အသည်းရောင် အသားဝါအတွက် ဆေးနည်းများ

Health Knowledge
အသည်းရောင် အသားဝါအတွက် ဆေးနည်းများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အသည်းရောင် အသားဝါအတွက် ဆေးနည်းများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အသည်းရောင် အသားဝါအတွက် ဆေးနည်းများ
မက်လင်သီး၊ မက်လင်ခေါက်

မက်လင်သီးသည် အလွန်ချဉ်သော အသီးဖြစ်ပြီး ချဉ်ဟင်းချက်ရာတွင် ထည့်သွင်း အသုံးပြုကြသည့် တောဓလေ့သုံး အသီးဖြစ်သည်။ အသီးများကို နေလှန်း၊ အခြောက် ပြုလုပ်ပြီးလည်း ဈေးများတွင် ရောင်းချကြသည်။

မက်လင်သီး၊ မက်လင်ခေါက် တို့ပါဝင်သော ဆေးသည် အသည်းအတွက် အလွန်ကောင်းသည်။

အသည်းရောင်ခြင်းကို ကျစေသည့်အပြင် အသားဝါခြင်း၊ ဆီးဝါခြင်းကိုလည်း အလွန်လျင်မြန်စွာ ကောင်းမွန်စေနိုင်ကြောင်း စာရေးသူတို့ အလုပ်သင်ဘဝကတည်းက လက်တွေ့ပင် ဖြစ်သည်။

အရက်သောက်သူ၊ အသည်း အဆီဖုံးသူ အသည်းခြောက်သူ များအတွက် ဆေးနည်းတစ်ခု ပေးချင်ပါသည်။ ဆေးပင်ဟု ပြောလျှင်လည်း ဖြစ်နိုင်ပါသည်။

ဟင်းဂလာပင်

ဟင်းဂလာပင်သည် နုန်းတင်မြေနုနှင့် သဲသောင်ခုံ များတွင် အလေ့ကျပေါက်သော အပင်များ ဖြစ်ပါသည်။ မြေနှင့်သဲတွင် ကပ်၍ပေါက်ပြီး လက်ဝါးကဲ့သို့ နံဘေးသို့ ဖြာထွက်သည်။ ဟင်းဂလာပင်ကို ပြုတ်သောက်လျှင် ဆီးအလွန် ကောင်းသည်။

ကျွဲ၊ နွားများဆီးချုပ် သောအခါ ဟင်းဂလာ ပင်ကိုခုတ်စဉ်းပြီး နွားစာနှင့်ရော ကျွေးကြသည်။ဟင်းဂလာပင်ကို ထမင်း လက်တစ်ဆုပ်ခန့်ဖြင့် မြေစဉ့်အိုးငယ်တွင် ထည့်၍ အချဉ်တည် ထားပြီး သုံးရက်ခန့် တွင် အချဉ်ပေါက်သည်။

ဟင်းဂလာ ချဉ်ဖတ်ကို ငါးဖြင့်ရော၍လည်း ချက်စားလေ့ ရှိကြသည်။ ငါးပိရည်နှင့် တွဲဖက်၍ တို့စရာအဖြစ် လည်း စားသုံးကြသည်။

တောဓလေ့တွင် ချက်အရက် သောက်ကြသူ များသည်အရက်နာ မကျစေရန် ဟင်းဂလာ ချဉ်ဖတ်ကို ပဲကြီးလှော်နှင့် စားသုံးရင်း အရက်သောက်လေ့ ရှိကြသည်။

ထိုကဲ့သို့ သောက်သော အရက်သမား များမှာ အရက်နာကျခြင်း၊ အသည်းခြောက် ရောဂါဖြစ်ခြင်း မရှိကြောင်း တွေ့ရပါသည်။

ဆေးမြင်းခွာရွက်

ဆေးမြင်းခွာရွက်သည် စားသုံးသည့် မြင်းခွာရွက်ထက် အရွက်သေးသည်။

လမ်းလျှောက်နွယ်မျိုး ဖြစ်ပြီး အရက်နှင့်အရိုးတွင် အမွေးနုကလေးများ ပါလေ့ရှိသည်။ ရိုးတံ အနီရောင်နှင့် အဖြူ

ရောင် နှစ်မျိုးရှိသည်။ နှစ်မျိုးလုံးပင်ဆေးဖက်ဝင်ပါသည်။

ယင်းမြင်းခွာပင်များကို နွယ်လိုက်ရအောင် နုတ်ယူ၍ ဝါးလုံးတန်း ကဲ့သို့ တန်းပေါ်တွင် အရှည်လိုက် တင်ပြီးအခြောက်လှန်းပါ။ နေပူတွင် မလှန်းဘဲ နေရိပ်တွင် လှန်းပါ။ ခြောက်သွားသောအခါ မှိုမတက်အောင် သံဘူးသို့မဟုတ် ဖန်ပုလင်းတွင် သိမ်းဆည်းထားပါ။

နေ့စဉ် ရေနွေးမတ်ခွက် တစ်ခွက်စာမျှ လက်ဖက်ခြောက် ခတ်သလိုခတ်၍ သောက်ပေးပါ။ အသည်းအဆီ ဖုံးခြင်းကို ကျဆင်းစေနိုင်ပြီး ဆီးကောင်း၊ ဆီးရွှင်ကာ မျက်စိအားကိုလည်း ကောင်းစေနိုင်ကြောင်း လက်တွေ့ သုံးစွဲဖူးသူများက ပြော၍ မှတ်သားရဖူးပါသည်။

