေါ် မေးခွန်းထုတ်တာတွေကလည်း ဘရာဇီးနိုင်ငံမှာ တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေကို မီးထိုးပေးသလိုဖြစ်စေခဲ့ပါတယ်။

ရွေးကောက်ပွဲအကြိုကာလမှာ ဘရာဇီးရဲ့ အီလက်ထရွန်နစ်မဲပေးစနစ်က လိမ်လည်မှုအတွက် ပျော့ကွက် အားနည်းချက်တွေဖြစ်စေတယ်လို့ သူက ရွေးကောက်ပွဲအာဏာပိုင်တွေကို စောဒက တက်ခဲ့ပေမယ့် ဒီကိစ္စကို ရွေးကောက်ပွဲကော်မရှင်က လက်မခံ ပယ်ချခဲ့ပါတယ်။

ဒါပေမယ့် မစ္စတာ ဘိုလ်ဆိုနာရိုရဲ့ ပါတီက စောဒကတက်တိုင်ကြားမှုကို ရွေးကောက်ပွဲ တရားရုံးက ပယ်ချခဲ့တာကို ဘရာဇီးနိုင်ငံသား အများအပြားက ရွေးကောက်ပွဲမှာ “မဲခိုးယူမှု” တွေဖြစ် ပွားခဲ့တယ်ဆိုပြီး မှားယွင်းစွာ ယုံကြည်ခဲ့ကြပါတယ်။

ရုန်းရင်းဆန်ခတ်ဖြစ်ပြီးနောက် ဘိုလ်ဆိုနာရိုက Brasilia မြို့မှာ မငြိမ်မသက်ဖြစ်စေအောင် အားပေးထောက်ခံတဲ့ မိန့်ခွန်းတွေ ပြောကြားခဲ့တယ်ဆိုတဲ့ လူလာရဲ့ စွပ်စွဲချက်ကို ဘိုလ်ဆိုနာရိုက တွစ်တာကနေ ဖြေရှင်းချက်ထုတ်ခဲ့ပါတယ်။

“ဒီနေ့ဖြစ်ပွားခဲ့တဲ့ အများပိုင်အဆောက်အအုံတွေကို လုယက်တာ၊ ကျူးကျော်ဝင်ရောက်တာ” က ဥပဒေနှင့်မညီကြောင်း သူက ပြောခဲ့ပါတယ်၊။

ဒါပေမယ့် ဘရာဇီးနိုင်ငံရဲ့ ဒီမိုကရေစီ အင်စတီကျူးရှင်းတွေကို ဝင်ရောက်စီးနင်းတဲ့သူတွေရဲ့ အစွန်းရောက်ဝါဒက ထိန်းရခက်မယ့် အခြေအနေထိရောက်သွားတာကတော့ သေချာပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။