ဝါတွင်းကာလ_အိမ်ပြောင်းခြင်း_အိမ်ရွှေ့ခြင်းများ_မလုပ်ကောင်းဘူးလား..

Astrology
ဝါတွင်းကာလ_အိမ်ပြောင်းခြင်း_အိမ်ရွှေ့ခြင်းများ_မလုပ်ကောင်းဘူးလား..

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဝါတွင်းကာလ_အိမ်ပြောင်းခြင်း_အိမ်ရွှေ့ခြင်းများ_မလုပ်ကောင်းဘူးလား.. ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဝါတွင်းကာလ_အိမ်ပြောင်းခြင်း_အိမ်ရွှေ့ခြင်းများ_မလုပ်ကောင်းဘူးလား..
(ဗဟုသုတလေးမို့ ဖတ်ကြည့်ပါ)

ဒကာတစ်ယောက်က “အရှင်ဘုရား
ဝါဆိုချိန်နီးလာပြီဆိုတော့ မြန်မာလူမျိုးများရဲ့ ဝါတွင်းကာလမှ အိမ်မပြောင်းရ၊ အိမ်မရွေ့ရစတဲ့ အယူအဆတွေကြောင့် ဝါမဆိုခင်ကတည်း ဒီကိစ္စအတွက် အပြီးလုပ်နေကြတာကို တွေ့ရပါတယ်၊ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဘုရားဟောထားတာ ရှိသလား၊ ဒီအယူအဆတွေကို လိုက်ပြီးလုပ်သင့်သလား၊ မလုပ်သင့်ဘူးလား စသဖြင့် ဆောင်ရန်ရှောင်ရန်တွေကို သိလိုပါတယ်ဘုရား” စသဖြင့် မေးလျှောက်ဖူးလို့ ပြန်ပြီးဖြေပေးဖူးပါတယ်။ ဟုတ်ပါတယ်။ အဲဒီ ဒကာမေးလျှောက်သလိုပဲ မြန်မာနိုင်ငံမှာ ဝါတွင်းကာလနဲ့ ပတ်သက်တဲ့ အရိုးစွဲနေတဲ့ အမှားတွေ အများကြီးရှိပါတယ်။

ဘာသာရေးနဲ့ မသက်ဆိုင်တဲ့ အယူအဆ အမှားတွေဟာ ကြာတော့ဘုရားပဲ ဟောသလိုလို၊ ကျမ်းဂန်တွေမှာပဲ ပါသလိုလို ဖြစ်ကုန်တာတွေ အများကြီးပါပဲ။ ဒီအများကြီးတွေထဲက မေးခွန်းရှင် မေးထားသလို၊ ဝါတွင်းကာလ အိမ်မပြောင်းရ၊ အိမ်မရွေ့ရ၊ အိမ်မဆောက်ရ စတာတွေလည်းရှိသလို ဝါတွင်းကာလ အိမ်ထောင်မပြုရ ဆိုတာတွေတောင် ပါနေပါသေးတယ်။ ဒီအယူအဆတွေဟာ ဘုရားဟောထဲမှာ မပါတဲ့၊ ဘုရားဟောနဲ့ မသက်ဆိုင်တဲ့ လောကီအယူအဆတွေပဲ ဖြစ်ပါတယ်။