ဆီးဖြူသီးပင်

ဆီးဖြူသီးကိုဆေးဖက်ဝင် အသီးအဖြစ် မြန်မာ့ဆေးကျမ်းများစွာတွင် ပါဝင်သည့်အပြင် အနောက်တိုင်း အာဟာရ သုတေသီများကလည်း ဗီတာမင်စီ အလွယ်ကြွယ်ဝသော အသီးအဖြစ် အသိအမှတ်ပြုထားကြသည်။

သို့သော် ဆီးဖြူသီးကိုအစိမ်းအတိုင်း စားလျှင် လေချုပ်၊ သွေးချုပ်စာ ဖြစ်သဖြင့် နေ့စဉ်ရက်ဆက် များများစားရန် မသင့်ပါ။ အထူးသဖြင့် အမျိုးသမီးများ သွေးပေါ်ရက်နီးလျှင် မစားသင့်ပါ။

အသည်းအဆီဖုံးသူများအတွက် ဆီးဖြူသီးစားရန် နည်းမှာ ဆားရည်စိမ် စားလျှင် ပို၍ကောင်းသည်။ ဆားရည်စိမ်ထားလျှင် ကြာကြာ အထားခံပြီး အရသာလည်း ပို၍ကောင်းသည်။

တစ်နေ့လျှင် တစ်လုံးမျှ စားလျှင်ပင်လုံလောက်သည်။

တာရှည်ခံသော နည်းမှာ ဆီးဖြူသီး ပေါသောအချိန်တွင် ဝယ်ယူ၍ အခြောက်လှန်းပြီး သိမ်းဆည်းထားပါ။

ဆီးဖြူသီးခြောက်ကို ငါးဟင်း၊ ဝက်သားဟင်း စသည်တို့နှင့် ရောချက်စားလျှင် ဟင်းနူးစေပြီး အဆီဓာတ်ကို လျော့ကျစေကာ အအီပြေစေနိုင်သည်။ ဝက်သားကြိုက်သူများသည် အိုးကြီးနှပ်ချက်အဖြစ် ချက်စားနိုင်သည်။

ရှေးက အလှူများတွင် ဝက်သားတုံးကြီး များကို နူးအောင် ချက်ပြီးမှ အိုးကြီးတွင်ထည့်ပြီး သရက်သီး ခြောက်တစ်ထပ်၊ အသားတစ်ထပ်၊ မရန်းသီးခြောက်၊ ဆီးဖြူသီးခြောက်များ ထပ်၍ထည့်ပြီး အိုးအဖုံးပိတ်ကာ အပေါ်မီး၊ အောက်မီး ထပ်တင်၍ နှပ်ထားလေ့ရှိသည်။

ရက်ရှည် အထားခံပြီး ချဉ်ဖြုံးဖြုံးအရသာ ရှိသော ဝက်သားအိုးကြီးနှပ်မှာ ဆွမ်းကြီးလောင်းပွဲနှင့် အလှူပွဲများတွင် မြန်မာတို့အကြိုက် ချက်နည်းဖြစ်သည်။ ဝက်သားကြိုက်သူ များသည် အသည်းအဆီဖုံးခြင်း သက်သာစေရန် ဤနည်းဖြင့် ချက်စားနိုင် ပေသည်။

ရှောက်ရွက်နှင့် ရဲယိုရွက်

ရှောက်ရွက်ကို ပါးပါးညှပ်ပြီး အသုပ်များတွင် ရောထည့်စားခြင်း၊ ဟင်းချိုပြုလုပ် သောက်ခြင်းဖြင့် နေ့စဉ် စားသုံးနိုင်သည်။ အတို့အမြှုပ် အဖြစ်လည်း စားသုံးနိုင်သည်။

ရှောက်သီးမှ ထွက်သော ရှောက်ရည်နှင့် ရှောက်ရွက်တို့သည် အသည်းအတွက် အလွန်ကောင်းသော ဓာတ်စာဖြစ်သည်။

ချဉ်ရည်ဟင်းများတွင် ရှောက်ရည် ထည့်ချက်ခြင်း၊ အကင်များ စားလျှင်လည်း ရှောက်ရည် ညှစ်စားခြင်းဖြင့် အသည်းအတွက် ကာကွယ်ပါ။

ရဲယိုရွက်ကို ငါးခူဖြင့် ရောချက်စား နိုင်သည်။ ငါးဖယ်၊ ငါးကြင်းခြစ်များကို အမွှေးအကြိုင်၊ ကြက်သွန်ဖြူ၊ စပါးလင်တို့ဖြင့် ရောနယ်ပြီး ရဲယိုရွက်ဖြင့် ဖက်ထုပ်ပြုလုပ်ကာ ကြော်စားခြင်း၊ ရေနွေးနွေးဖြင့် ပေါင်းစားခြင်းတို့လည်း ပြုလုပ်နိုင်သည်။

ရဲယိုရွက်သည် နှုတ်မြိန်စေသော အစာဖြစ်သည်။ လေပူကို နိုင်သော သတ္တိရှိသည်။ အသည်းတွင် အပူအောင်းခြင်း၊ အသည်းခြောက်ခြင်း ရောဂါအတွက် တစ်ပတ်လျှင် နှစ်ကြိမ်ခန့် ရဲယိုရွက်ကို စားသုံးပေးလျှင် ကာကွယ်ရာ ရောက်သည်။

အဆီများသူ၊ တစ်နေ့တခြား ဝလာသူ၊ အထိုင်များသူ၊ လမ်းလျှောက်နည်းသူတို့အတွက် အသည်းအဆီဖုံးရောဂါသည် အလွန်အဖြစ်များလာသော ရောဂါဖြစ်သဖြင့် ရိုးရာဆေးဖက်ဝင်အပင်၊ အသီးအရွက်များကို စားသုံးရင်း ကာကွယ်နိုင်ကြောင်း ရေးသားလိုက်ရပါသည်။

ရေးသားသူ –SPF Myanmar

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။