ဝါတွင်းကာလမှာ အိမ်ပြောင်းရင်၊ အိမ်ရွှေ့ရင် ဘာဖြစ်မယ်၊ ညာဖြစ်မယ်ဆိုတဲ့ ရှေးရိုးစွဲအယူအဆတွေ၊ လောကဓာတ်ဆရာတွေရဲ့ ဟောပြောမှုတွေကြောင့် အခုနောက်ပိုင်းမှာ လူအတော်များများက ရက်ကောင်းရက်မြတ်ရွေးတာတို့၊ ဝါမဆိုခင်၊ ဒါမှမဟုတ် ဝါကျွတ်ပြီးမှ လုပ်တာတို့ စတာတွေ ဖြစ်လာကြတာ ဖြစ်နိုင်ပါတယ်။ ရှေးတုန်းကတော့ ရာသီဥတု အနေအထားအရ ဝါတွင်းဆိုတာ မိုးတွင်းကာလ ဖြစ်တဲ့အတွက် မိုးရွာနေတဲ့အချိန်မှာ အပြောင်းအရွှေ့လုပ်ရင် ပိုပြီးဒုက္ခများနိုင်တဲ့အတွက် ချောက်ချောက်သွေ့သွေ့ဖြစ်တဲ့ မိုးမကျခင်ကာလ ဒါမှမဟုတ် မိုးရာသီပြီးမှ လုပ်ကြတဲ့ အစဉ်အလာတွေ ရှိကြပါတယ်။ ဒါက ရာသီဥတု အခြေအနေကြောင့် ဖြစ်ပါတယ်။ ခုနောက်ပိုင်းတော့ ဗေဒင်ဆရာ၊ ယတြာဆရာ၊ နက္ခတ္တဆရာ စတဲ့လောကဓာတ် ဆရာတွေရဲ့ အာဘော်တွေ၊

ဒီလောကဓာတ် ဆရာတွေရဲ့ အယူအဆကို ယုံကြည်သူတွေကြောင့် ဝါတွင်းကာလ အိမ်မပြောင်းကောင်းတာတို့၊ အိမ်မရွှေ့ကောင်းတာတို့၊ အိမ်မဆောက်ကောင်းတာတို့၊ အိမ်ထောင် မပြုကောင်းတာတို့ စတာတွေ ဖြစ်လာတာ ဖြစ်နိုင်ပါတယ်။ ဒီလိုခေတ်စားလာတာတွေဟာ ဘုရားဟောမှာပါလို့ လုပ်ကြတာတော့ မဟုတ်ကြပါဘူး။

ဗုဒ္ဓစာပေတွေမှာတော့ ဒီလိုကိစ္စတွေနဲ့ ပတ်သက်ပြီး ဘယ်အချိန်မှာ မလုပ်ကောင်းဘူး၊ ဘယ်အချိန်မှာ လုပ်ရမယ် စသဖြင့် ဟောထားတာ မရှိပါဘူး။ ဘယ်လိုမင်္ဂလာ၊ ဘယ်လို နက္ခတ်တွေနဲ့ အညီမှ လုပ်ရမယ်ဆိုတာ မရှိပါဘူး။ ဒီလို နည်းတွေကိုလည်း ဘုရားမြတ်စွာက အားမပေးပါဘူး။ အဲ နက္ခတ်၊ မင်္ဂလာ စတဲ့အယူအဆတွေ သိပ်ပြင်းပြနေတယ်ဆိုရင်တော့ ကောင်းတဲ့အကျင့်ကို များများကျင့်ကြဖို့ပဲ မိန့်တော်မူပါတယ်။ ဒီစကားတော်ကို ပရိတ်ကြီး၊ ပုဗ္ဗဏှသုတ်မှာ လာတဲ့စကားတော်က အထင်းအရှား ဖြစ်စေပါတယ်။

အဲဒီသုတ်တော်မှာ ဘုရားရှင်က *ကောင်းမြတ်သောအကျင့်ကို ကျင့်နေသူများအဖို့ အမြဲတမ်း နက္ခတ်ကောင်းပါတယ်၊ အမြဲတမ်း ကျက်သရေမင်္ဂလာ ရှိပါတယ်၊ အမြဲတမ်း ကောင်းသော မိုးလင်းခြင်း ဖြစ်ပါတယ်၊ အမြဲတမ်း ကောင်းသော အိပ်ရာထခြင်း ဖြစ်ပါတယ်၊ အမြဲတမ်း ကောင်းသော အချိန်အခါ ဖြစ်ပါတယ်၊ အမြဲတမ်း ကောင်းသော ပူဇော်ခြင်း ဖြစ်ပါတယ်* လို့ ဟောကြားတော်မူထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။

နောက် အိမ်အပြောင်းအရွှေ့ ပြုလုပ်ကြတာနဲ့ ပတ်သက်ပြီး ဗုဒ္ဓစာပေတွေမှာ အထူးမိန့်တော် မူထားတာ မရှိပေမယ့် အိမ်သစ်တက်တဲ့အခါ၊ မြို့ရွာအသစ်တည်တဲ့ အခါတွေနဲ့ ပတ်သက်ပြီးတော့ မဟာပရိနိဗ္ဗာနသုတ်မှာ မိန့်တော်မူထားတဲ့ ဘုရားစကားတော် ရှိပါတယ်။ ဒီသုတ်တော်မှာ ဘုရားရှင်က

“ပညာရှိသည် အကြင်အရပ်၌ အိမ်ရာဆောက်လုပ်နေထိုင်၏။ ဤအရပ်၌ သီလရှိသော၊ ကိုယ်နှုတ်နှလုံး စောင့်သုံးသော၊ မြတ်သောအကျင့်ကို ကျင့်သောပုဂ္ဂိုလ်တို့ကို ဆွမ်းကျွေးပြီးလျှင် ထိုအရပ်၌ ရှိသောနတ်တို့အား အလှူ၏ အဖို့ကို အမျှဝေ
ရာ၏။

ဤသို့ အမျှပေးဝေလတ်သော် နတ်တို့သည် ပူဇော်ခံရသဖြင့် ထိုအမျှပေးဝေသူကို အတုန့်ပြန်၍ ပူဇော်ကုန်၏။ မြတ်နိုးခံရသဖြင့်လည်း အတုန့်ပြန်၍ မြတ်နိုးကုန်၏။ ထို့ကြောင့် မိခင်သည် ရယ်ဝယ်သားကို စောင့်ရှောက်သကဲ့သို့ ထိုအမျှဝေသူကို စောင့်ရှောက်၏၊ နတ်တို့စောင့်ရှောက်ခံရသောသူသည် အခါခပ်သိမ်း ကောင်းခြင်းမင်္ဂလာတို့ကိုသာ တွေ့မြင်ရလေ၏”

လို့ဟောကြားတော်မူထားတာကို တွေ့ရပါတယ်။ ဒီစကားတော်အရ အိမ်အသစ်တက်တဲ့အခါ၊ နေရာအသစ် ပြောင်းတဲ့အခါမှာ အိမ်တက်အလှူစတာတွေ လုပ်ကြခြင်း ဖြစ်ပါတယ်။ ဒီလိုအလုပ်မျိုးကတော့ ဘုရားရှင်ရဲ့ တရားတော်နဲ့လည်း ညီညွတ်လှတဲ့အတွက် ကောင်းတဲ့အစဉ်အလာလို့ ပြောရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဘယ်အချိန်၊ ဘယ်ကာလမှာ ဘာမလုပ်ကောင်းဘူး ဆိုတာတွေကတော့ ဘုရားဟောနဲ့ မညီသလို၊ ကိုယ့်ရဲ့ ကံတရားတွေကို မယုံကြည်ကြလို့ပဲလို့ ပြောရမှာ ဖြစ်ပါတယ်။ တကယ်လို့သာ အခါကာလတွေ ပြောကြကြေးဆိုရင် ဝါးတွင်းဝါပတွေ ရွေးစရာမလိုပါဘူး။ မကောင်းတာလုပ်တဲ့ သူတွေအတွက် အချိန်တိုင်းဟာ မကောင်းတာတွေ ဖြစ်နေမှာဖြစ်ပြီး ကောင်းတာလုပ်တဲ့သူတွေအတွက် အချိန်တိုင်းဟာ အကောင်းတွေပဲ ဖြစ်နေကြမှာ ဖြစ်ပါတယ်။

ဘယ်အချိန်အိမ်ပြောင်းပြောင်း ကိုယ်ကမကောင်းဘူးဆိုရင် မကောင်းတာတွေကို တွေ့ကြုံလာရမှာ ဖြစ်ပြီး ကိုယ်ကကောင်းနေမယ်ဆိုရင် ဝါတွင်းမှမဟုတ်ပါဘူး ဘယ်အချိန်ပဲ ဖြစ်ဖြစ် ကောင်းနေကြမှာ ဖြစ်ပါတယ်။

ဆိုလိုတာက ဝါတွင်းကာလ၊ အိမ်မပြောင်းရ၊ အိမ်ထောင်မပြုရ စတဲ့အယူအဆတွေဟာ ဘုရားဟောအရ လုပ်ကြတာမဟုတ်ဘဲ၊ ရှေးရိုးစွဲအယူအဆတွေကြောင့်နဲ့ ခေတ်စားလာတဲ့ လောကဓာတ်ဆရာတွေရဲ့ အယူအဆတွေကြောင့် မလိုအပ်ဘဲ အယူသည်းလာကြတာ ဖြစ်ကြောင်း၊ ဘုရားဟောအနေနဲ့ကတော့ တကယ်လို့ နက္ခတ်၊ မင်္ဂလာတွေ ရွေးကြကြေးဆိုရင် ကောင်းတဲ့အကျင့်တွေ လုပ်နေခြင်းဟာ ကောင်းတဲ့နက္ခတ်၊ ကောင်းတဲ့မင်္ဂလာ စတာတွေ ဖြစ်နေကြမှာ ဖြစ်ပြီး မကောင်းတဲ့ အလုပ်တွေ လုပ်နေတဲ့အချိန်ဟာ မကောင်းတဲ့ အတိတ်နိမိတ်တွေ ဖြစ်နေကြမှာ ဖြစ်ကြောင်း မှတ်သားကြရမှာ ဖြစ်ပြီး ဒီလို ဘယ်အချိန်၊ ဘယ်ကာလစတာတွေ ရွေးကြဖို့ထက် ဘယ်လိုမကောင်းမှုကို ဘယ်လိုရှောင်ကြဉ်ကြည့်ကြမယ်၊ ဘယ်လိုကောင်းမှုမျိုးကို ဘယ်လိုရှာပြီး လုပ်ကြမယ် စသဖြင့် ရွေးချယ်ခြင်းကသာ ဗုဒ္ဓအလိုတော်ကျ ဖြစ်ကြောင်း ဆိုလိုချင်တာ ဖြစ်ပါတယ်။

ဒါကြောင့် ဝါတွင်းကာလ ဘာမလုပ်ရ၊ ညာမလုပ်ရ စတဲ့အယူအဆတွေဟာ အရိုးစွဲနေတဲ့ ရှေးအယူအဆများနဲ့ ဗေဒင်နက္ခတ် စတဲ့ လောကဓာတ်ဆရာတွေရဲ့ အယူအဆများသာ ဖြစ်ပြီး ဘုရားဟော အယူအဆ မဟုတ်တဲ့အပြင် ဘုရားဟောနဲ့လည်း မညီတဲ့အလုပ်များ ဖြစ်တဲ့အတွက် ဒီလိုအယူအဆတွေမှာ အာရုံမထားကြဘဲ တကယ်အလေးထားရမှာက မိမိတို့ရဲ့ လုပ်ရပ်များကိုသာ အလေးထားရမှာဖြစ်ကာ ကောင်းတဲ့အလုပ်၊ ကောင်းတဲ့အကျင့်များ လုပ်နေကြတဲ့ အချိန်တိုင်းဟာ ကောင်းတဲ့ ရက်ကောင်းရက်မြတ် အချိန်ကောင်းများပဲ ဖြစ်ပြီး မကောင်းတဲ့ အလုပ်များကို လုပ်နေတဲ့ အချိန်တွေဟာ မကောင်းတဲ့ နက္ခတ်၊ အမင်္ဂလာ အချိန်တွေသာ ဖြစ်တဲ့အတွက် ဝါတွင်းကာလ ဘာမလုပ်ရ၊ ညာမလုပ်ရ စတဲ့ အခြေအမြစ်မရှိတဲ့ အယူအဆတွေ လိုက်နေကြမယ့်အစား ကိုယ့်ကိုယ်ကိုသာ အကောင်းဆုံး ဖြစ်အောင် နေကြည့်ကြဖို့ပဲ ဖြစ်ပါကြောင်း အမေးကြည့်၍ အဖြေညှိပေးရင်း လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် အလွဲပြ၍ အမှန်မျှလိုက်ပါတယ်။

ရေးသားသူ –Htet Myat Aung

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။